ဦးဝင်းမြင့်(တွံတေးမဲဆန္ဒနယ်)
တွံတေးမြို့နယ်၊ ဘုရင့်နောင်နှင့် မြသီတာရပ်ကွက်တို့အား မြေငှားဂရန်ရရှိရေး ကွင်းဆင်း ဆောင်ရွက်ပေးခြင်းရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တွံတေးမြို့နယ်ကို တွံတေးတူးမြောင်းမှ အရှေ့အနောက်ပိုင်းဖြတ်ထားပြီး အရှေ့ဘက်တွင် ဒလမြို့နယ်၊ တောင်ဘက်တွင် ကော့မှူးမြို့နယ်၊ မြောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ မြို့နယ်နှင့် အနောက်ဘက်တွင် မအူပင်မြို့နယ်တို့ တည်ရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက် တည်ရှိပြီး ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာပေါင်း ၂၃၅ ရွာ၊ လူဦးရေ ၂၉၆,၆၈၅ ဦးနှင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းဖြင့် လုပ်ကိုင်စားသောက်လျက်ရှိပါကြောင်း၊ ဘုရင့်နောင်ရပ်ကွက်ကို တိုးချဲ့ ဖွဲ့စည်းပြီးပါက ရွှေဆံတော်ရပ်ကွက် ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ထိုကွက်သည် မြို့နယ်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၁ ခုနှစ်မှာ မြေဧက ၂၄.၃၀ ဧကကို အိမ်မြေ ကွက်များ ပါမစ်ချထားပေးပြီးဖြစ်ပါကြောင်း၊ မြေအနေအထားသည် ဥယျာဉ်ခြံမြေဖြစ်ပြီး အိမ်ကွက် ပေါင်း ၂၇၄ ကွက်၊ အိမ်ထောင်စု ၂၁၈ စုနှင့် လူဦးရေပေါင်း ၈၂၆ ဦးနေထိုင်လျက်ရှိပြီး မြို့နှင့် တစ်ဆက်တစ်စပ်တည်းဖြစ်ပါကြောင်း။
မြသီတာရပ်ကွက် တိုးချဲ့ဖွဲ့စည်းပြီးပါက ကွမ်းခြံရပ်ကွက်ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ယခင်က တိုင်းဒေသကြီးငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ၂၂-၆-၁၉၉၀ ရက်တွင် လန-၃၉ တရားဝင်ချထားပေးပြီးဖြစ်ပါကြောင်း၊ ပါမစ်များချထားပေးပြီး ၄၈.၄၆ ဧက၊ အကွက်ပေါင်း ၄၁၅ ကွက်၊ အိမ်ထောင်စု ၉၆ စုနှင့် လူဦးရေ ၃၇၅ ဦး နေထိုင်လျက်ရှိရာ ယနေ့ထိဆိုလျှင် ၃၆ နှစ်ကြာပြီဖြစ် သော်လည်း ယနေ့ထိ တရားဝင်ရပ်ကွက်ထဲတွင် ပါဝင်မှုမရှိသေးသည့်အတွက် မေးမြန်းခြင်းဖြစ်ပါ ကြောင်း၊ အထက်တွင်ဖော်ပြခဲ့သသည့် ကျေးရွာနှစ်ရွာရှိ ရပ်ကွက်သစ်လေးများကို တစ်ဆက်တစ်စပ် တည်းဖော်ပြမည်ဆိုလျှင် မြို့ပေါ် ၈ ရပ်ကွက် ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ဘယ်ဘက်ခြမ်းတွင် ရွှေဆံတော်ရပ်ကွက်၏ မြို့ပြတည်ရှိပြီး ညာဘက်ခြမ်းတွင် ဒေသအခေါ် ဘုရင့်နောင်ရပ်ကွက်ရှိ မြို့ပြဖြစ်ပြီး ထိုနှစ်ခုသည် ဘာမှကွာခြားမှု မရှိပါကြောင်း၊ ကျေးရွာမှလည်း ယနေ့အထိ မြို့နယ်အထိ အဆင့်အတန်း မြို့ပြနေထိုင်မှုအဆောက်အဦများလည်း တည်ရှိပြီးဖြစ်၍ အလယ်တွင် တွံတေး-ဒလသွားသည့်ကားလမ်းကြီး ဘေးဘယ်ညာ၊ ဝဲယာတွင် ကပ်လျက်တည်ရှိပါကြောင်း၊ ကွမ်းခြံ ရပ်ကွက်ရှိ မြို့ပြတည်ရှိပြီး ညာဘက်တွင် ဒေသအခေါ် မြသီတာ ရပ်ကွက် မြို့ပြတည်ရှိပါကြောင်း၊ မြို့ပြတည်ဆောက် ပုံများ၊ ရေ၊ မီးအစ လမ်းပြည့်စုံမှုရှိပါကြောင်း၊ တွံတေး-ဒလ-ဘုရင့်နောင်ကားလမ်း ကြီးဘေးတွင် တည်ရှိသည့် ရပ်ကွက်နှင့်တစ်ဆက်တစ်စပ်တည်းဖြစ်ကြောင်း။
တွံတေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာ မြေငှားဂရန်ထုတ်ပေး၍ ရက် ၁၀၀ စီမံချက်တွင် မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် မြေငှားဂရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လယ်ယာမြေဥပဒေ ၂၀၂၀ ပြည့်နှစ် လယ ၃၀၊ ယခင်က လ/န ၃၀ ဟု ခေါ်ပါကြောင်း၊ ယခု လယ်ယာမြေဥပဒေအရ ၃၀(ခ)တွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်ဟု ပြည်နယ်လယ်ယာမြေဥပဒေတွင် ဖော်ပြထားပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၂)၊ ပုဒ်မ ၅၄ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတမှ လိုအပ်သလိုဆောင်ရွက်ပေးရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ တွင် လည်း အတိအလင်း ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ အကယ်၍ မြေငှားဂရန် ထုတ်ပေးမည်ဆိုလျှင်ပြည်သူများ ရရှိနိုင်မည့်အကျိုးကျေးဇူးများမှာ-
(၁) တရားဝင်မြေအဖြစ် သုံးစွဲခွင့်ရခြင်း၊
(၂) မြေကိုအစိုးရမှ တရားဝင်ခွင့်ပြုထားသည့်အတွက် အငြင်းပွားမှုများ လျော့နည်းစေခြင်း၊
(၃) စိတ်ချလက်ချ နေထိုင်အသုံးပြုနိုင်ခြင်းနှင့် မတရားသိမ်းဆည်းယူခြင်း၊ ကျူးကျော်ခြင်း တို့ကိုလည်း ကာကွယ်နိုင်ခြင်း၊
(၄) ဘဏ်ချေးငွေအတွက် အာမခံအဖြစ်အသုံးပြုနိုင်ခြင်း၊
(၅) တရားဝင်ဖြစ်သည့်အတွက် အိမ်နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ စိတ်ချစွာဆောင်ရွက်နိုင်ခြင်း၊
(၆) ပြည်သူလူထု၏ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုရရှိစေခြင်း သာမက နိုင်ငံတော်။
သို့ဖြစ်ပါ၍ ဖော်ပြပါဒေသအခေါ် ဘုရင့်နောင်ရပ်ကွက်နှင့် မြသီတာရပ်ကွက်တို့သည် လွန်ခဲ့ သောနှစ်ပေါင်း ၃၆ နှစ်က ရန်ကုန်တိုင်းငြိဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လ/န ၃၉ ချထား ပေးခြင်း၊ မြို့နယ်မှ စလစ်များထုတ်ပေးပြီး အိမ်ကွက်များ ချထားပေးခြင်း၊ လမ်း၊ ရေ၊ လျှပ်စစ်မီး စသည့်မြို့ပြအင်္ဂါနှင့် နေထိုင်လျက်ရှိခြင်း၊ အုပ်ချုပ်ရေးအရ ရာအိမ်မှူးများ တရားဝင်ခန့်ထားပြီး ရပ်ကွက်တွင်း ပါဝင်အုပ်ချုပ်စေခြင်း စသည်တို့ကြောင့် မြို့မြေအဖြစ်သတ်မှတ်ပြီး မြို့ပေါ် ၈ ရပ်ကွက်နှင့်အတူ မြေငှားဂရန်ရရှိရေး လွယ်ကူသောနည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
ဘုရင့်နောင်ရပ်ကွက်သည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တလုတ္ထော် ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၈၃၊ မူးလမန်းကွင်းနှင့် ရှမ်းစုကျေးရွာအုပ်စု၊ ကွင်းအမှတ် ၈၄၊ လက်ခုပ်ကုံးကွင်း အကွက်စုစုပေါင်း ၂၇၄ ကွက်၊ ဧရိယာ ၂၄.