နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်တင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တောင်သူလယ်သမားများဘဝဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ (၂၃-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကျင်းပ
MY EN

(င)- ဒေါက်တာနေလင်း(မှော်ဘီမဲဆန္ဒနယ်)-မေးခွန်း

2026-07-23
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဒေါက်တာနေလင်း(မှော်ဘီမဲဆန္ဒနယ်)
Rice Export Zone(REZ)စီမံကိန်းတွင်ပါဝင်သည့် မြို့နယ်များမှ တောင်သူလယ်သမားများ၏ အကျိုး စီးပွားရရှိစေမှုနှင့်အတူ ဌာနဆိုင်ရာနှင့်လုပ်ငန်းရှင်များ အကျိုးတူစီမံဆောင်ရွက်နေမှုအခြေအနေကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

Rice Export Zone နှင့်စပ်လျဉ်း၍ အဓိက ရည်ရွယ်ချက် ၃ ခုရှိပြီး (၁) နိုင်ငံ့စီးပွားတိုးတက် မြင့်မားရေးအတွက်၊ (၂) မြန်မာ့ဆန်စပါးမှ နိုင်ငံခြားငွေရရှိပြီး Rice Export Zone စီမံကိန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် (၃) တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြှင့်တင်လာစေရန် ဖြစ်ပါကြောင်း၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ Rice Export Zone နှင့်စပ်လျဉ်း၍ တောင်သူလယ်သမားများနှင့် သွားရောက်တွေ့ဆုံခဲ့ပါကြောင်း။

အဓိကမှာ မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် စပါးစိုက်ဧက ၁၇ သန်းလောက်ရှိပြီး ထုတ်လုပ်မှု တန်ချိန်ပေါင်းက ၂၉ သန်းလောက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးစားသုံးမှုနှင့် ဆန်တင်ပို့၊ ရောင်းချမှုနှင့် စပ်လျဉ်း၍  ပြည်တွင်းစားသုံးမှု ၂၄ မီလီယံလောက်ရှိပြီး ပြည်ပပို့သည့်ဆန်တန်ချိန် ၂.၄၈ မီလီယံ လောက်ရှိပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ် ပြည်ပကို ဆန်တင်ပို့၊ ရောင်းချခြင်းများ ဖြစ်ပါကြောင်း၊ ဆန်နှင့်ဆန်ကွဲပို့ချသည့်၊ ရောင်းချသည့် တန်ချိန်နှင့် ရရှိသည့် US ဒေါ်လာများ အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အလိုက်ရရှိသည့် ပြည်ပပို့သည့်ဆန်တန်ချိန် ၂.၅၇ မီလီယံလောက်ရှိပြီး ရရှိသည့် နိုင်ငံခြားငွေကို တင်ပြထားခြင်းဖြစ်ပါကြောင်း၊ မေးခွန်း၏အဓိသည် Rice Export Zone အောင်မြင်နိုင်ရန်အတွက် နိုင်ငံတော်မှ အထူးသဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးကူညီနေမှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၏အခန်းကဏ္ဍ၊ တောင်သူလယ်သမားများနှင့် လူမှုစီးပွားဘ ဝတိုးတက်မြင့်မားရေးအတွက် လုပ်ငန်းရှင်များ အကျိုးတူစီမံဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိတွင် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များ အောင်မြင်သည့်နည်းတူ လယ်ယာစိုက်ပျိုးရေး ပြည်ပပို့ ဆန်စပါးစိုက်ပျိုးရေးဇုန်(Rice Export Zone) များကို Face by Face၊ Year by Year တိုးချဲ့ဆောင်ရွက်နေသည့် စီမံကိန်းအခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က

