ဦးစိုင်းကျော်လှ(ကွန်ဟိန်းမဲဆန္ဒနယ်)
ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ နမ့်လန်-ခမ်းယုံး-မွေတော်ဟိုလင်းဘုရားလမ်းကြီးအား ကွန်ကရစ်လမ်း အဖြစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
အထက်အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော်ကျေးရွာအုပ်စုအတွင်းရှိ နမ့်လန်ကျေးရွာမှတစ်ဆင့် ခမ်းယုံးကျေးရွာ၊ ၎င်းမှတစ်ဆင့် ရှမ်းပြည်နယ်၏အထင်ကရ ဘုရားဖူးခရီးသွားများသွားရောက်ဖူးမြော်ရာ သမိုင်းဝင်မွေတော်ဟိုလင်း (မျောက်မင်း)ဘုရားကြီးသို့ သွားရောက်ရာလမ်းတွင် ဒေသခံပြည်သူများနှင့် နယ်မြေခံအသွင်ပြောင်း ပြည်သူ့စစ်တပ်မာခွန် SSA အဖွဲ့မှ ဖောက်လုပ်ထားသော ၁၆ မိုင်ခန့်ရှိသော မြေသားလမ်းသာရှိနေ ပါကြောင်း။
ခမ်းယုံးကျေးရွာနှင့်အတူ လမ်းကြောင်းတစ်လျှောက်၌ ပန်ခါးကျေးရွာ၊ နားခံကျေးရွာ၊ နားဖိုင် ကျေးရွာ၊ နားလေကျေးရွာ၊ တာလုံကျေးရွာများတွင် ဒေသခံပြည်သူများ၏ အိမ်ခြေ ၂၂၀ အိမ်၊ အိမ်ထောင်စု ၂၁၁ စု၊ လူဦးရေ ၁,၁၇၁ ဦးတို့ မှီတင်းနေထိုင်လျက်ရှိပြီး ပတ်ဝန်းကျင်တွင်လည်း ကျေးရွာငယ်များပြန့်ကျဲလျက်ရှိနေပါကြောင်း၊ ၎င်းလမ်းသည် မြေသားလမ်းအဆင့်သာ ဖောက်လုပ် ထားခြင်း၊ တောင်ကုန်းတောင်တန်းများပေါ်တွင် ဖောက်လုပ်ထားသောကြောင့် လမ်းသည် မတ် စောက် ပြီး ရေစီးကြောင်းများဖြစ်ပေါ်၍ ပျက်စီးနေခြင်း၊ အကွေ့အကောက်များပြီး လမ်းကျဉ်းမြောင်း နေ၍ မကြာခဏ အန္တရာယ်များဖြစ်ပေါ်နေခြင်းများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
အထက်တင်ပြပါလမ်းမကြီးအား ရာသီမရွေးသွားလာနိုင်မည့် ကွန်ကရစ်လမ်းမကြီးအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ဒေသခံပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးများ ဘက်စုံဖွံ့ဖြိုးတက်လာမည့်အပြင် သမိုင်းဝင်မွေတော် ဟိုလင်း(မျောက်မင်း)ဘုရားကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွားလုပ်ငန်းများ၊ သံလွင်မြစ်ကြောင်းတစ်လျှောက် လှည့်လည် လေ့လာခြင်းများရှိသည့်အတွက် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ တင်ပြပါလမ်းမကြီးအား ရာသီမရွေး သွားလာနိုင်မည့် ကွန်ကရစ် လမ်းမကြီး အဖြစ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးအရအဖွဲ့မှ မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က
ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ တာကော်ကျေးရွာအုပ်စုရှိ နမ့်လန်-ခမ်းယုံး-ဟိုလင်းမွေတော် ဘုရားလမ်းသည် ၁၅ မိုင်၊ ၅ ဖာလုံရှိပြီး ကာလိပြည်သူ့စစ်အဖွဲ့နှင့် ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့သည့် ကျေးရွာချင်းဆက်မြေသားလမ်းဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင် စုရန်ပုံငွေမှ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့် ကာလိ-ပန်လုံ-နမ့်လန်-နောင်ခမ်း-ဝမ်အင် ၁၇ မိုင် ကျေးရွာ ချင်းဆက်လမ်းနှင့် ချိတ်ဆက်၍ ကာလိမြို့သို့ ဆက်သွယ်သွား လာနိုင်ကြောင်း၊ အဆိုပါလမ်းအား ရာသီမရွေးသွားလာနိုင်မည့် ကွန်ကရစ်လမ်း အဖြစ် ဆောင်ရွက် ပေးနိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဌာနမှ စိစစ်ခဲ့ရာ နမ့်လန်-ခမ်းယုံး-၇ မိုင်၊ ၇ ဖာလုံလမ်းပိုင်းသည် လမ်းအကျယ် ၃၀ ပေရှိပြီး ခမ်းယုံး-ဟိုလင်း(မွေတော်ဘုရား)ထိ ၇ မိုင်၊ ၆ ဖာလုံတွင် လမ်းအကျယ် ၁၅ ပေသာရှိ၍ လက်ရှိ မော်တော် ဆိုင်ကယ်နှင့် မော်တော်ယာဉ်ငယ်များသာ သွားလာ အသုံးပြု လျက်ရှိပါကြောင်း၊ တောင်ပေါ်ဒေသဖြစ် သည့်အတွက် အတက်အဆင်းများပြားခြင်း၊ လမ်းဘေး ရေနုတ်မြောင်းများ မရှိခြင်းတို့ကြောင့် မိုးတွင်း ကာလ တောင်ကျရေ တိုက်စား၍ လမ်းသား ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ ဆက်သွယ်သွားလာအသုံးပြုရန် ခက်ခဲလျက်ရှိ သည်ကို စိစစ်တွေ့ရှိရပါကြောင်း။
ထို့အပြင် ယခင်က နယ်မြေလုံခြုံရေးကန့်သတ်ချက်များရှိသည့်အတွက် လမ်းအဆင့်မြှင့်တင် ခြင်းကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့သော်လည်း လက်ရှိ ဒေသခံပြည်သူများ လမ်းအသုံးပြုမှု များပြား လာခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမှ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် မေးမြန်းချက်အပေါ် ကွန်ကရစ်လမ်းအစား ကတ္တရာလမ်းအဖြစ် ဆောင်ရွက်၍ရနိုင်ကြောင်း စိစစ် တွေ့ရှိရပြီး ကျေးရွာ ၉ ရွာ၊ အိမ်ခြေ ၂၂၀ အိမ်၊ လူဦးရေ ၁,၁၇၁ ဦးတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နမ့်လန်-ခမ်းယုံး-ဟိုလင်း(မွေတော်ဘုရား)လမ်း ၁၅ မိုင်၊ ၅ ဖာလုံအား ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရရန်ပုံငွေတို့မှ ဘဏ္ဍာငွေခွဲဝေ ရရှိမှုအပေါ် မူတည်၍ အပိုင်းလိုက် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေ ကြား ခဲ့ပါသည်။