၃၀ ဧကရှိ ဥယျာဉ်မြေအမျိုးအစား ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်ဧရိယာအတွင်းသော်လည်းကောင်း၊ မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း သော်လည်းကောင်း ပါဝင်ခြင်းမရှိဘဲ တလုတ္ထော်ကျေးရွာအုပ်စုနှင့် ရှမ်းစုကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး အရပ်အခေါ်အနေဖြင့်သာ ဘုရင့်နောင်ရပ်ကွက်ဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်ကြောင်း၊ အရပ် အခေါ် ဘုရင့်နောင်ရပ်ကွက်သည် ၁၉၉၀-၁၉၉၁ ခုနှစ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့ရဲ့အစီအစဉ်နှင့် ဥယျာဉ်မြေအမျိုးအစားပေါ်တွင် အကွက်များဖော်ထုတ်၍ မြေပေးမိန့် ပါမစ်ချထားပေးခဲ့သည့် မြေနေရာများဖြစ်ပါကြောင်း။
အဆိုပါမြေနေရာများကို မြေငှားဂရန်ရရှိရေးဆောင်ရွက်မည်ဆိုလျှင် ဘုရင့်နောင်ရပ်ကွက် အဖြစ်တည်ရှိသည့် တလုတ္ထော်ကျေးရွာအုပ်စုတွင်ပါဝင်သည့် ၂၃.၁၈ ဧကနှင့် ရှမ်းစုကျေးရွာအုပ်စု တွင်ပါဝင်သည့် ၁.၁၂ ဧက စုစုပေါင်း ၂၄.၃၀ ဧကတို့ကိုထုတ်နုတ်ပြီး နီးစပ်ရာ ပြည်ထဲရေးဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် ရွှေဆံတော်ရပ်ကွက်အတွင်း ထည့်သွင်းနိုင်ရေး အတွက် သို့မဟုတ် ဘုရင့်နောင်ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရယူရမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုချက်ရရှိမှသာ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃၀၊ ပုဒ်မခွဲ(ခ)နှင့်အညီ လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်ရရှိရန် ခွင့်ပြုမိန့်ရရှိရေး ဆက်လက် လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခွင့်ပြုမိန့်ရရှိလျှင် ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရေး ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဂ)နှင့်(ဃ)တို့ပါ ပြဋ္ဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ နယ်နိမိတ်သတ်မှတ်ရေးအရာရှိနှင့် နယ်နိမိတ်ကြပ်မတ်ရေး အရာရှိ များ ခန့်အပ်နိုင်ရေးအတွက် မြို့မြေတိုင်းတာခြင်းလုပ်ငန်းများဖြစ်သည့် ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာ ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူ၍ မြို့ကွက်မြေပုံအဖြစ် အသုံးပြုခွင့်ရရှိမှသာ မြေငှားဂရန်ရရှိရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
မြသီတာရပ်ကွက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တလုတ္ထော် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၈၆)၊ ဆံတော်ကလေးကွင်း အကွက်စုစုပေါင်း ၄၁၅ ကွက်၊ ဧရိယာ ၄၈.