ဦးခင်မောင်မြင့်(တိုက်ကြီးမဲဆန္ဒနယ်)
တိုက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအား ကျောင်းဆောင် သစ်ဆောက်လုပ်ပေးပြီး မူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ မရှိသိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တိုက်ကြီးမြို့နယ်အတွင်းရှိ ဘိန္နောကျေးရွာအုပ်စုတွင် ကျောင်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ဘန့်ကွင်းဝင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ ပျော်ဘွယ်စုကျေးရွာ အခြေခံပညာမူလတန်းကျောင်း ၃ ကျောင်းမှ Grade-5 အောင်မြင်ပြီးသော ကျောင်းသားဦးရေသည် နှစ်စဉ် ၂၀ ဦးမှ ၃၀ ဦးအထိ ရှိပါကြောင်း၊ အဆိုပါ Grade-5 အောင်မြင်ပြီး Grade-6 တက်မည့် ကျောင်းသားများသည် ပေ ၁,၀၀၀ ခန့်ကျယ်ဝန်းသော လှိုင်မြစ်ကို လှေဖြင့်ကူး၍ မြစ်ဆိပ်မှ ဝဲကြီး ကျေးရွာသို့ ၁ မိုင်ခန့်သွားရခြင်း၊ ဝဲကြီးကျေးရွာမှ မြသဒ္ဒါဘုရားသို့ ၂ မိုင်ခန့်သွားရခြင်း၊ မြသဒ္ဒါ ဘုရားမှ အုတ်ကန်ရွာမကျေးရွာသို့ ၁ မိုင်ခန့်သွားရခြင်း၊ အုတ်ကန်ရွာမကျေးရွာမှ သိမ်ကုန်း အထက်တန်းကျောင်း(ခွဲ)သို့ ၁ မိုင်ကျော်သွားရခြင်း စုစုပေါင်း ၅ မိုင်ခန့်သွားမှ ကျောင်းသို့ရောက်ရှိ ကြကြောင်း။
ကလေးများသည် ကျောင်းကုန်းကျေးရွာမှ မြစ်ဆိပ်သို့ သွားရပါကြောင်း၊ လှိုင်မြစ်ကိုကူး၍ တစ်ဖက်ကမ်းကို ကျောင်းသွားရပါကြောင်း၊ လှိုင်မြစ်တစ်ဘက်ကမ်း မြစ်ဆိပ်မှ ဝဲကြီး ကျေးရွာကို ၁ မိုင်ခန့်၊ ဝဲကြီးကျေးရွာမှ မြသဒ္ဒါဘုရားကုန်းသို့ ၂ မိုင်ခန့်၊ မြသဒ္ဒါဘုရားမှ ပြည်လမ်းဘေးရှိ အုတ်ကန် ရွာမကျေးရွာသို့ ၁ မိုင် ခန့်၊ အုတ်ကန်ရွာမကျေးရွာမှ ပြည်လမ်းအတိုင်း ၁ မိုင်ကျော် သိမ်ကုန်း ကျေးရွာအထက်တန်းကျောင်း(ခွဲ)သို့ သွားရသည့် လမ်းခရီးဖြစ်ပါကြောင်း၊ ထိုလမ်းခရီးများ အကုန်လုံးကို သွားရသည့် ကျောင်းသားမိဘများသည် ဆင်းရဲနွမ်းပါးသူသည့်အတွက် ယာဉ်ကြီး၊ ယာဉ်ငယ်များ၊ စက်ဘီး၊ ဆိုင်ကယ်များနှင့် သွားလာမှုမပြုနိုင်ကြတော့ဘဲ ခြေလျင်သွားရသည့် ခရီးများဖြစ်ပါကြောင်း၊ Grade-6 တက်မည့် ကလေးများသည် ၁၁ နှစ်သားဝန်းကျင်သာ ရှိသော ကြောင့် နွေ၊ မိုး၊ ဆောင်း လှိုင်မြစ်တစ်ဖက်ကမ်းကူး၍ ၅ မိုင်ခန့်ဝေးသော ခရီးကို သွားရောက် တက်ရသည့်အတွက် တချို့မိဘများ စိတ်မချ၍ ကျောင်းမထားကြသောကြောင့် အဆိုပါဒေသမှ ကလေးများမှာ မူလတန်းအဆင့်နှင့်ပင် ပညာရေးအဟောသိကံများဖြစ်ပေါ်နေလျက်ရှိကြောင်း၊ ထို ကျေးရွာများတွင် မူလတန်း(လွန်)ကျောင်း ၁ ကျောင်းရှိမည်ဆိုလျှင် အလယ်တန်းအဆင့်ထိ ကိုယ့်ရွာကိုယ့်ကျောင်းတွင် တက်ခွင့်ရပြီး အထက်တန်းအဆင့်သို့ ဆက်လက်တက်မည်ဆိုပါက လည်း မိဘများအနေဖြင့် စိတ်ချလက်ချကျောင်းလွှတ်နိုင်သော အခြေအနေရှိမည်ဖြစ်ပါကြောင်း။