ထိုစီမံကိန်း စတင်ဖြစ်ပေါ်လာသည့် အကြောင်းအရာမှာ လက်ရှိ ပြည်ပကို ဆန်စပါးများ တင်ပို့ရာတွင် ဈေးကွက်သည် ယခင်က ဆန်၏ပြင်ပသွင်ပြင်လက္ခဏာများဖြစ်သည့် ဆန်လုံးရှည်ကို ၂၅ မှတ်၊ ၅ မှတ်၊ ၁၀၀ ရာခိုင်နှုန်း ဆန်ချော စသဖြင့်ဝယ်ယူခဲ့ရာမှ လက်ရှိအခြေအနေတွင် ဆန်၏ အဆိုပါ အရည်အသွေးများအပြင် ဆန်စားသုံးမှု အရည်အသွေး၊ ဓာတုဓာတ်ကြွင်းပါရှိမှုတို့ကိုပါ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်များအဖြစ် ထည့်သွင်းသတ်မှတ်ဝယ်ယူလာမှုရှိပြီး အရည် အသွေးတူဆန်များကို စဉ်ဆက်မပြတ် တင်ပို့ရောင်းချရေး၊ နောက်ကြောင်းပြန်စစ်ဆေးရေး (Traceability) စနစ်များသို့လည်း ပြောင်းလဲလာသည်ကို တွေ့ရှိရခြင်းဖြစ်ပါကြောင်း၊ အစားအစာ ဘေးကင်းလုံခြုံမှုနှင့် ရေရှည်တည်တံ့မှုဆိုင်ရာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် အရည်အသွေး မြင့် ဆန်ထုတ်လုပ်ရန်၊ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်တင်ရန်၊ ဇစ်မြစ်ခြေရာခံမှု(Traceability) နှင့် အရည်အသွေးအာမခံချက်တာဝန်နှင့် တာဝန်ယူမှုရှိသည့် စိုက်ပျိုးရေးလုပ်ထုံးလုပ်နည်းများ သေချာစေရန်၊ တောင်သူများဝင်ငွေတိုးစေရန်နှင့် လူနေမှုဘဝမြှင့်တင်နိုင်စေရန် စသည့် ရည်ရွယ် ချက်များနှင့် အရည်အသွေးတူဆန်များ အရေအတွက်အမြောက်အများကို စဉ်ဆက်မပြတ် ဈေးကွက် သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ပြီး ဇုန်အလိုက်၊ တစ်ကွင်းတစ်ဆက်တည်းစိုက်ပျိုးထုတ်လုပ်သည့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone)စီမံကိန်းကို ဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်တို့မှ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။

