စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)
လင်းခေးခရိုင်၊ ဟိုမိန်းမြို့၊ နားမွန်းလုံနယ်စပ်ဂိတ်ကို တရားဝင်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နားမွန်းလုံဂိတ်သည် လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့နယ်ခွဲမှာတည်ရှိပြီး လင်းခေးနှင့် ၁၂၉ ကီလိုမီတာ အကွာအဝေးတွင် ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုမိန်းမြို့သည် ၁၉၉၆ ခုနှစ်မှ စပြီး ဦးခွန်ဆာ ဦးဆောင်သည့် MDA အဖွဲ့နှင့် လက်နက်နှင့်ငြိမ်းချမ်းရေးကို လဲလှယ် ထားသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်ပါကြောင်း၊ ယခု နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းရသင့်သလောက် မတိုးတက်ဘဲ နှောင့်နှေးနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ ဟိုမိန်းမြို့မှ နယ်စပ် PPH ဂိတ်အထိဆိုပါက ၁၄ မိုင်သာ အကွာအဝေးရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ယနေ့ထက်ထိ နယ်စပ်ဂိတ်တရားဝင် ဖွင့်လှစ်ပေးလျှင် တရားဝင် အခွန်အခများ အမြောက်အမြား ရရှိမည်ဖြစ်ပါကြောင်း၊ ယခုမိမိတို့ဘက်မှာ တရားဝင်အခွန်အခ ကြပ်မတ်ကောက်ခံ ရရှိခြင်းမရှိသေးသည်မှာ အဘယ်ကြောင့်ဆိုသည်ကို မေးခွန်းထုတ်စရာရှိပါ ကြောင်း၊ တရားဝင်လမ်းကြောင်း မရှိသည့်အတွက် ကုန်သည်များသည် စနစ်တကျ အခွန်မဆောင် ကြဘဲ ကိုယ့်နည်းကိုယ့်ဟန် ဖြင့်သာ ပေးဆောင်ကြပြီး ခေတ်အဆက်ဆက်မှ ကုန်သွယ်မှု ပြုလာသည်မှာ ယခုထက်ထိဆိုလျှင် နှစ်ပေါင်း ၃၀ ကျော်ရှိနေပြီဖြစ်သည့်အတွက် နိုင်ငံတော်မှ ရသင့် ရထိုက်သည့် ဘဏ္ဍာငွေများ ဘီလီယံနှင့်ချီပြီး နှစ်စဉ်နှစ်တိုင်းဆုံးရှုံး နေရပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ကုန်ပစ္စည်းများကို ဈေးနှုန်း ကြီးမားစွာ ဝယ်ယူနေရပါကြောင်း၊ ထို့ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်မှာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေသည့် နားမွန်းလုံဂိတ်ကို တရားဝင်နယ်စပ်ကုန်သွယ်ရေးအဖြစ် သတ်မှတ်ပေးရန် မိမိတင်ပြချင်ပါကြောင်း။
သို့ဖြစ်ပါ၍ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနအား မေးမြန်းလိုသည်မှာ ဟိုမိန်းမြို့၊ နားမွန်းလုံဂိတ်ကို တရားဝင် ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်နှစ်တွင် စတင်ဖွင့်လှစ်ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်းဖြင့် မေးမြန်းပါသ့ည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း က
နယ်စပ်ဂိတ်များဖွင့်လှစ်ခြင်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ တို့၏ ဖြေကြားချက်များနှင့်ပေါင်းစပ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မှ ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့သည် မြောက်ဘက်တွင် သံလွင်မြစ် နှင့် အရှေ့ဘက်တွင် မိုင်းတုံခရိုင်၊ တောင်ဘက်၌ ထိုင်းနိုင်ငံနှင့် အနောက်ဘက်တွင် ကယား ပြည်နယ် နှင့် မောက်မယ်မြို့နယ်တို့နှင့် နယ်နိမိတ်ခြင်း ထိစပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများအကြား နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေးအတွက် နယ်စပ်ဂိတ်ဖွင့်လှစ်မည့် နေရာသည် နယ်နိမိတ်တိုင်းတာရေးကိစ္စများ ရှင်းလင်းအတည် ပြုပြီး လူဝင်/လူထွက်ဂိတ် သတ်မှတ်ဖွင့်လှစ်နိုင်ရေးကို နှစ်နိုင်ငံသဘောတူညီမှုရရှိပြီးဖြစ်ရန် အဓိက လိုအပ်မည် ဖြစ်ပါကြောင်း၊ ၎င်းအချက်များ ပြည့်စုံပါက နယ်စပ်ဂိတ်ဖွင့်လှစ်ရန်အတွက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များရယူပြီး ပြည်ထောင်စု အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် ခွင့်ပြုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တရားဝင်နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်နိုင်ရေးနှင့်စပ်လျဉ်းပြီး ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြားမှာ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် ရှိခဲ့ပါကြောင်း၊ ၎င်းစာချုပ်အရဆိုပါက တာချီလိတ်-မဲဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်းတို့သည် နယ်စပ်ဂိတ်များအနေဖြင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆိုပါဂိတ်များကို အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် နှစ်နိုင်ငံ သဘောတူညီချက်နှင့်ထုတ်ပြန်ကြေညာရမည့် အခြားနေရာ များဟု ဖော်ပြသည့်အတွက်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့၊ ဟိုမိန်းဒေသမှာရှိသည့် နားမွန်းလုံဂိတ်ကို တရားဝင်နယ်စပ်ဂိတ်အဖြစ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် ပထမဦးစွာဆောင်ရွက်ရမည်မှ တစ်ဖက် ထိုင်းနိုင်ငံနှင့် သဘောတူညီမှုရရှိနိုင်ရေးကို ညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး နယ်နိမိတ်တိုင်းတာရေးကိစ္စရပ်များ ရှင်းလင်းပြီး ပြတ်အောင် ဦးစားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ။
နားမွန်းလုံနယ်စပ်ဂိတ် ဖွင့်လှစ်ပြီးပါက နယ်စပ်တွင်အဓိကတာဝန်ယူဆောင်ရွက်ရသည့် အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အပင်ပိုးမွှားကာကွယ်ရေးနှင့်ပတ်သက်သည့် Quarantine CIQ လုပ်ငန်း များကို ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုလိုဆောင်ရွက်ရန် Border Control Facilities - BCF တွေ တည်ဆောက်ရေးနှင့် အခြားအခြေခံအဆောက်အဦများ လိုအပ်ပါကြောင်း၊ နားမွန်လုံကျေးရွာနှင့် ဟိုမိန်းမြို့ကို ဆက်သွယ်ထားသည့်လမ်းပိုင်းများသည် ကတ္တရာလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင်ရန်လည်း လိုအပ်ပါကြောင်း၊ ဟိုမိန်း-တာဆွတ်တိန်း လမ်းပိုင်းသည် ဖြတ်သန်း သွားလာမှုလွယ်ကူစေရေး ပြုပြင်ဆောင်ရွက်မှုရှိရန်အတွက် လိုအပ်နေပါ ကြောင်း၊ ဟိုမိန်းမြို့၊ နားမွန်းလုံနယ်စပ်ဂိတ်သွားရောက်မည့်လမ်းကြောင်းပေါ်တွင် လွှတ်တော် ကိုယ်စားလှယ်ကြီး တင်ပြခဲ့သည့် လမ်းပိုင်းသည် အရှည် ၅၆၀ မီတာရှိသည့် သံလွင်မြစ်ကူး တံတား (တာဆွတ်တိန်း)မှ တည်ဆောက်ဆဲဖြစ်ပြီး ၃၀ ရာခိုင်နှုန်းပြီးစီးပြီလို့ သိရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းနေရာတွင် အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ။ နှစ်နိုင်ငံနယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်ပြီးပါက ဆက်လက်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်လာပါက နယ်စပ် ကုန်သွယ်ရေးစခန်းများကို တည်ဆောက်သွားမည် ဖြစ်ပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံအချက် ၇ ချက်ဖြစ်သည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ ဒေသတွင်းလုံခြုံအေးချမ်းမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့ကောင်းမွန်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှု လုပ်ငန်းစဉ်နှင့် ဘဏ်လုပ်ငန်းအစီအစဉ်များအကြား ညှိနှိုင်းသဘောတူညီမှုနှင့် ယင်းအခြေခံ အဆောက်အဦများ ထူထောင်ပေးနိုင်မှုရှိခြင်း၊ ဒေသတွင်းစားသုံးဖူလုံမှုရှိသည့်အပြင် ပိုလျှံပြီး ပြည်တွင်း ပြည်ပဈေးကွက်များကို ရောင်းချနိုင်သည့် ကုန်စည်များနှင့် ဈေးကွက်ဖွံ့ဖြိုးမှုရှိခြင်း၊ တခြား တိုင်းဒေသကြီး၊ ပြည်နယ်များကိုလည်းချိတ်ဆက်ပြီး ကုန်စည်များကို တရားဝင်နည်းလမ်း နှင့် ကူးသန်းရောင်းဝယ်ပြီး တိုက်ရိုက် သို့မဟုတ် တစ်ဆင့်ခံ ကုန်သွယ်ရောင်းဝယ်မှုပြုနိုင်သည့် အခြေအနေရှိခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်မည့် နယ်စပ်ဒေသသည် နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာရေးကိစ္စ ရှင်းလင်းအတည်ပြုပြီးဖြစ်ရန် လိုအပ်ခြင်းတို့ဖြစ်ပါကြောင်း ။
