ဦးထင်အောင်ရှိန်(မိုင်းတုံမဲဆန္ဒနယ်)
တောင်ကြီးမြို့မှ နမ့်စမ်-တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ-တာချီလိတ်ကားလမ်းနှင့် တောင်ကြီးမြို့မှ နမ့်စန်-လင်းခေး-တာဆန်း-မိုင်းတုံ-မိုင်းဆက်-တာချီလိတ်ကားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာစစ်ဆေး ရေးဂိတ်များအားစုစည်း၍ အရေးကြီးသောနေရာများတွင်သာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်စစ်ဆေးခြင်းများဆောင်ရွက်၍ရနိုင်မှုရှိ မရှိ အချက်အချာကျသော အရေးကြီးနေရာများတွင် X-Ray Machine စက်များ ထားရှိစစ်ဆေးခြင်း၊ တချို့သောနေရာများတွင် mobile X-Ray Machine စက်များဖြင့် ရွေ့လျားစစ်ဆေး ခြင်းများဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ စစ်ဆေးရေးဂိတ်များတွင် ပြည်သူအတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော ဆောင်ရွက်မှုများမရှိစေရေးအတွက် မည်သည့်ဌာနက တာဝန်ယူဆောင်ရွက်ပေးမည်နှင့် မည်သို့ဆောင်ရွက်နိုင်မှုအစီအစဉ်များအား သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်သို့ ဆက်သွယ် ဖောက်လုပ်ထားသောမော်တော်ကားလမ်း များအနေဖြင့် တောင်ကြီး- နွယ်လင်- နမ့်စန်- ကွန်ဟိန်း- တာကွန်- မိုင်းပြင်း- ကျိုင်းတုံ- မိုင်းဖြတ်- တာချီလိတ် အရှည် ၃၇၅ မိုင်ရှိသောပြည်ထောင်စု လမ်းမကြီး နှင့်တောင်ကြီး-လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး-မိုင်းပန်-တာဆန်း-မိုင်းတုံ-မိုင်းဆက်-တာချီလိတ်အရှည် ၃၂၂ မိုင်ရှိသော ပြည်ထောင်စု လမ်းမကြီးဟူ၍ အဓိကဆက်သွယ်ထားသောလမ်းမကြီး ၂ ခု ဖောက်လုပ်ထားပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ပြည်သူလူထုများ အဓိကအားကိုးအားထားရာပြုသည့် လမ်းများဖြစ်ပါကြောင်း၊ ထိုသို့ဆက်သွယ်ထားသော တောင်ကြီး-လွိုင်လင်-နမ့်စန်-ကွန်ဟိန်း- တာကော -မိုင်းပျဉ်း-ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ် ပြည်ထောင်စုလမ်းမ ကြီး အပိုင်းတွင် ဌာနဆိုင်ရာစစ်ဆေးရေး ဂိတ် ၂၁ ခု၊ တောင်ကြီး-လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး-မိုင်းပန်-တာဆန်း-မိုင်းတုံ- မိုင်းဆတ်-တာချီလိတ်လမ်းတွင် ဌာနဆိုင်ရာစစ်ဆေးရေးဂိတ် ၂၁ ခုရှိပြီး လမ်း ၂ လမ်းတွင်ရှိသည့် ခရီးသွားလာရာ ကုန်စည်ရောင်းဝယ်နေသော ပြည်သူလူထုများ၊ မော်တော်ယာဉ်များအား စစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်ကြီး-လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး-မိုင်းပန်-တာဆန်း-မိုင်းတုံ- မိုင်းဆတ်-တာချီလိတ်လမ်းသည် အရှည် ၃၂၂ မိုင်ရှိသဖြင့် ပျမ်းမျှ ၁၅ မိုင်အကွာအဝးတွင် စစ်ဆေးရေးဂိတ် ၁ ခုဖြင့်လည်းကောင်း၊ တောင်ကြီး-လွိုင်လင်-နမ့်စန်-ကွန်ဟိန်း-တာကော-မိုင်းပျဉ်း-ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်လမ်းသည် အရှည် ၃၇၅ မိုင်ရှိပြီး ပျမ်းမျှ ၁၇ မိုင်အကွာအဝေးတွင် စစ်ဆေးဂိတ် ၁ ခုဖြင့်လည်းကောင်း စစ်ဆေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
