ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)
ကျိုင်းတောင်းမြို့ရှိ နောင်တုန်ဟုန်းကန်ကြီးအား တူးဖော်ရှင်းလင်း အဆင့်မြှင့်တင်ခြင်းကို မည်သည့် အချိန်မှစ၍ မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့်စလျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွားရေးအတွက် အလွန်အရေးပါသည့် နောင်တုန်ဟုန်းကန်ကြီး ပြန်လည် တူးဖော် အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီးမေးမြန်းသွားမည်ဖြစ်ပါတယ်ကြောင်း၊ အဆိုပါ ကျိုင်းတောင်းမြို့၊ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၅ အတွင်း တည်ရှိပြီး အကျယ်အဝန်း ၈ ဧက ကျော် ရှိသည့် သမိုင်းဝင်နောင်တုန်ဟုန်းကန်ရှိရာ ဒေသအတွင်း ရေအရင်းအမြစ်ရရှိရေး ရေဝင် ရေလွှဲ ထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတို့အတွက်အလွန်အရေးပါသည့် ကန်ကြီး တစ်ကန်ဖြစ်ပါကြောင်း၊
သို့ပါသော်လည်းလက်ရှိအချိန်တွင် အဆိုပါကန်ကြီးသည် ရေကန်ခမ်းခြောက်လာမှု၊ကန် အတွင်း အမှိုက်သရိုက်များနှင့် မြက်ရှည်ပင်များပိတ်ဆို့ ပြည့်နှက်နေမှုတို့ကြောင့် ရေထိန်းသိမ်းမှု စွမ်းအား လျော့နည်း ကျဆင်းလျက်ရှိနေပါကြောင်း၊ ယခုလိုဆိုးကျိုးများကြောင့် ကန်နှင့် ပတ်ဝန်းကျင် ရှိပြည်သူများသုံးစွဲနေသည့် အိမ်တွင်းရေတွင်းများပါ လိုက်ပါခမ်းခြောက်လာခြင်း၊ ဒေသခံ တောင်သူလယ်သမားများ၏လယ်ယာစိုက်ပျိုးမြေများ အတွက်စိုက်ပျိုးရေ မလုံလောက် ခြင်း စသည့် လူမှုစီးပွားဘဝအခက်အခဲများကိုဒေသခံပြည်သူများအပြင်းအထန်ရင်ဆိုင်ကြုံ တွေ့ နေရပါကြောင်း၊
အဆိုပါအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက် လွန်ခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ အတွင်း တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီး ဌာန နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကွင်းဆင်းလေ့လာခဲ့ကြသလို တပ်မတော် သား နှင့် လေ့ကျင့်ရေးကျောင်းမှ သင်တန်းသား ၁၇၀ ဦး၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး Backhoe ယာဉ်တစ်စီးနှင့် ကန်ရှင်းလင်းရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ စတင် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ သို့ပါသော်လည်း အဆိုပါ ကန်ကြီးသည်၈ဧကကျော်အထိကြီးမား ကျယ်ဝန်းလှသည့် အတွက်ကြောင့် လက်ရှိအသုံးပြုနေရသည့် စက်ယန္တရားများသည် ရိုးရိုး Backhoe များသာဖြစ်ပြီး ရေထဲအထိဆင်း၍မတူးဖော်နိုင်ဘဲ ကန်ပေါင်ပေါ်မှသာ လက်လှမ်း မှီသမျှဆွဲတင်နေရသည့်အတွက်လုပ်ငန်းထိရောက်မှုအားနည်းနေပါကြောင်း။
ဒေသခံပြည်သူများ ကိုယ်ထူ ကိုယ်ထလုပ်အားများနှင့် ကန်တစ်ခုလုံးပြီးပြတ်အောင် တူးဖော်ရှင်းလင်းရန် အကန့်အသတ်များစွာ ရှိနေပါကြောင်း၊
