နောက်ဆုံးရသတင်းများ
လူမှုကွန်ရက်အသုံးပြုသူတိုင်း သိထားသင့်သည့် ဆိုက်ဘာလုံခြုံရေး တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
MY EN

(က)- ဦးလှဝင်းဦး(ပခုက္ကူမဲဆန္ဒနယ်)-မေးခွန်း

2026-07-20
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှဝင်းဦး(ပခုက္ကူမဲဆန္ဒနယ်)

ပခုက္ကူမြို့အနောက်ဘက်ရှိ ကျွန်းဦး၊ စပယ်ဦးနှင့် ကျွန်းညိုရွာသစ်ကျေးရွာများအား ရေကြောင်း ပြောင်းခြင်းနှင့် မြစ်ကမ်းထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ ဧရာဝတီတံတားအနောက်ဘက် ကျေးရွာ များသည် ယခင် ၂၀၀၉ ခုနှစ်မတိုင်ခင်ကာလများက ဧရာဝတီမြစ်ရေတိုက်စားမှုဘေးမှ ကင်းဝေး နေခဲ့ပြီး လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ကိုင်နေထိုင်ခဲ့ကြပါကြောင်း၊ စိုက်ပျိုးကြသော သီးနှံ များ မှာ မြေပဲ၊ နှမ်း၊ နေကြာနှင့် ထောပတ်ပဲ၊ ပဲရင်း၊ ပဲနီပြား စသည့် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ တို့ကို စိုက်ပျိုးကြပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်အတွင်း လယ်ယာ ထွက်ကုန် သီးနှံမျိုးစုံတို့ကို ဖြည့်တင်းပေးနိုင်ခဲ့သော ဒေသတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ပခုက္ကူ(ဧရာဝတီ တံတား) အနောက်ဘက်ရှိ ဧရာဝတီမြစ်ရေစီးဆင်းမှုသည် ၂၀၀၉ ခုနှစ်မှစ၍ မြစ်ရေလမ်းကြောင်း စတင်ပြောင်းလဲလာမှု ကြောင့် ယင်းဒေသရှိ ကျေးရွာများ၏ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း များ နှင့် စိုက်ပျိုးမြေဧကများစွာ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ ၂၀၀၉ ခုနှစ်မှ ယခုအချိန် အထိ ဧရာဝတီမြစ်ရေ ဆိုးဝါးစွာတိုက်စား၍ ကမ်းပါးပြိုမှုများ နှစ်အလိုက်မကြာမကြာဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် တွင် မရိုးကုန်းရွာရှိ လူနေအိမ်ခြေ ၉၄ အိမ်၊ သိမ်ကုန်းရွာရှိ လူနေအိမ်ခြေ ၉၇ အိမ်တို့ကို လုပ်အား ပေးအဖွဲ့များနှင့် အတူသွားရောက်ပြီး ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် အနေအထားများလည်း ရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်းတွင်လည်း ကျွန်းညိုရွာသစ်ကျေးရွာမှာ လူနေအိမ်ခြေ ၁၈၁ အိမ် အရေးပေါ်ရွှေ့ပြောင်းခဲ့ရပါကြောင်း၊၂၀၂၂ ခုနှစ်တွင်လည်း မြင်းကျွန်းကျေးရွာရှိ လူနေအိမ်ခြေ ၂၀၀ ထပ်မံပြောင်းရွှေ့ရပြီးစိုက်ပျိုးမြေဧကများစွာပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ လက်ရှိတွင်လည်း ဧရာဝတီ မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုမှဖြစ်ပေါ်နေသော ကျေးရွာပေါင်း ၁၃ ရွာခန့်ရှိပြီး မြစ်ကမ်း တစ် လျှောက် အလျားမိုင်အားဖြင့် ကြက်တန်းကုန်းကျေးရွာမှ ထနောင်းကုန်းကျေးရွာအထိ ၅ မိုင်ခန့် ရေတိုက်စားကမ်းပါးပြိုမှုဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခုလို ကမ်းပါးပြိုမှုများဖြစ်ပေါ်နေရခြင်း၏ အကြောင်းရင်းမှာ ရေလမ်းကြောင်းပြောင်းလဲလာပြီး ကြက်တန်းကုန်းကျေးရွာမှ ထနောင်းကုန်း ကျေးရွာအထိကမ်းကပ်ရေနက်အိုးအဖြစ် စီးဆင်းနေပါကြောင်း၊ နွေရာသီကဲ့သို့ ရေနည်းသည့် အချိန်တွင် ကမ်းရင်းရေအနက်သည် ၃၅ ပေခန့်ဖြစ်ပေါ်နေသဖြင့် ကမ်းပါးများ ဆိုးဝါးစွာ ပြိုကျလျက် ဖြစ်နေပါကြောင်း၊ စတင်ကမ်းပါးပြိုမှုဖြစ်နေချိန်မှ ယခုအချိန်အထိ ရွာမြေ၊ ယာမြေဧကပေါင်း ၄၅၀ ခန့် ၎င်းကျေးရွာနေပြည်သူများ နစ်နာဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း။