ထိုကဲ့သို့ ဌာနဆိုင်ရာ စစ်ဆေးရေးဂိတ်များ တစ်ခုနှင့်တစ်ခု အလှမ်းမကွာသောနေရာတွင် ရှိခြင်း၊ စစ်ဆေးရေးဂိတ်များ များပြားနေခြင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ သွားလာနေသောဒေသခံများ၊ တိုင်းရင်းသားပြည်သူလူထုအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်ပို့ဆောင်ရာတွင်လည်းကောင်း၊ အချိန်ကြာမြင့်ခြင်း၊ ကျန်ကိစ္စရပ်များအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရခြင်း၊ ကုန်ပစ္စည်းသယ်ယူရာတွင် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ကုန်စည် များ ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နယ်မြေလုံခြုံရေးအရ သော်လည်း ကောင်း၊ တရားမဝင်ကုန်ပစ္စည်းများတားမြစ်ရန် အတွက်သော်လည်းကောင်း၊ စစ်ဆေးရေးဂိတ်များ၊ ထားရှိရန်လိုအပ်သည်ကို နားလည်ပါကြောင်း၊ သို့သော် လမ်းကြောင်းတစ်ခုလျှင် စစ်ဆေးရေးဂိတ် ၂၀ ကျော်ထားရှိစစ်ဆေးရန် အလွန်များပြားနေသည်ဟု ယူဆရပါကြောင်း၊ လိုအပ်ချက်အရ စစ်ဆေးမှု များပြုလုပ်မည်ဆိုပါကလည်း အဆိုပါ စစ်ဆေးရေးဂိတ်များကို စုစည်းပေါင်းစပ်၍ အချက်အချာကျ သော၊ အရေးကြီးသောနေရာများတွင် စစ်ဆေးရေးဂိတ်များ ပေါင်းစည်းဖွင့်လှစ်၍ စစ်ဆေး ဆောင်ရွက် ခြင်းရနိုင်မှုရှိ/ မရှိ၊ အချက်အချာ ကျသောနေရာများတွင် X-ray Machine စက်များထားရှိစစ်ဆေးခြင်း၊ တချို့နေရာများတွင် Mobile X-ray Machine စက်များဖြင့် ရွေ့လျားစစ်ဆေးခြင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ/ မရှိနှင့် စစ်ဆေးရေး ဂိတ်များတွင် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မည်ကဲ့သို့ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဗိုလ်ချုပ်မင်းသူ က
တောင်ကြီးမြို့မှ တာချီလိတ်မြို့သို့ ကားလမ်းအဖြစ် တောင်ကြီး-နမ့်စန်-ကွန်ဟိန်း-မိုင်းပျဉ်း- ကျိုင်းတုံ-မိုင်းဖြတ်-တာချီလိတ်ကားလမ်းနှင့် တောင်ကြီး-နမ့်စန်-လင်းခေး-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ကားလမ်း ဆိုပြီး ၂ ခုရှိပြီး ၎င်းလမ်းကြောင်းများသည် အိမ်နီးချင်းနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ခြင်းနှင့် ၎င်းနိုင်ငံများမှ ကုန်ပစ္စည်းများကို ပြည်တွင်းသို့တင်ပို့ရာတွင် အဓိကကျသည့် လမ်းကြောင်းများဖြစ်ပြီး ဖြတ်သန်းသွားလာရာ လမ်းကြောင်းပေါ်တွင် နယ်မြေဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လမ်း၊ တံတားလုံခြုံရေး၊ လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ၊ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများနှင့် မူးယစ်ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးနှင့် အဆိုပါလမ်းကြောင်းများပေါ်ရှိ စစ်ဆေးရေး ဂိတ်များအား ရှောင်ကွင်းသွားနိုင်သည့် လမ်းကြောင်းများပါရှိသသည့်အတွက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် အဓိကကျသောနေရာများတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်များကို ထားရှိဆောင်ရွက် ရခြင်း ဖြစ်ကြောင်း။