၄၆ ဧကရှိ လယ်မြေအမျိုးအစားဖြစ်ပြီး ရန်ကုန်တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ၂၂-၆-၁၉၉ဝ ရက်စွဲပါ အမှုတွဲအမှတ်၊ ၃၉/လ/န အရ ပါမစ်များချထားပေးသည့် မြေကွက်များ ဖြစ်ပါကြောင်း၊ မြသီတာရပ်ကွက်သည် မြို့ပေါ်ရပ်ကွက်အနေနှင့် ပါဝင်ခြင်းမရှိဘဲ တလုတ္ထော် ကျေးရွာအုပ်စုအတွင်း ပါဝင်ပြီး အရပ်ခေါ်အနေနှင့် မြသီတာရပ်ကွက်ဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ် ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ပေးထားမှုမရှိခြင်း၊ မြို့နယ်စည်ပင် သာယာနယ်နိမိတ်အတွင်းလည်း ပါဝင်မှုမရှိဘဲ တလုတ္ထော်ကျေးရွာအုပ်စုအတွင်း တည်ရှိနေခြင်း ဖြစ်ပါကြောင်း၊ မြသီတာရပ်ကွက်သည် လ/န-၃၉ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်သည့် အတွက် မြသီတာရပ်ကွက်အဖြစ် တည်ရှိသည့် တလုတ္ထော်ကျေးရွာအုပ်စုမှ ၄၈.၄၆ ဧကအား ထုတ်နုတ်ပြီး နီးစပ်ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်ထားသည့် ကွမ်းခြံရပ်ကွက်အတွင်းသို့ ထည့်သွင်းနိုင်ရေး သို့မဟုတ် မြသီတာရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းနိုင် ရေးအတွက် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ၂၀၁၉ ခုနှစ်၊ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဂ)နှင့်(ဃ)ပါ ပြဋ္ဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်နိမိတ်သတ်မှတ်ရေး အရာရှိ၊ နယ်နိမိတ်ကြပ်မတ်ရေးအရာရှိများခန့်အပ်ပြီး မြို့မြေတိုင်းတာခြင်းလုပ်ငန်းများဖြစ်သည့် ကွက်ကြဲ၊ ကွက်စိပ်တိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး မြို့မြေပိုင်ဆိုင်မှုစာရင်းကောက်ယူ ပြီး မြို့ကွက် မြေပုံအဖြစ် အသုံးပြုခွင့်ရရှိမှသာ မြေငှားဂရန်ရရှိရေး ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဝင်းမြင့်(တွံတေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ဒုတိယဝန်ကြီးဖြေသည့်အထဲတွင် မြေစာရင်း ဥပဒေလုပ်ထုံးလုပ်နည်းများကို အဓိကဇောင်းပေးပြီး ဖြေကြားသွားသည်ကို မှတ်သားရပါကြောင်း၊ အဓိက မြေငှားဂရန်ရရှိရေး၊ မြို့မြေ၊ ကျေးရွာမြေ ပိုင်းခြားသတ်မှတ်ရေး အဓိကဆောင်ရွက်ရမည့် အဖွဲ့အစည်းမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပါကြောင်း၊ သို့သော် ဒုတိယဝန်ကြီးတင်ပြသည့်ထဲတွင် မြေငှားဂရန်ဆောင်ရွက်ပေးရန် အလွန်ခက် ခဲနေသည်ကို တွေ့ရပါကြောင်း၊ မိမိတင်ပြသည့်ထဲတွင် ပြည်သူများအနေဖြင့် တောင်းဆိုချက်နှစ်ခု ရှိပါကြောင်း၊ နံပါတ်(၁) မြေငှားဂရန် ရရှိရေး၊ (၂)အချက်မှာ မြို့မြေအဖြစ်ပါဝင်သတ်မှတ်ရေး၊ မြေငှားဂရန်ရရှိရေး ဆောင်ရွက်ခွင့် အလွန်ခက်ခဲနေမည်ဆိုလျှင် မိမိတို့အနေဖြင့် မြို့မြေလေးကို ပါဝင်အောင် ဆောင်ရွက်ပေးပါဟု နံပါတ်တစ်အချက်အနေဖြင့် တင်ပြချင်ပါကြောင်း၊ ဘာကြောင့်လဲဆို လျှင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ လ/န ၃၉ ချပေးပြီး မြေကွက်များ ချပေးခဲ့သည်မှာ နှစ်ပေါင်း ၃၆ နှစ်ရှိပါကြောင်း၊ ပြည်သူများသည် သူတို့ပိုင်ဆိုင်သည့် ကျေးရွာမြေ လေးကို ရပ်ကွက်မြေ၊ မြို့မြေအဖြစ်ပါဝင် လိုချင်သည့်ဆန္ဒများ များပြားခဲ့ပါကြောင်း၊ ထိုအချိန်တွင် ပြည်သူ့ဆန္ဒကို ဆောင်ရွက်ပေးနိုင်မည့် အကောင်းဆုံးအခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၆ နှစ်က