နောက်ဆုံးရသတင်းများ
လူမှုကွန်ရက်အသုံးပြုသူတိုင်း သိထားသင့်သည့် ဆိုက်ဘာလုံခြုံရေး တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆောင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လူငယ်၊ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ တို့အား တွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ (၂၀-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
MY EN

(ဂ)- ဦးကျော်ကျော်အောင်(ဝိုင်းမော်မဲဆန္ဒနယ်)-မေးခွန်း

2026-07-20
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကျော်ကျော်အောင်(ဝိုင်းမော်မဲဆန္ဒနယ်)

ဝိုင်းမော်မြို့နယ် မြစ်ကမ်းဘေးနေရာများတွင် ရေကာတာမြစ်ကမ်းထိန်းနံရံ ၈,၂၅၀ ပေအား ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိနှင့် အပြီးဆောင်ရွက်နိုင်ခြင်းမရှိပါက မည်သည့် ဘဏ္ဍာရေး နှစ်တွင် စတင် ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဝိုင်းမော်မြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်၌တည်ရှိပြီး မြစ်ကြီးနားမြို့ တစ်ဖက် ကမ်းတွင်တည်ရှိပါကြောင်း၊ နှစ်စဉ်နီးပါး မိုးရာသီရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး မြစ်ရေထိုး၍ ကမ်းပါးများပြိုကျပါကြောင်း၊ မြစ်ရေမြင့်တက်လာစဉ် ကမ်းပါးပြိုသည့်အနိမ့်နေရာများမှ ရေများ ဝင်လာပြီး ရေလွှမ်းခံရ၍ ရေလွတ်ရာသို့ ရှောင်ကြရပါကြောင်း၊ ပြည်သူများသည် တစ်ဖက်က အကြမ်းဖက်ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်ရသလို ရေဘေးပါ ပြန်ရှောင်ရ၍ အတိဒုက္ခ ရောက်နေကြရပါကြောင်း။

ကမ်းထိန်းနံရံဆောက်လုပ်ပြီးသောနေရာများတွင် ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာ ရောက်သည်အထိ ရေမဝင်သော်လည်း အမှတ်()ရပ်ကွက်အနိမ့်ပိုင်းတွင် မြစ်ရေ ၁,၀၀၀ စင်တီမီတာကျော်သည်နှင့် ရေများဝင်လာပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ၂၀၂၅ ခုနှစ် ၂ နှစ်ဆက် တိုက် ဝိုင်းမော်မြို့ ရေလွှမ်းခံရပြီး ဇွန်လအကုန်၊ ဇူလိုင်လများတွင် ရေကြီးလေ့ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ခတ်ချိုကျေးရွာတွင် အလျားပေ ၁,၀၀၀၊ ၂၀၂၁ ခုနှစ်အထိ မုတ်လွဲ ကျေးရွာတွင် လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိုင်းနားကျေးရွာတွင် ပေ ၃,၀၀၀ တို့ကို အစိုးရအဆက်ဆက်မှ ကမ်းထိန်းနံရံများ ဆောက်လုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ရေထိုး မြေပြိုပြီး ကမ်းထိန်းနံရံ မဖြစ်မနေဆောက်လုပ်ပေးရန် ကျန်နေသည့် ခတ်ချိုကျေးရွာ အုပ်စု၊ ဗောဓိကုန်းရွာနှင့် မခန္တီးရွာကြား အလျား ၂,၄၀၀ ပေခန့်၊ မုတ်လွဲကျေးရွာရှိ နောက်ဆုံး အကန့် ကာရံ ရန်ကျန်သည့် အလျား ၅၅၀ ပေ၊ အမှတ်()ရပ်ကွက်အနိမ့်ပိုင်း အလျား ၂,၀၀၀ ပေ၊ မိုင်းနား ကျေးရွာအုပ်စု၊ ဟိုးလော်ရွာမြစ်ကမ်းဘေး  အလျား ၃,၀၀၀ ပေ၊ မိုင်းနားရွာ၊ ဧရာနဒီခန်းမဘေး အလျား ၃၀၀ ပေ စုစုပေါင်းရေကာတာမြစ်ကမ်းထိန်းနံရံ ၈,၂၅၀ ပေခန့် ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အလျား ၈,၂၅၀ ပေရှိသည့် ရေကာတာမြစ် ကမ်းထိန်း နံရံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အပြီးဆောင်ရွက်နိုင်ခြင်း မရှိပါကမည်သည့် ဘဏ္ဍာရေး နှစ်တွင် မည်သည့်နေရာအား အပိုင်းလိုက် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က 

မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ရေကြောင်းစီးဆင်းမှုအခြေအနေသည် ဗလမင်းထင်တံတား အောက်ဘက်တွင် အရှေ့ဘက်ကမ်း၊ မိုင်းနားကျေးရွာဘက်ကိုချဉ်းကပ်ပြီး မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ဘုရားကမ်းဘက်သို့ ဦးတည်စီးဆင်းပါကြောင်း၊ ထို့နောက် မြစ်ကြီးနားကမ်းဘက် တွင် ပင်မရေလမ်းကြောင်း(Main Channel)အဖြစ် ဝိုင်းမော်၊ ခတ်ချိုဘက်ကမ်းတွင် Secondary Channel အဖြစ်လည်းကောင်း စီးဆင်းသွားပြီး ခတ်ချိုကျေးရွာအောက်ဘက် မခန္တီးကျေးရွာအနီး တွင် ပင်မရေလမ်းကြောင်း(Main Channel)အဖြစ် ပြန်လည်စီးဆင်းပါကြောင်း။

ဧရာဝတီမြစ်၏မျှော်မှန်းရေလမ်းကြောင်းအရ ဗလမင်းထင်တံတားမှ အောက်ဘက်သို့ ဖြောင့်တန်း စီးဆင်းလာပြီး နောင်တာလောကျွန်းအား ဖြတ်ပြီးနောက် မြစ်ကြီးနားမြို့ဘက်ခြမ်းမှကပ်၍ အောက်ဘက်သို့ ပင်မရေလမ်းကြောင်း(Main Channel)အဖြစ် စီးဆင်းစေမည်ဖြစ်ပါကြောင်း၊ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဗလမင်းထင်တံတားအောက်ဘက်၌ သောင်တူးလုပ်ငန်းအားလည်း ကောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နောင်တာလောကျွန်း သောင်တူးလုပ်ငန်းအားလည်း ကောင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် ရေလမ်းကြောင်းဖြောင့်တန်းလာမည်ဖြစ်သဖြင့် ဝိုင်းမော် မြို့ဘက်ခြမ်းတွင် ရေစီးနှုန်းလျော့ကျပြီး ရေတိုက်စားမှုသက်သာလာစေမည်ဖြစ်ပါကြောင်း။ 