တောင်ကြီး-နမ့်စန်-ကွန်ဟိန်း-မိုင်းပျဉ်း-ကျိုင်းတုံ-တာချီလိတ်ကားလမ်းပေါ်တွင် စုစုပေါင်း စစ်ဆေးရေး ဂိတ် ၁၆ ဂိတ်ရှိပြီး ဟိုပုံးမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၊ လွိုင်လင်မြို့(ပန်ခေါက်ဝိုး) လုံခြုံရေးဂိတ်နှင့် တုံတာမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ် ၃ ဂိတ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းမှာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ရုပ်သိမ်းခဲ့ပြီးဖြစ်သည့်အတွက် စုစုပေါင်းစစ်ဆေးရေးဂိတ် ၁၃ ဂိတ်ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း၊ တောင်ကြီး-နမ့်စန်-လင်းခေး-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ကားလမ်းပေါ်တွင် စုစုပေါင်းစစ်ဆေးရေးဂိတ် ၂၁ ဂိတ်ရှိပြီး ဟိုပုံးမြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၊ လွိုင်လင်မြို့ (ပန်ခေါက်ဝိုး) လုံခြုံရေးဂိတ်၊ နမ့်စန်မြို့ထွက်သံလမ်း လုံခြုံရေးဂိတ်နှင့် မိုင်းဆတ်မြို့ကာ လုံခြုံရေးဂိတ် ၄ ခုအား ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂ဝ၂၆ ခုနှစ်၊ ဇွန်လအတွင်း ရုပ်သိမ်းခဲ့ပြီး ဖြစ်သည့်အတွက် ၎င်းလမ်းကြောင်းပေါ်တွင် စုစုပေါင်းစစ်ဆေးရေးဂိတ်၁၂ ခု ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း ။
အထက်ပါလမ်းကြောင်း ၂ ခုတွင် လွိုင်လင်မြို့အဝင်စစ်ဆေးရေးဂိတ်၊ ကျိုင်းတုံမြို့အဝင် ကျိုင်းဖောင်း စစ်ဆေးရေးဂိတ်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် တာချီလိတ် မြို့အဝင် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် တာချီလိတ်မြို့အဝင် မယ်ယန်းပူးပေါင်း စစ်ဆေးရေး ဂိတ်များတွင် မူးယစ်ဆေးဝါးရှာဖွေရေးစက်များအသုံးပြုပြီး ရှာဖွေစစ်ဆေးခြင်းများ ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့သို့ စစ်ဆေးဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အကြမ်းဖက်သမားများ၊ ပြေး ၄ ပြေး၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ တရားမဝင်ကုန်ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတု ဗေဒပစ္စည်းများနှင့်လက်နက်ခဲယမ်းများစစ်ဆေးခြင်းကိုလည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ အကောက်အခွန်ဦးစီးဌာနမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီက အတည်ပြုထားသည့် စံပြုစစ်ဆေးရေးလုပ်ငန်းစဉ်များအတိုင်း စစ်ဆေးခြင်းကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက တရားမဝင်နိုင်ငံခြားသားများဝင်ရောက်မှု မရှိစေရေး စစ်ဆေးခြင်း၊ နေရပ်သက်တမ်းကျော်လွန်နေထိုင်သည့် နိုင်ငံခြားသားများမရှိစေရေး စစ်ဆေးခြင်းနှင့် နိုင်ငံခြားသားများ ကန့်သတ်နယ်မြေကျော်လွန် သွားလာမှု မရှိစေရေးစစ်ဆေးခြင်း နှင့် အွန်လိုင်းလိမ်လည်မှုနှင့်စပ်လျဉ်းသည့် သံသယရှိသူနိုင်ငံခြားသား