ကြာမြင့်ခဲ့သည့် အချိန်လေးကို ပြည်သူများ၏ တင်ပြတောင်း ဆိုချက်ကို ဆောင်ရွက်ပေးသင့်ပါကြောင်း ပြည်သူများ၏ ကိုယ်စားတင်ပြခြင်းဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် ပြည်သူများ၏ တောင်းဆိုချက်၊ ဆန္ဒသည် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီဖြစ်လျှင် တင်ပြဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုသည်မှာ အချက်နှစ်ချက်ရှိပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေနှင့် ဆောင်ရွက်ရမည့်အချက် တစ်ချက်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်အချက်ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေ နှင့်တင်ပြတောင်းဆိုရမည့်အချက်များမှ နိုင်ငံတော်ဘတ်ဂျက်အရ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာရှိနိုင်သော်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်း များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဆိုလျှင် ပြည်သူများ၏ဆန္ဒကို ပစ်ပယ်ရာမကျဘဲ ပြည်သူများ၏အားကိုးရာ လွှတ်တော်ကိုယ်စားလှယ်ကြီးတစ်ဦးဖြစ်ရန်ရှိပါကြောင်း၊ ထို့ကြောင့် စောစောက မြေငှားဂရန်ဆောင်ရွက်ပေးရန် အခက်အခဲရှိမည်ဆိုလျှင် မြို့မြေအဖြစ် ပါဝင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် တောင်းခံခြင်းဖြစ်ပါကြောင်း၊ မြို့မြေ အဖြစ်ဆောင်ရွက်ပေးရန် လည်း စောစောကရှင်းပြခဲ့သည့် Demarcation Officer နှင့် Boundary officer များလည်း မြေစာရင်း ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် အောက်ခြေကိုတာဝန်ပေးမည်ဆိုလျှင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှလည်း အင်မတန်အလုပ်ကြိုးစားပြီး လုပ်ငန်းနားလည်သူများဖြစ်သည့်အတွက် မြို့မြေ အဖြစ် ဆောင်ရွက်ပေးရန် မေးမြန်းခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က
မြေငှားဂရန်ရရှိရေးဆောင်ရွက်ပေးနိုင်ခြင်းနှင့် မြို့မြေအဖြစ်ရရှိရေး ဆောင်ရွက်ပေးနိုင်ရန်မေး မြန်းခြင်းအပေါ် မိမိဖြေကြားခဲ့သည့်အထဲတွင် ပါရှိပြီးဖြစ်ပါကြောင်း၊ မေးထားသည့် ရပ်ကွက်နှစ်ခုသည် ဒေသအခေါ်အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိမြို့မြေနှင့် တစ်ဆက်တစ်စပ်တည်းပါဝင် ခြင်းမရှိဘဲ ကျေးရွာမြေထဲတွင် ပါရှိနေပါကြောင်း၊ ထိုဟာကို မြို့မြေအဖြစ် သတ်မှတ်ရန်ဆိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေပြင်တွင် စာရင်းကောက်ယူခြင်းများကို အရင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုအပေါ်မူတည်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ မိမိတို့ ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ခွင့်ပြု ချက်ရရှိရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် မေးမြန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။