သို့ပါ၍ ဧရာဝတီမြစ်ရေ ဆက်လက်တိုက်စားမှုဖြစ်ပေါ်နေပါက ကြက်တန်းကုန်း၊ ကျွန်းညို ကြီး၊ ကျွန်းဦး၊ စပယ်ဦး၊ လယ်ယာ(အရှေ့)၊ လယ်ယာ(အနောက်)၊ သိမ်ကုန်း၊ မရိုးကုန်း၊ ထနောင်း ကုန်း၊ ရှားတော၊ မယ်ဇလီပင်ကုန်း၊ နုန်းဖိုကုန်း၊ ရေလယ်ဇီးတော၊ ဘုံတာ၊ ဦးကျွန်း၊ လက်ပံကျွန်း၊ ထောက်ရှာပင် စသည့်ကျေးရွာပေါင်း ၁၅ ရွာရှိ အိမ်ခြေ ၂,၁၇၀၊ အိမ်ထောင်စု ၂,၅၁၀၊ လူဦး‌ရေ ၁၆,၄၅၀ နှင့် ရွာမြေ၊ ယာမြေဧကများစွာတို့မှာ ကမ်းပါးပြိုမှုဘေးအန္တရာယ် ထပ်မံကြုံတွေ့လာနိုင် ဖွယ်ရာ ရှိနေပါသောကြောင့် ကမ်းပါးပြိုကာကွယ်ပေးနိုင်ပါရန်၊ ‌ ၁၉၉၀ ပြည့်နှစ်က လမ်းကြောင်း အတိုင်း ပြန်လည်တူးဖော်ထိန်းကျောင်းပေးနိုင်ပါရန်နှင့် မည်သည့်အချိန်တွင် တူးဖော်ထိန်းကျောင်း ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

