နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သတင်းမီဒီယာများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့တို့နှင့်် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြည်သူ့လွှတ်တော် လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း နိုင်ငံတကာခေါင်းဆောင်မှုကောလိပ် (ILC) မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ပြည်သူ့လွှတ်တော် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဋ္ဌေး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဈ)-ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)-မေးခွန်း

2026-07-22
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)

မြစ်သားမြို့နယ်မှ ကျေးရွာ ၇ ရွာအား တရားဝင်အသိအမှတ်ပြုကျေးရွာခွဲများအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မြစ်သားမြို့နယ်တွင် နှစ်ကာလရှည်ကြာစွာကပင် ကျေးရွာဖွဲ့စည်းတည်ထောင်ပြီး လူနေ အဆောက်အဦများအပါအဝင် သာသနိက အဆောက်အဦများ အခိုင်အမာဖြင့် အခြေချနေထိုင်ကာ အသက်မွေးဝမ်းကျောင်းဆောင်ရွက်ခဲ့သော ရွာမုန်းကုန်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ရွှေမုန်တောင် ကျေးရွာ၊ အေးသုခကျေးရွာ၊ ပဲခင်းကြီးကျေးရွာ၊ တောင်ညိုကျေးရွာနှင့် ထန်းတောကုန်းကျေးရွာ များသည် လွန်ခဲ့သော နှစ်ပေါင်း ၄၀၊ ၅၀၊ ၆၀ ခန့်ကတည်းက ရေကြည်ရာမြက်နုရာနေရာမှာ ကျေးရွာအစုအဖွဲ့များအဖြစ်တည်ဆောက်ကာ အိုးအိမ်အဆောက်အဦအခိုင်အမာဖြင့် နီးစပ်ရာအမှီပြု ကျေးရွာအုပ်စုများတွင် အိမ်ခြေလူဦးရေစာရင်းများ ပါဝင်ပြီး စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း အပါအဝင် သင့်ရာလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကာ နေထိုင်လာခဲ့ကြသည့် ကျေးရွာ များဖြစ်ပါကြောင်း၊ မသဲကျေးရွာအုပ်စုရှိ ရွာမုန်းကုန်းကျေးရွာသည်  လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ခန့်က ကျေးရွာတည်ထောင်ခဲ့ပြီး ရွာမြေ ၈ ဧကပေါ်မှာ အိမ်ခြေ ၇၀၊ လူဦးရေ ၃၈၀ ဦး နေထိုင် ကာ ဘုရားစေတီနှင့် ဘုန်းတော်ကြီးကျောင်းရှိပြီး လျှပ်စစ်မီးရရှိနေသောကျေးရွာ ဖြစ်ပါကြောင်း၊ တခြားရွာဖြစ်သည့် တေစိုးအုပ်စုရှိ ဥယျာဉ်ကျေးရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၅၅ နှစ်ခန့်က ရွာတည်နေထိုင်ခဲ့ပြီး အိမ်ခြေ ၉၇ အိမ်၊ လူဦးရေ ၄၈၇ ဦးရှိပြီး ၂၀၂၀ ပြည့်နှစ်ကပင် လယ်ယာမြေ ပေါ်အခြားနည်းသုံးစွဲခွင့်ရ ရွာမြေ ၇ ဧကအကျယ်အဝန်းရှိပြီး ဘုရားစေတီနှင့် လျှပ်စစ်မီးရရှိသုံးစွဲ နေသောကျေးရွာဖြစ်ပါကြောင်း၊ တစ်ဖန် ကံဆွယ်ကျေးရွာအုပ်စုတွင်ရှိသည့် ရွှေမုန်တောင်ကျေးရွာ သည် အိမ်ခြေ ၆၈ အိမ်၊ လူဦးရေ ၃၀၁ ဦးရှိပြီး ယာမြေ၊ ကျောက်စရစ်မြေ ၂၀ ဧကပေါ်တွင် ယခင်နှစ်များကပင် လူနေအဆောက်အဦခိုင်ခိုင်မာမာတည်ဆောက်နေထိုင်ခဲ့ကြပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှိသောကျေးရွာ ဖြစ်ပါကြောင်း။ 