ဝိုင်းမော်မြို့နယ်အတွင်း ကမ်းပြိုမှုအခြေအနေသည် အထက်ဘက်ရေကြောင်းချဉ်းကပ်နိုင် သည့် မိုင်းနားနှင့်ဟိုးလော်ကျေးရွာတွင် အဓိကတိုက်စားမှုရှိပြီး အောက်ဘက်ဝိုင်းမော်မြို့နှင့် ခတ်ချို ကျေးရွာများတွင်လည်း မြစ်ကမ်းပါးတိုက်စားမှုရှိကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝိုင်းမော် မြို့နယ်၊ မုတ်လွဲနှင့် ခတ်ချိုကျေးရွာများ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျောက်စီမြေထိန်း တမံအလျား စုစုပေါင်း ၇,၈၀၀ ပေ၊ ဝိုင်းမော်မြို့၊ ဝိုင်းမော်စက်လှေဆိပ်အထက်မှ အမှတ်() ရပ်ကွက်အထိ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းအနေဖြင့်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျောက်စီမြေထိန်းတမံအလျားစုစုပေါင်း ၃,၀၆၀ ပေနှင့် မိုင်းနားအုပ်စုရှိ ဟိုးလော်ကျေးရွာ ကမ်းပြို ကာကွယ်ရေးအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် Toe Wall နှင့် Geo Bags ချခြင်း အလျားပေ ၃,၀၀၀ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ဧရာဝတီမြစ်၊ မြစ်ကြီးနားရေလမ်းအား မျှော်မှန်းရေလမ်းကြောင်းအတိုင်း ဖြစ်ပေါ် စေရေး ဆောင်ရွက်လျက်ရှိရာ အဆိုပါရေလမ်းကြောင်း စီးဆင်းမှုမှန်ကန်ပါက ဝိုင်းမော်မြို့နယ်၊ မုတ်လွဲနှင့် ခတ်ချိုကျေးရွာများ ကမ်းပြိုမှုမှ လျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊ ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းများအနေဖြင့် ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စုရှိ ဟိုးလော်ရွာမြစ်ကမ်း ဘေး၌ အလျား ၃,၀၀၀ ပေတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် အပေါ်ပိုင်း မြေထိန်းနံရံ၊ ကန့်လန့် ကျောက်ရိုးများနှင့် တမံစီခြင်းလုပ်ငန်းအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေထည့်သွင်း လျာထားမည်ဖြစ်ပါကြောင်းနှင့် အောက်ဘက်ရေလမ်းကြောင်း(Main Channel)တွင် ရေတိုက် စားနိုင်သည့် ခတ်ချိုကျေးရွာအောက်ပိုင်း ဗောဓိကုန်းနှင့် မခန္တီးကျေးရွာကြားအပိုင်းအား ပြည်ထောင် စုဘဏ္ဍာရန်ပုံငွေဖြင့် နှစ်အလိုက် လျာထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးကျော်ကျော်အောင်(ဝိုင်းမော်မဲဆန္ဒနယ်က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

ကမ်းထိန်းနံရံရေကာတာ နောက်ဆုံးအကန့်တစ်ခုသာ ကျန်သည့် မုတ်လွဲကျေးရွာ ပေ ၅၅၀ သည် ယခုဆိုလျှင် ရေထိုး၍ ကမ်းပြိုပြီး မြစ်ကမ်းဘေးလမ်းတောင် မရှိလောက်အောင်ဖြစ်နေသည့် အတွက် မုတ်လွဲရွာမှ နောက်ဆုံးအကန့်ကျန်သည့် ပေ ၅၅၀ ကို ပြည်နယ်အစိုးရ၏ရန်ပုံငွေမှဖြစ်စေ၊ ဝန်ကြီးဌာန၏ ရန်ပုံငွေမှဖြစ်စေ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က

လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် မုတ်လွဲကျေးရွာ အလျား ၅၅၀ ပေ နေရာသည် ဆောင်ရွက်ရန် ကျန်ရှိနေသည့် နေရာဖြစ်ပါကြောင်း၊ Main Channel ကြီးကို မတူးလျှင်၊ မဖော်လျှင် မုတ်လွဲကျေးရွာသည် မြစ်၏ဦးတိုက်စီးဆင်းရာနေရာလိုမျိုးဖြစ်နေသည့်အတွက် ကမ်းပါးထပ်ပြိုမည် ဖြစ်ပါကြောင်း၊ ယခု Main Channel ကို ဖောက်လိုက်လျှင် ထိုနေရာသို့ ရေမရောက်သည့်အတွက် တိုက်စားမှုမရှိတော့ပါကြောင်း၊ သို့သော် ယခုလက်ရှိပြိုနေသည့် အခြေအနေအပေါ်မူတည်၍ ပြည်နယ်အစိုးရနှင့် ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။