Rice Export Zone များ အကောင်အထည်ဖော်ရန် မြို့နယ်နှင့် ကျေးရွာများရွေးချယ်ရာတွင် စံသတ်မှတ်ချက်များအဖြစ် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်ဒေသ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့်ဒေသ၊ ဇုန်အတွင်း သတ်မှတ်ထားသည့် စပါးမျိုးကိုသာ တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးနိုင်သည့်ဒေသ၊ GAP စနစ်အပါအဝင် နည်းပညာများကို အပြည့်အဝ လိုက်နာဆောင်ရွက်မည့် တောင်သူများရှိသည့်ဒေသ၊ ဆည်မြောင်းစနစ်၊ သိုလှောင်ရုံ၊ ဆန်စက် စသည့် အခြေခံအဆောက် အအုံများ ပြည့်စုံသည့် ဒေသ၊ ပုဂ္ဂလိက၊ ကုမ္ပဏီအသင်းအဖွဲ့များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက် နေသော တောင်သူများရှိသည့် ဒေသကို ဦးစားပေးရွေးချယ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အနေဖြင့် Exporter ကုမ္ပဏီများမှ ကျပ် ၂ သိန်းအား တောင်သူ များထံ ထုတ်ချေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျပ် ၂.၅ သိန်းအား Exporter ကုမ္ပဏီများ မှတစ်ဆင့် တောင်သူများထံ တိုက်ရိုက်ငွေသားထုတ်ချေးခြင်းတို့ဖြင့် တောင်သူများအား တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်မှုစရိတ် ကျပ် ၄.၅ သိန်းနှုန်း ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ အလားတူ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေအဖြစ် ကျပ် ၃ သိန်းဖြင့် စုစုပေါင်း တစ်ဧကကို ၇.၅ သိန်းနှုန်း ချေးငွေအဖြစ် ထုတ်ချေးပြီး အရင်းအနှီးရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကကို ကျပ် ၂.၅ သိန်းနှုန်း ထုတ်ချေးနိုင်ရန် ဝန်ကြီး ဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ ရန်ပုံငွေတင်ပြတောင်းခံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ရန်ပုံငွေလွှဲပြောင်းအပ်ပေးခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီများမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသို့ ရန်ပုံငွေတင်ပြတောင်းခံခြင်းနှင့် ဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း၊ Exporter Company များမှ တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် စာချုပ်ချုပ်ဆို၍ ရန်ပုံငွေတင်ပြ တောင်းခံခြင်းနှင့်တိုင်းဒေသကြီး၊ ပြည်နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီများမှ Exporter Company များထံသို့ ငွေထုတ်ချေးခြင်း၊ Exporter Company များမှ တောင်သူများနှင့် သဘောတူ စာချုပ်ချုပ် ဆို၍ ချေးငွေများပေးပြီး တောင်သူများမှ သီးနှံစိုက်ပျိုးထုတ်လုပ်၍ Exporter Company များထံ ပြန်လည်ရောင်းချခြင်း၊ Exporter Company များမှ ချေးငွေနှင့်ဝန်ဆောင်ခအနေဖြင့် နိုင်ငံ့စီးပွား ချေးငွေ၏ ၁ ရာခိုင်နှုန်းသတ်မှတ်ထားရှိပါကြောင်း၊ အဆိုပါချေးငွေနှင့် ဝန်ဆောင်မှုများကို တိုင်း ဒေသကြီး၊ ပြည်နယ်လုပ်ငန်းကြီးကြပ်မှု ကော်မတီထံသို့ ပြန်လည်ပေးဆပ်ခြင်း စသည့် ရန်ပုံငွေ စီးဆင်းမှုလုပ်ငန်းများနှင့် တင်ပြပါ Format အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ Rice Export Zone စီမံကိန်းကိုအထောက်အကူပြုစေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ အရင်းမပျောက် မတည်ရန်ပုံ ငွေ ၁.၂၅ ဘီလီယံကို သီးခြားမတည်ငွေအဖြစ် ထောက်ပံ့ပေးထားခြင်းရှိပါကြောင်း၊ အဆိုပါ မတည်ရန်ပုံငွေကို မျိုးစေ့ထုတ်လုပ်ငန်းများအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၂၆ ခုနှစ်၊ နွေစပါးရာသီမှစ၍ မျိုးသန့်မျိုးစေ့ထုတ်ဧက ၅၀၀၀ အတွက် တစ်ဧကကို ထုတ်လုပ်မှုစရိတ် ၂၅၀,၀၀၀ နှုန်းနှင့် မြန်မာနိုင်ငံမျိုးစေ့အသင်းမှတစ်ဆင့် ထုတ်ချေးပေးခဲ့ပြီး ထွက်ရှိလာသည့် ဖော်ပြပါ မျိုးသန့်မျိုးစေ့များကို မြန်မာနိုင်ငံမျိုးစေ့အသင်းမှတစ်ဆင့် Rice Export Zone ဆောင်ရွက်မည့် ကုမ္ပဏီများနှင့်ချိတ်ဆက်၍ တောင်သူများထံသို့ စပါးမျိုးစေ့ဖြန့်ဖြူးရောင်းချ       ပေးလျက်ရှိပါကြောင်း၊ Rice Export Zone အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAP စနစ် အပါအဝင် နည်းပညာပေးရေး၊ တောင်သူပညာပေးနည်းပညာပြန့်ပွားရေး၊ ဆက်စပ်ဝန်ကြီးဌာနများ ဖြစ်သည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ရန်ပုံငွေရရှိရေး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သွင်းအားစုများရရှိရေးနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ဆန်စက်များကြိတ်ခွဲထုတ်လုပ်ရေးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပတင်ပို့ရေးလုပ်ငန်းများကို ကြီးကြပ်စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ လုပ်ထုံးလုပ်နည်းများ၊ SOP များနှင့်အညီ ပေါင်းစပ် ကြီးကြပ်ဆောင်ရွက်ပေးခြင်းသာဖြစ်ပါကြောင်း၊ တောင်သူဦးကြီးများနှင့် ကျေးရွာ၊ မြို့နယ်များအပေါ် တစ်ဦးချင်းဂုဏ်ပြုချီးမြှင့်ခြင်း၊ လမ်း၊ တံတား၊ စာသင်ကျောင်း၊ ဆေးပေးခန်း၊ စာကြည့်တိုက် စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းရေးဆွဲထားသည့် ဆန်စပါးဥပဒေ(မူကြမ်း)တွင် ပြည်ပ တင်ပို့သည့် ဆန်ပမာဏအပေါ် သတ်မှတ်ရာခိုင်နှုန်းအချိုးအတိုင်းကောက်ခံမည့် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ(Cess Fund)တစ်ရပ်ထူထောင်ကာ လူမှုအသိုင်းအဝိုင်း အကျိုးစီးပွားတာဝန် ယူမှု (Corporate Social Responsibility-CSR)ကို ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထိုဥပဒေကြမ်း ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီတို့မှတစ်ဆင့် စိစစ်ပြဋ္ဌာန်းပြီးပါက ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေဖြစ်ပါကြောင်း ထည့်သွင်းတင်ပြအပ်ပါကြောင်း။