ကံဆွယ်ကျေးရွာ အုပ်စုရှိ အေးသုခကျေးရွာသည် တပ်မတော်သားအငြိမ်းစားများစုစည်းပြီး လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကပင် ကျေးရွာတည်ထောင်နေထိုင်ခဲ့ပြီး ရွာမြေ ၁၅ ဧကခန့် ကျော်ပေါ်တွင် ယခုဆိုလျှင် လူနေအိမ် ၁၁၈ အိမ်၊    လူဦးရေ ၄၉၉ ဦးနေထိုင်ပြီး ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းအပါအဝင် လျှပ်စစ်မီးရရှိနေသော ကျေးရွာဖြစ်ပါကြောင်း၊ ၎င်းကံဆွယ် ကျေးရွာအုပ်စုရှိ တခြားတစ်ရွာဖြစ်သော ပဲခင်းကြီးကျေးရွာ သည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော်ကပင် ကျေးရွာတည်ထောင်ခဲ့ပြီး အိမ်ခြေ ၁၂၉ အိမ်၊ လူဦးရေ ၆၅၃ ဦးနေထိုင်၍ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းရှိသောကျေးရွာဖြစ်ပါကြောင်း၊ ၎င်းအပြင် ဘုံကွင်းကျေးရွာအုပ်စုရှိ တောင်ညိုကျေးရွာသည်လည်း လွန်ခဲ့သောနှစ်ပေါင်း ၄၀ ခန့်က ရွာတည်၍ အိမ်ခြေ ၅၇ အိမ်၊ လူဦးရေ ၂၂၆ ဦးနေထိုင်ကာ ဘုရားစေတီရှိသော ကျေးရွာဖြစ်ပါ ကြောင်း၊ မင်းလယ်ကျေးရွာ အုပ်စု၊ ထန်းတောကုန်းကျေးရွာသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်က စိုက်ပျိုးရေးလုပ်ငန်း မရသော ဆပ်ပြာပေါက်မြေ ၁၅ ဧကကျော်ပေါ်တွင် ရွာတည်ခဲ့ပြီး အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၃၁၅ ဦး နေထိုင်ကာ ဘုရား၊ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်း ရှိသော ကျေးရွာဖြစ်ပါကြောင်း။

အထက်ဖော်ပြခဲ့သည့် ကျေးရွာ ၇ ရွာသည် ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်မရရှိသေး ခြင်းကြောင့် ကျေးရွာ၏ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တာဝန်ရှိအထက်ဌာန အဆင့်ဆင့်သို့ တောင်းခံရာတွင် ငြင်းပယ်ခံရခြင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်ရာတွင် အခက်အခဲများရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအဖြစ် သမဝါယမအသင်းခွဲများ ဖွဲ့စည်းထူထောင်ရာတွင် ခက်ခဲမှုရှိခြင်းနှင့် ကျေးရွာနေ ကလေးသူငယ်များ၏ အနာဂတ်ပညာရေး အတွက် အစိုးရထံ တရားဝင်စာသင်ကျောင်း ရရှိရေးတောင်းဆိုရာတွင်လည်း ခက်ခဲမှုများရှိနေခြင်း ကြောင့် ရွာသူရွာသားများအဖို့ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အခွင့်အရေးဆုံးရှုံးမှုများရှိနေကြပါ ကြောင်း၊ တံခွန်မရှိတဲ့ဘုရား၊ အလံမရှိတဲ့ရထားအဖို့ တင့်တယ်ပြည့်စုံခြင်းမရှိသလို ပြည်ထဲရေး ဝန်ကြီးဌာနအမည်ပေါက်မရရှိသေးသည့် မိမိတို့ မြို့နယ်က ကျေးရွာ ၇ ရွာသည်လည်း ဘက်ပေါင်း စုံမှာပြည့်စုံမှုမရှိဘဲ လိုအပ်မှုများရှိနေကြောင်း ထင်ရှားလှပါကြောင်း၊ သို့ပါ၍ မြစ်သားမြို့နယ်တွင် ရှိသော ရွာမုန်းကုန်းကျေးရွာ၊ ဥယျာဉ်ကျေးရွာ၊ ရွှေမုန်တောင်ကျေးရွာ၊ အေးသုခကျေးရွာ၊ ပဲခင်းကြီးကျေးရွာ၊ တောင်ညိုကျေးရွာနှင့် ထန်းတောကုန်း ကျေးရွာများအား ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက် ကျေးရွာခွဲများအဖြစ် သတ်မှတ်ချထား ပေးရန်အစီအစဉ်ရှိ /မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါကမည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က