ဌာနဆိုင်ရာများ မှ ကွင်းဆင်းပြီး ကန်အခြေအနေကို လိုက်ကြည့်ခဲ့ပြီး ၊ Backhoe နှင့် တူးနေခြင်းများ၊တပ်မတော်သားသင်တန်းသား ၁၇၀ ဦးနှင့် ပြည်သူလူထုများ ပူးပေါင်း၍ အဆိုပါ ကန်ကိုကိုယ်ထူကိုယ်ထ လုပ်ဆောင်နေသည့် အခြေအနေကိုတင်ပြထားခြင်းဖြစ်ပါကြောင်း၊့ဒေသခံအလှူရှင်များထံမှ ကောက်ခံထားသည့် ငွေရှင်းတမ်းနှင့် ကိုယ်ထူကိုယ်ထဖြင့် လုပ်ခဲ့ သည်မှာ ၁၆၄ သိန်း ၃ သောင်း ရရှိ၍ ကုန်ကျစရိတ်များ ပြန်ရှင်းလင်းထားတာ ဖြစ်ပါကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနမှ ရန်ပုံငွေ ချထား ပေး၍ စနစ်တကျပြန်လည်တူးဖော် အဆင့်မြှင့် တင်ပေးနိုင်မည်ဆိုလျှင် ရေတွင်းများနှင့် လယ်ယာမြေများရေလုံလောက်စွာ ပြန်လည်ရရှိမည့် အပြင် ကျိုင်းတောင်းမြို့၏ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သည့် မြို့ဂုဏ်ဆောင် အပန်းဖြေလည်ပတ် စရာ နေရာ Land Mark တစ်ခုဖြစ်လာမည် ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးနှင့်လူနေမှု ဘဝ အဆင့် အတန်းများကို များစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိအနေဖြင့်ဥက္ကဋ္ဌ ကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်း လိုပါကြောင်း၊
(က) အဆိုပါ ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အရေးပါသော နောင်တုန် ဟုန်းကန်ကြီးအား ဒေသအတွင်း စိုက်ပျိုးရေ၊သုံးစွဲရေပြတ်လပ်မှုဘေးမှ ကယ်တင် နိုင်ရန်နှင့်မြို့ဂုဏ်ဆောင်နေရာတစ်ခုအဖြစ်ပြောင်းလဲနိုင်ရေးအတွက်ပြည်ထောင်စု ဘတ်ဂျက် သို့မဟုတ် ပြည်နယ်အစိုးရရန်ပုံငွေဘတ်ဂျက်ဖြင့် ခွဲဝေချထား၍ စနစ် တကျပြန်လည်တူးဖော်ရှင်းလင်းအဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိမရှိ သိရှိ လိုပါ ကြောင်း၊
(ခ) အကယ်၍ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမည်ဆိုလျှင် မည်သည့်အချိန်၊မည်သည့် ကာလ၊မည်သည့်ဘတ်ဂျက်တွင်ဆောင်ရွက်ပေးနိုင်မည်ဆိုသည်ကိုသိရှိလိုပါကြောင်း၊
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဖြေကြား သွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ နောင်တုန်ဟုန်းကန် (အောင်မင်္ဂလာ) ကန်သည် ၈ ဧကကျော် ကျယ်ဝန်းပြီး ကျိုင်းတောင်းမြို့ ရပ်ကွက် ၃ နှင့် ရပ်ကွက် ၅ အတွင်း တည်ရှိသောကန်တစ်ကန်ဖြစ်ပါကြောင်း၊ ပျှမ်းမျှ မိုးရေချိန် ၅၃ လက်မခန့် ရွာသွန်းသော ကျိုင်း တောင်းမြို့တွင် ရေအရင်းအမြစ်ရရှိသုံးစွဲနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေး တို့အတွက် အရေးပါသော သမိုင်းဝင်ကန်တစ်ကန်ဖြစ်ပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စီမံခန့်ခွဲနေသော ကန်တစ်ခု ဖြစ်ပါကြောင်း၊