          ပခုက္ကူမြို့ရှေ့ရှိ ဧရာဝတီမြစ်သည် အကျယ် ၁.၉ မိုင်ခန့်ရှိပြီး တံတား၏ အောက်ဘက်ရှိ မြစ်အကျယ်သည် ၃.၇ မိုင်ခန့် တိုက်စားကျယ်ပြန့်လျက်ရှိပါကြောင်း၊ တံတားအောက်ဘက်တွင် ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်း (Main Channel) ပြောင်းလဲစီးဆင်းမှုကြောင့် တံတား အောက်ဘက်ရှိ ပခုက္ကူမြို့နယ်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ကျွန်းညိုကြီးအုပ်စု၊ ကျွန်းဦး ကျေးရွာ၊ စပယ်ဦးကျေးရွာနှင့် ကျွန်းညိုရွာသစ်ကျေးရွာ၊ ကျွန်းညိုရွာမကျေးရွာ၊ မြင်းကျွန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာနှင့် မရိုးကုန်းကျေးရွာများသို့ ဦးတိုက်စီးဆင်းလျက်ရှိပါကြောင်း၊ တင်ပြထားသည့် အတိုင်းအဝါလိုင်းနှင့် နေရာသည် ရေဦးတိုက်လျက်ရှိကြောင်း၊  ကျေးရွာများရှေ့မျက်နှာချင်းဆိုင်ရှိ သဲသောင်ခုံများလည်း တဖြည်းဖြည်းကြီးမားလာပြီး မြစ်၏ ရေနက်စီးကြောင်းသည် မြင်းကျွန်း ကျေးရွာ၊ လက်ပံခုံကျေးရွာ၊ ထနောင်းကုန်းကျေးရွာများဆီကို ကပ်၍စီးဆင်းသည့် အတွက် ၂၁၂၁ မှ ၂၀၂၅ ခုနှစ်အတွင်း မူလမြစ်ကမ်းပါးမှ အနောက်ဘက်သို့ စုစုပေါင်း ၅၂၀ ဧကခန့် ရေတိုက်စား ခံခဲ့ရပါကြောင်း၊ နွေရာသီရေစစ်အချိန်တွင်ပင် ကမ်းပြိုသည့်ကျေးရွာများ၏ရှေ့ရှိ အဆိုပါရေနက်အိုး သည် ၈ မီတာမှ ၁၀ မီတာအထိ ရေအနက်ရှိခြင်းနှင့် ကမ်းပါးမြေသည် သဲဆန်သည့် နုန်းမြေ(မြေနု) ဖြစ်ခြင်းကြောင့် ဧရာဝတီမြစ်ရေများချိန်များတွင် လွယ်ကူစွာ ကမ်းပါးတိုက်စားခံရခြင်းနှင့် ရေနည်း ချိန်တွင် အောင်းရေပြန်ထွက်ခြင်းများကြောင့်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း။

          ပခုက္ကူမြို့၏အောက်ဘက် မြစ်ကမ်းတစ်လျှောက် ကျေးရွာများဖြစ်သည့် ကျွန်းညိုကြီးအုပ်စု၊ ကျွန်းဦးကျေးရွာ၊ စပယ်ဦးကျေးရွာနှင့် ကျွန်းညိုရွာသစ်ကျေးရွာများအပါအဝင် မြင်းကျွန်းကျေးရွာ အုပ်စုနှင့် တင်းဂတ်ကျေးရွာ အုပ်စုရှိကျေးရွာများတွင် နှစ်စဉ်မြစ်ရေတက်ချိန်များတွင် ရေဦးထိုး တိုက်စားမှုနှင့် မြစ်ကမ်းပါးပြိုမှုများထိန်းသိမ်းရန်မှာ တိုက်ရိုက်ကာကွယ်မှုနှင့် သွယ်ဝိုက် ကာကွယ် မှုများကို လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ တိုက်ရိုက်ကာကွယ်မှုအနေဖြင့်လက်ရှိကမ်းပြိုမှု ခံစားနေရသည့် ကျေးရွာများ တစ်လျှောက်တွင် သဲအိတ်များ၊ Geo Bags များ၊ Geotextile များဖုံးအုပ်ခြင်းကို အလျား ၁၆,၀၀၀ ပေနှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သွယ်ဝိုက် ကာကွယ်မှု အနေဖြင့် ပုံတွင်တင်ပြထားသည့်အဝါလိုင်းအထူနေရာကိုပခုက္ကူတံတားမှ အောက်ဘက်သို့ စီးဆင်း သည့် ရေလမ်းကို သူကောင်းတည်ကျွန်းကိုဖြတ်ပြီး အောက်ဘက်သို့စီးဆင်းသည့် အလျား ၅,၆၀၀ မီတာ၊ အကျယ် ၇၀ မီတာ၊ အနက်ရေစစ်မျဉ်းအောက် ၃ မီတာရရှိရန် သောင်တူးဖော်ခြင်းလုပ်ငန်း ကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