မြစ်သားမြို့နယ်၊ မသဲကျေးရွာအုပ်စု၊ ရွာမုန်းကုန်းကျေးရွာသည် အိမ်ခြေ/အိမ်ထောင်စု ၆၈ စု၊ လူဦးရေ ၁၄၆ ဦး နေထိုင်လျက်ရှိပြီး မြေစာရင်းဦးစီးဌာန၏ မြေပုံနှင့်မှတ်တမ်းများအရ ဧရိယာ ၃.၂၈ ဧကအား ရွာမြေဟု သတ်မှတ်ထားရှိပြီး ကျေးရွာရှိအိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေစာရင်း များအား ၎င်းကျေးရွာနှင့်အနီးကပ်တည်ရှိသော မသဲကျေးရွာအုပ်စု၊ စမြောင်ကျေးရွာ၏လူဦးရေ စာရင်းတွင် ထည့်သွင်းဖော်ပြထားရှိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ် ထားသည့်ကျေးရွာများ၏ စာရင်းတွင်မပါဝင်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊  တေစိုးကျေးရွာ အုပ်စု၊ ဥယျာဉ်ကျေးရွာဟာ အိမ်ခြေ/အိမ်ထောင်စု ၉၇ စု၊ လူဦးရေ ၃၈၅ ဦး နေထိုင်လျက်ရှိပြီး ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(လွန်ကျော်)၏ လုပ်သားရွာ နှင့် ဝန်ထမ်းအိမ်ရာမြေအဖြစ် အခြားနည်းအသုံးပြုခွင့်ပြုခဲ့သော ဧရိယာ ၄၅.၉၇ ဧကအနက်မှ ဧရိယာ ၇.၈၂ ဧကဖြစ်သည်ကိုစိစစ်တွေ့ရှိရပါကြောင်း၊ ကံဆွယ်ကျေးရွာအုပ်စု၊ ရွှေမုန်တောင်ကျေးရွာ သည် အိမ်ခြေ/အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၇၇ ဦးနေထိုင်လျက်ရှိပြီး မြေစာရင်းဦးစီးဌာန၏ မြေပုံနှင့် မြေစာရင်းများအရ ဧရိယာ ၁၉.၂၀ ဧကရှိပြီး ကျန်အခြားမြေ(ကျောက်စရစ်) မြေအမျိုးအစားဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကံဆွယ်ကျေးရွာအုပ်စု၊ အေးသုခကျေးရွာသည် အိမ်ခြေ/ အိမ်ထောင်စု ၁၁၀ စု၊ လူဦးရေ ၄၆၉ ဦးနေထိုင်လျက်ရှိပြီး အေးသုခကျေးရွာ (အိမ်ခြေလေးဆယ် စစ်မှုထမ်းဟောင်းကျေးရွာ)မြေအဖြစ်အသုံးပြုရန်အတွက် မြေဧရိယာ ၁၅.၀ ဧကအား နိုင်ငံတော် ပိုင်မြေ(State Land) အဖြစ် သတ်မှတ်ခဲ့သည့်မြေဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ကံဆွယ် ကျေးရွာအုပ်စု၊ ပဲခင်းကြီး ကျေးရွာသည် အိမ်ခြေ/အိမ်ထောင်စု ၁၂၃ စု၊ လူဦးရေ ၆၂၁ ဦးရှိပြီး ပဲခင်းကြီးကျေးရွာမြေအဖြစ် အသုံးပြုရန်အတွက် မြေဧရိယာ ၃၃.၃၀ ဧကအား နိုင်ငံတော်ပိုင်မြေ (State Land)သတ်မှတ်ခဲ့သည့် မြေဖြစ်သည်ကို တွေ့ရှိရပြီး တောင်ညိုကျေးရွာသည် စိစစ်ချက် များအရ သင်ထုံးကျေးရွာအုပ်စုတွင်မပါဝင်ဘဲ ဘုံကွင်းကျေးရွာအုပ်စုတွင် ပါဝင်ကြောင်း၊ တောင်ညိုကျေးရွာတွင် အိမ်ခြေ/အိမ်ထောင်စု ၅၄ စု၊ လူဦးရေ ၂၂၂ ဦး နေထိုင်လျက်ရှိပြီး မြေစာရင်းဦးစီးဌာန၏မြေပုံ၊ မြေစာရင်းများအရ ဧရိယာ ၇.၆၇ ဧကရှိပြီး ကျန်အခြားမြေ (ကြပ်တီးမြေ)အမျိုးအစားဖြစ်ပါကြောင်း၊ မင်းလယ်ကျေးရွာအုပ်စု၊ ထန်းတောကုန်းကျေးရွာသည် အိမ်ခြေ/အိမ်ထောင်စု ၆၅ စု၊ လူဦးရေ ၂၃၁ ဦးနေထိုင်လျက်ရှိပြီး မြေစာရင်းဦးစီးဌာန၏ မြေပုံနှင့် မှတ်တမ်းများအရ ဧရိယာ ၁၅ ဧကရှိပြီး ကျန်အခြားမြေ(ဆပ်ပြာပေါက်) မြေအမျိုးအစားတွင် ပါဝင်ပါကြောင်း။ 