ကွင်းဆင်းစိစစ်ချက်အရ အဆိုပါရေကန်သည် နှစ်ကာလသက်တမ်းကြာမြင့်ပြီ ဖြစ်သဖြင့် သဲနုန်းများပို့ချတိမ်ကောကာကိုင်းပင်များပေါက်ရောက်နေမှုကြောင့်ရေသိုလှောင်နိုင်မှုလျော့နည်းကျဆင်းလျက်ရှိပါကြောင်း၊ကန်၏ရေသိုလှောင်နိုင်မှုကျဆင်းလာခြင်းကြောင့်ကန်၏ပတ်ဝန်းကျင်ဒေသနေပြည်သူများ သောက်သုံးရေရယူနေသော ရေတွင်းများခမ်းခြောက်ခြင်း၊ ကန်၏အနောက် ဘက်ရှိ စိုက်ပျိုးမြေ ဧက ၃၀ခန့်မှာ မိုးစပါးစိုက်ပျိုးရေ လုံလောက်စွာမရရှိခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဒေသတွင်း စိုက်ပျိုးရေ၊ သောက်သုံးရေ ခက်ခဲမှုမရှိစေရေးနှင့် မြို့သာယာလှပရေး အတွက် နောင်တုန်ဟုန်းကန်အတွင်း ရေပိုမိုသိုလှောင်နိုင်ရန် ကန်အတွင်းရှိ သဲနုန်းထု ၃ ပေခန့် တူးဖော်ခြင်း၊ ကန်ပေါင်မြှင့်ပြုပြင်ရန် လိုအပ်သောအပိုင်းများကို မြေဖို့ပြုပြင်ခြင်း၊ မိုးသည်း ထန်စွာ ရွာသွန်းပြီးကန်ရေပြင်မြင့်တက်လာချိန်တွင်ကန်ပေါင်ကျိုးပေါက်မှု မဖြစ်ပေါ်စေရန် အတွက် ပိုလျှံရေထုတ်နုတ်ပေးနိုင်ရန် ရေထုတ်ပေါက် Box Culvert တစ်ခုတည်ဆောက်ခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကန်ပြုပြင်တူးဖော်ခြင်း လုပ်ငန်း ကိုစနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊မြို့နယ် စည်ပင်သာယာရေး အဖွဲ့များတာဝန်ရှိသူများနှင့် ပူးပေါင်းညှိနှိုင်း၍မူလကန်ပေါင် နယ်နိမိတ် ဧရိယာ ပြန်လည်တိုင်းတာ သတ်မှတ်ခြင်းလုပ်ငန်းများကို ဦးစွာကြိုတင်ဆောင်ရွက်ရန် လိုအပ် မည် ဖြစ်ပါကြောင်း၊
အဆိုပါလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့်နောင်တုန်ဟုန်းကန်အတွင်းလက်ရှိ သိုလှောင် နိုင်သည့် ပမာဏ ၁၆ ဧက ပေခန့်ရှိရာမှ သိုလှောင်ရေ ပမာဏ ၄၈ ဧကပေ၊ ဂါလန် ၁၃၀ သိန်း ခန့် ထိ တိုးမြှင့်သိုလှောင်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ ရာသီဥတု အခြေအနေများ အရလည်း ကောင်း၊ မိုးရေကို အဓိကခံယူသိုလှောင်ရသော ကန်ဖြစ်သောကြောင့်လည်းကောင်း၊ မိုးရွာသွန်းမှု ကောင်းမွန်သောအခြေအနေအပေါ်မူတည်၍ကန်အတွင်းသိုလှောင်ရေပမာဏပြည့်မီစွာသိုလှောင်နိုင်မည့် အခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ကန်အတွင်း ရေသိုလှောင် နိုင်မှုပမာဏအပေါ် မူတည်၍ မိုးစပါးစိုက်ပျိုးရေ ဖြည့်စွက်ပေးဝေခြင်းနှင့်ဒေသနေ ပြည်သူများ သောက်သုံးရေပေး ဝေခြင်း၊ မြို့သာယာလှပရေးအတွက် ပတ်သက်ဆက်စပ်သည့် ဌာနများအချင်းချင်းပေါင်းစပ် ညှိနှိုင်းပြီး သိုလှောင်ရေကို ထိန်းညှိစီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နောင်တုန်ဟုန်းကန် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေ ခွဲဝေရရှိမှု အပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။