ဟိုမိန်းမြို့နယ်သည် တောင်ယာလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား ဆောင်ရွက် ပြီး တည်နေရာမြေမျက်နှာသွင်ပြင်အနေအထားအရ စပါး၊ မြေပဲ၊ ကြက်သွန်ဖြူနှင့် နှမ်းတို့သည့် ၎င်းမြို့၏ အဓိကထွက်ကုန်များဖြစ်ပြီး တချို့ထွက်ကုန်ကို ဒေသတွင်းရောင်းဝယ်ပြီး တချို့ကို နမ့်စန်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ကို တင်ပို့ရောင်းချသည်ဟု သိရှိရပါကြောင်း၊ လက်ရှိ အချိန်တွင် နားမွန်းလုံနယ်စပ်ဂိတ်ဖွင့်လှစ်မည်ဆိုပါက ကုန်စည်ရောင်းဝယ်ရေးမှာ သယ်ယူပို့ဆောင်မှု အခက် အခဲကြောင့် အကျိုးဖြစ်ထွန်းမှုနည်းပါးနိုင်ပါကြောင်း၊ တစ်ဖက်နိုင်ငံနှင့် ညှိနှိုင်းပြီး တရားဝင် ကုန်သွယ်ရေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကျန်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတင်ပြခဲ့သည့် အခြေအနေများ ဆောင်ရွက်ပြီး သင့်လျော်သည့်ကာလတွင် စီစဉ်ဆောင်ရွက်သင့် ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ဖြေကြားထားပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုမိန်းမြို့၊ နားမွန်းလုံ နယ်စပ်ဂိတ်၏ လက်ရှိအခြေအနေအရ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရှိခြင်း၊ ဒေသတွင်းလုံခြုံမှုရှိခြင်း အချက်အလက်များကိုက်ညီမှုရှိပါသော်လည်း အဓိကကျသည့် နှစ်နိုင်ငံနယ်နိမိတ် စနစ်တကျ တိုင်းတာသတ်မှတ်ရန် ကျန်ရှိသည့် နေရာဖြစ်သည့်အတွက်ကြောင့် နောင်တစ်ချိန်တွင် နယ်စပ် ပြန်လည် တိုင်းတာရာတွင် ရည်ညွှန်းကိုးကားရမည့် ပထဝီမြေအနေအထားများ ပျက်ယွင်းမှု မရှိစေရေးနှင့် နယ်စပ်ဂိတ်ဖွင့်လှစ်ခြင်း မပြုမီ နှစ်နိုင်ငံမြေတိုင်း ကျွမ်းကျင်ပညာရှင်များက မြေပြင်အခြေအနေကို ပူးတွဲ ကွင်းဆင်းစစ်ဆေးခြင်း၊ ပထဝီအနေအထားများ မှတ်တမ်းတင်ခြင်း၊ ယာယီနယ်နိမိတ် ကြောင်းသတ်မှတ်ခြင်းစသည့်လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ခြင်း မပြုဘဲနဲ့ နယ်စပ်ဂိတ် ဖွင့်လှစ်မည်ဆိုပါက မိမိနိုင်ငံအတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက်ကြောင့် နယ်နိမိတ် တိုင်းတာရေးကိစ္စရပ်များ ပြီးပြတ်မှသာ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားခဲ့ပါသည်။
စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်(လင်းခေးမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
ဝန်ကြီးဖြေကြားသွားသည်မှာ အားလုံး ပြီးပြည့်စုံပါကြောင်း၊ မိမိအနေဖြင့် တစ်ခု ထပ်ပြီးဖြည့်စွက်မေးမြန်းလိုသည်မှာ အခုနကဖြေကြားသွားသည့် နယ်စပ်တိုင်းတာရေးကိစ္စ၊ ၎င်းနယ်စပ်တိုင်းတာရေးကိစ္စပြီးသွားမှ ၎င်းဂိတ်ကိုဖွင့်မည်ဆိုပါက မည်သည့်နေ့ မည်သည့် အချိန်တွင် နယ်စပ်တိုင်းတာရေးကိစ္စစတင်ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမင်းမင်း က
မြန်မာ- ထိုင်း နယ်စပ်မျဉ်းများ တိုင်းတာရန်အတွက် ခေတ်မီနည်းပညာတိုင်းတာရေးစနစ်ဖြင့် တိုင်းတာ သတ်မှတ်ရန်အတွက် မြန်မာ-ထိုင်းပူးတွဲနယ်နမိတ်ကော်မတီ(Joint Boundary Committee-JBC)ကို ဖွဲ့စည်းပြီး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာနများစွာနှင့် လုံခြုံရေး၊ ကာကွယ်ရေးစသည်ဖြင့် အဖွဲ့အစည်းများ ပါဝင်သည့်အတွက်ကြောင့် မိမိ အနေဖြင့် လတ်တလောတွင်ဖြေကြားရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များ နှင့် အတူ ပြန်လည်တင်ပြပေးနိုင်ပါကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။