သို့မဟုတ် တိုက်ရိုက် ပတ်သက်သည့် နိုင်ငံခြားသားများအား စစ်ဆေးခြင်းများကိုလည်းကောင်း၊ စီးပွာရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက အတည်ပြုထားသည့် စံပြုစစ်ဆေးရေး လုပ်ငန်းစဉ်များအတိုင်း စစ်ဆေးခြင်းများနှင့် နယ်စပ်ပို့ကုန် ကုန်တင်ယာဉ် ထွက်ခွာခွင့်လက်မှတ်များ စစ်ဆေးခြင်းတို့ကိုလည်းကောင်း စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း ။
အထက်ပါလမ်းကြောင်း ၂ ခုပေါ်ရှိ စစ်ဆေးရေးဂိတ်များမှ ၂၀၂၅ ခုနှစ်မှာ ဖမ်းဆီးရရှိမှုအနေဖြင့် ပြေး (၄)ပြေးဖမ်းဆီးရမိမှု ၂၃၇ ဦး၊ တရားမဝင်ကုန်ပစ္စည်းဖမ်းဆီးရရှိမှု ၃၃ မှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု ၆၁ မှု၊ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရရှိမှု ၁၁ မှု၊ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီး ရရှိမှု ၇ မှု၊ လက်နက်၊ ခဲယမ်းဖမ်းဆီးရရှိမှု ၃ မှု၊ အကြမ်းဖက်သမားများ ဖမ်းဆီးရရှိမှု ၃ ဦးတို့အား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ပြေး(၄)ပြေး ဖမ်းဆီးရမိမှုအနေဖြင့် ၁၀၂ ဦး၊ တရားမဝင် ကုန်ပစ္စည်းဖမ်းဆီးရရှိမှု ၈ မှု၊ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု ၂၁ မှုနှင့် တရားမဝင်နိုင်ငံခြားသား ဖမ်းဆီးရရှိမှု ၃ မှု၊ လိုင်စင်မဲ့မော်တော်ယာဉ်ဖမ်းဆီးရရှိမှု ၇ မှုနှင့် အကြမ်းဖက်သမားများ ဖမ်းဆီး ရရှိမှု ၁၄၁ ဦးတို့အား စိစစ်ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း ၊အဆိုပါစစ်ဆေးရေး ဂိတ်များတွင် မူးယစ် ဆေးဝါးရှာဖွေရေးစက်ကြီးများဖြင့် လတ်တလောတပ်ဆင်အသုံးပြုနိုင်ခြင်းမရှိသေးသော်လည်း နည်းပညာမြင့် မူးယစ်ဆေးဝါးရှာဖွေစက်ငယ်များဖြင့် စစ်ဆေးရေးဂိတ်တချို့တွင် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)သို့ ဆက်သွယ်ထားသည့် တောင်ကြီး- တာချီလိတ်ကားလမ်း ၂ ခုရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် ၅ ခုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ရုပ်သိမ်းပေးခဲ့သည့်အပြင် X-Ray စက်များ၊ နည်းပညာမြင့်စက်ကိရိယာများ တပ်ဆင်နိုင်ခြင်းမရှိသေးသည့် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ခရီးသည်များအား လူစုခွဲ၍ စစ်ဆေး ခြင်း၊ ကုန်တင်ယာဉ်များနှင့် ခရီးသည်တင်ယာဉ်များစစ်ဆေးရာတွင် ပြည်သူလူထုဝန်ထုပ်ဝန်ပိုး မဖြစ် စေရေး အတွက်ကို မသင်္ကာသော၊ သတင်းရရှိသော မော်တော်ယာဉ်များကိုသာ ဦးစားပေးစစ်ဆေး ခြင်းများ ဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နည်းပညာမြင့် စက်ကိရိယာများအား ဘဏ္ဍာငွေခွဲဝေရရှိမှ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ဖြစ်ပါကြောင်းနှင့် လက်ရှိမှာ နည်းပညာအသုံးပြုစက်များကိုလည်း တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်းကို ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ဖြေကြားသွာပါသည်။