မြစ်သားမြို့နယ်၏ ကျေးရွာ ၇ ရွာအနက် ဥယျာဉ်ကျေးရွာ၇.၈၂ ဧကမြေသည် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်(လွန်ကျော်)၏ လုပ်သားရွာနှင့်ဝန်ထမ်းအိမ်ရာမြေအဖြစ် အခြားနည်းအသုံးပြု ခွင့်ရရှိ ထားသည့်မြေဧရိယာ ၄၅.၉၇ ဧကအတွင်းပါဝင်နေပြီး လွန်ကျော်ဝါသီးနှံသုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံသည် နိုင်ငံတော်အတွက်လိုအပ်သော ဝါမျိုးစေ့များကို အဓိကထုတ်လုပ်ပေးသည့် ခြံဖြစ်ပါကြောင်း၊ ၎င်းဧရိယာ ၇.၈၂ ဧကသည် လွန်ကျော်စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း များအတွက် လုပ်သားအင်အားများရရှိစေရန် ခြံမြေမှ မြေ၊ ရေ၊ မီးများ ထောက်ပံ့ပေးထားတဲ့ လုပ်သားရွာနေရာ ဖြစ်ပါကြောင်း၊ ဥယျာဉ်ကျေးရွာမြေနေရာအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံနိုင်ခြင်းမရှိသေးပါကြောင်း၊ ကျေးရွာများ စနစ်တကျဖွဲ့စည်းခြင်း လုပ်ငန်း ဆောင်ရွက်သည့် အခါမှာလည်း သက်ဆိုင်ရာကျေးရွာများမှတင်ပြချက် အပေါ် မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လိုအပ်သော ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး ရွာမြေအဖြစ်ဆောင်ရွက်လိုသည့်မြေဧရိယာကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲပြုစုပြီး ခရိုင်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ချက်ရယူပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကနေ နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက် ရရှိရေး တင်ပြဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်ရရှိသည့်အခါမှာ ရွာမြေအမည်ပေါက်နေသည့် ရွာမုန်းကုန်း ကျေးရွာ ၃.၂၈ ဧကကိုလည်းကောင်း၊ နိုင်ငံတော်ပိုင်မြေ(State Land)များ အမည်ပေါက်သည့် အေးသုခ ကျေးရွာ ၁၅.ဝ ဧကနှင့် ပဲခင်းကြီးကျေးရွာ ၃၃.၃၀ ဧကတို့ကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများအဖြစ် သတ်မှတ်ပြီးပါကလည်းကောင်း၊ ကျန်အခြားမြေများ အမည်ပေါက်သည့် ရွှေမုန်တောင် ကျေးရွာ၊ တောင်ညိုကျေးရွာ၊ ထန်းတောကုန်းကျေးရွာနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ အဖြစ် သတ်မှတ်ပြီးပါကပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန် သတ်မှတ်ထား သောကျေးရွာများအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် မြို့၊ ကျေးရွာ တိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ အမှုတွဲပြုစုပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့မှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထဲရေးဝန်ကြီး ဌာနသို့ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာ အနက် ဥယျာဉ်ကျေးရွာမှလွဲပြီး ကျန်တဲ့ကျေးရွာ ၆ ရွာကို ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့် ကြော်ငြာစာ ထုတ်ပြန်နိုင်သောကျေးရွာများအဖြစ် သတ်မှတ်နိုင်ရေးအတွက်ကို မိမိတင်ပြခဲ့သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ပေါင်းစပ်ဖြေကြားချက်များအရ ပြန်လည်ဖြေကြားခဲ့ပါသည်။