Rice Export Zone တွင် ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု စရိတ် တစ်ဧကကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေ ၃ သိန်းအပါအဝင် ၇.၅ သိန်းနှုန်း ချေးငွေရရှိပြီး ချေးငွေမှ စိုက်ပျိုးထွက်ရှိသည့် စပါးကို ပြန်လည်ပေးဆပ်ခြင်းဖြင့် မျိုးကောင်း မျိုးသန့် များ၊ ဓာတ်မြေဩဇာများ၊ သွင်းအားစုများကို ဈေးနှုန်းသက်သာစွာရရှိစေနိုင်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများရရှိစေနိုင်ခြင်း၊ သီးနှံပေါ်ချိန်တွင် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထားသည့် သီးနှံများကို ကာလပေါက်ဈေးထက် ဈေးပိုမိုဝယ်ယူပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တောင်သူ များ ဝင်ငွေတိုးစေမည်ဖြစ်ပါကြောင်း၊ Rice Export Zone အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များကို ကြိုတင်သိရှိနိုင်ရန်အတွက် ကနဦးစီမံကိန်း Pilot Project အဖြစ် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နွေစပါးသီးနှံအား နေပြည်တော်ကောင်စီနယ်မြေ၌ ၄,၈၀၀ ဧက၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၅,၆၄၅ ဧက စုစုပေါင်း ၁၀,၄၄၅ ဧကကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ Pilot Project ဆောင်ရွက်ရာတွင် စံပြုလုပ်ငန်းစဉ်များအရ Exporter ကုမ္ပဏီများမှ ချေးငွေ၏ Bank Guarantee ၁၀၀ ရာခိုင်နှုန်း သို့မဟုတ် မရွှေ့မပြောင်းနိုင် သည့် သို့မဟုတ် ရွှေ့ပြောင်းနိုင်သည့် အခြားအာမခံပစ္စည်း မြေ၊ အဆောက်အဦ၊ စက်ပစ္စည်း စသည်တို့နှင့်သက်ဆိုင်သည့် ပိုင်ဆိုင်မှုစာရွက်စာတမ်းမူရင်းများ တင်ပြရန်လိုအပ်ချက်နှင့် သတ်မှတ် အထောက်အထားများ ပြည့်စုံပါက Exporter ကုမ္ပဏီနှစ်ခု၏ Joint Account ကို ရန်ပုံငွေလွှဲပြောင်း ပေးခြင်း ကိစ္စရပ်များသည် တကယ်လက်တွေ့တွင် အခက်အခဲနှင့် အားနည်းချက်များကြုံတွေ့ရ ကြောင်း Pilot Project ၏ အခြေအနေအရ သိရှိရပါကြောင်း၊ ထို့ကြောင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ အာမခံခွင့်ပြုချက် သို့မဟုတ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ Corporate Guarantee အာမခံချက်ဖြင့်ဆောင်ရွက်ခြင်း၊ ချေးငွေအာမခံအထောက်အထားများ ပြည့်စုံမှန်ကန်ပါက Exporter ကုမ္ပဏီ၏ Account သို့ စာရင်းပြောင်းနည်းလမ်း (Transfer)ဖြင့် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း တို့ကို စံပြုလုပ်ငန်းစဉ်များတွင် ပြင်ဆင်ဖြည့်စွက်ထည့်သွင်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါးရာသီ၌ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှာ ရန်ပုံငွေကျပ် ၈၆.၀၅ ဘီလီယံဖြင့် ဧက  ၃.၄ သိန်းကျော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ကဏ္ဍတိုးမြှင့်ရေး၊ နိုင်ငံခြားဝင်ငွေပိုမိုရရှိစေရေး၊ ဈေးကွက်ထိုးဖောက်နိုင်ရေးနှင့် ပို့ကုန်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၆-၂၀၃၀)ကို အစိုးရဌာနများ၊  ပုဂ္ဂလိက အသင်းအဖွဲ့များနှင့် ပူးပေါင်းရေးဆွဲပြီး အထူးအလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပင်လယ်ရေကြောင်းနှင့် နယ်စပ်တို့မှ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် တန်ချိန် ၂.၀၀၆ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၇၀.၂၈၅ သန်း တင်ပို့နိုင်ခဲ့ပါကြောင်း၊ ၂၀၂၆-၂၀၂၇ လက်ရှိဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၁.၈ သန်း၊ ဆန်ကွဲတန်ချိန် ၁.၂ သန်း စုစုပေါင်း ဆန်နှင့် ဆန်ကွဲတန်ချိန် ၃ သန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၇၉ သန်း တင်ပို့နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်အထိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၀.၆၀၄ သန်း၊ အမေရိကန်ဒေါ်လာ ၁၉၅.၆၇ သန်း တင်ပို့ထားရှိပြီးဖြစ်ပါကြောင်း၊ ထိုအတွက် လျာထားချက် အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိများ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။