          ထို့အပြင် ကျွန်းဖြတ်သောင်တူးဖော်ခြင်းလုပ်ငန်း အထောက်အကူပြုလုပ်ငန်း အနေဖြင့် တံတား အောက်ဘက် ပခုက္ကူကျွန်းပေါ်မှ အလျား ၈၀၀ မီတာ၊ အကျယ် ၁၂၀ မီတာရှိသည့်ရေကာ ၂ ခုတည်ဆောက်ခြင်းလုပ်ငန်းကိုလည်းဆောင်ရွက်ပေးရမည်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ ပို့ဆောင် ရေး ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်းတွင်ကျွန်းညိုကြီးကျေးရွာနေ ဦးအေးမောင်၏တင်ပြချက်အရ ကျွန်းညို ကြီး ကျေးရွာ၊ မရိုးကုန်းကျေးရွာနှင့် မြင်းကျွန်းကျေးရွာအကြား ကမ်းပါးပြိုကျမှု သက်သာ စေရေး အတွက် သံမဏိကြိုးဆိုင်းရေကာ အလျား ၂၀၀ ပေ၊ ၁၅ ချောင်း အတန်းလိုက်ချထားခြင်း လုပ်ငန်း ကို ထိန်းသိမ်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း။

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကမ်းပြိုမှုခံစားနေရသည့် ကျေးရွာများတစ်လျှောက် သဲအိတ်များ၊ Geo Bags များချထားခြင်း၊ Geotextile ဖုံးအုပ်ခြင်း၊ ပခုက္ကူတံတားမှ အောက်ဘက်သို့ စီးဆင်းသောရေလမ်းအား သူကောင်းတည်ကျွန်းကိုဖြတ်၍ အောက်ဘက်သို့စီးဆင်းစေမည့် အလျား ၅,၆၀၀ မီတာ၊ အကျယ် ၇၀ မီတာ၊ ရေအနက် ၃ မီတာရရှိစေရန် သောင်တူးဖော်ခြင်း၊ တံတား အောက်ဘက် ပခုက္ကူကျွန်းမှ အလျား ၈၀၀ မီတာ၊ အကျယ် ၁၂၀ မီတာရှိ ရေကာနှစ်ခုတည်ဆောက် ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာများ မြစ်ရေ တိုက်စားမှုမှကာကွယ်ရန် ရေရှည်ဆောင်ရွက်သင့်သည့် အစီအမံများမှာ နယ်မြေအခြေအနေ အရ လုံခြုံစိတ်ချ၍ လုပ်ငန်းများအကောင်အထည်‌ဖော်ဆောင်ရွက်နိုင်သည့် အချိန်တွင် ရန်ပုံငွေ ရရှိရေး အတွက် တင်ပြတောင်းခံ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

          သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိကျေးရွာများ ဧရာဝတီမြစ်ရေ တိုက်စားမှု သက်သာစေရေး၊ သံမဏိကြိုးဆိုင်းရေကာများဖြင့် ကမ်းပါးထိန်းသိမ်းခြင်းလုပ်ငန်းများ ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၏ မိုးရာသီရေများချိန် အရေးပေါ်ကာကွယ်ရေး လုပ်ငန်း ရန်ပုံငွေနှင့် ထပ်မံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ရေကြောင်းပြောင်းလဲ ခြင်း၊ မြစ်ကမ်းပါး များထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဖြစ်နိုင်ချေဆန်းစစ် လေ့လာ ခြင်း၊ စီမံချက်များရေးဆွဲခြင်းများကို ဆောင်ရွက်ပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ် သည့်အတွက် နယ်မြေအခြေအနေအရ လုံခြုံစိတ်ချရ၍ လုပ်ငန်းများအကောင် အထည်ဖော် ဆောင်ရွက်နိုင်သည့်အချိန်တွင် ရန်ပုံငွေတောင်းခံရရှိမှုအပေါ်မူတည်၍ နှစ်အလိုက်စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချိန်တွင်လည်း ပို့ဆောင်ရေးဝန်ကြီးဌာနအနေ ဖြင့် နည်းပညာအကူအညီများပေးပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။