ဘိန္နောကျေးရွာအုပ်စု၊ ဘိန္နောကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၁ ကျောင်း ရှိသော်လည်း အဆိုပါကျေးရွာများမှ သွားလာမှုလမ်းပန်းဆက်သွယ်ရေး မရှိခြင်း၊ လျှိုမြောင်ချိုင့်ဝှမ်း၊ မြစ်ကျွန်းများခံနေခြင်းကြောင့် သွားရောက်တက်ရန် မဖြစ်နိုင်သောအခြေအနေဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါကျောင်း ၃ ကျောင်းမှ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း အား ပေ ၆၀ x ပေ ၃၀ ကျောင်းဆောင်သစ် ၁ ဆောင်ဆောက်လုပ်ပေးပြီး အခြေခံပညာမူလတန်း (လွန်) ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
တိုက်ကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ၂၀၀၃-၂၀၀၄ ပညာသင်နှစ်ကနေ စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသက်တမ်းသည် ၂၃ နှစ်ရှိပြီး ကျောင်းမြေ အကျယ် အဝန်း ၀.၇၁ ဧကရှိပြီး ကျောင်းမြေပိုင်ဆိုင်မှုပုံစံ(၁၀၅) ရရှိထားပြီးဖြစ်ပါကြောင်း၊ အနီးဆုံး ကျောင်း ဖြစ်သည့် ဘိန္နောအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ သိမ်ကုန်းအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နှင့် ၅ မိုင်ခန့်ကွာဝေးပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် KG ၂၂ ဦး၊ Grade-1 ၇ ဦး၊ Grade-2 ၁၄ ဦး၊ Grade-3 ၁၀ ဦး၊ Grade-4 ၁၅ ဦး၊ Grade-5 ၈ ဦး စုစုပေါင်း မူလတန်း အဆင့်ကျောင်းသား ၇၆ ဦး ပညာသင်ကြားလျက်ရှိပါကြောင်း၊ ကျောင်းဆောင်သစ်များသည် အဆိုပါ ကျောင်းတွင် ၆၀ ပေ x ၃၀ ပေ သစ်သားဆောင် ၁ ထပ်၊ ၉၀ ပေ x ၃၀ ပေ RC ၁ ထပ် စုစုပေါင်း ကျောင်းဆောင် ၂ ဆောင်ရှိပါကြောင်း၊ မူလတန်းအဆင့်ကျောင်းသား ၇၆ ဦး၊ စာသင်ခန်း ၆ ခန်းဖြင့် သင်ကြားလျက်ရှိသည့်အတွက် ကျောင်းသားတန်းခွဲအရ လက်ရှိအခြေအနေတွင် စာသင်ခန်း လုံလောက်မှုရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ် ကျောင်းအဆင့်တိုးမြှင့်နိုင်ရန် အတွက် မူလတန်းအဆင့် ကျောင်းသားဦးရေ ၂၅၀ အထက်ရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ သောဒေသများ၊ သဘာဝဘေးအန္တရာယ် အတားအဆီးရှိသော ဒေသများဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၂ မိုင်အထက်ဝေးခြင်း၊ သွားလာရလွယ်ကူသော မြေပြန့်ဒေသဖြစ်ပါက ပင်မကျောင်း၊ တစ်ဆင့်မြင့်ကျောင်းနှင့် ၃ မိုင်အထက်ကွာဝေးခြင်း၊ မြေပိုင်ဆိုင်မှု ၅ ဧကရှိရန်ဆို သည့် လျာထားချက်များနှင့်ကိုက်ညီရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျောင်းကုန်း အခြေခံပညာမူလတန်း ကျောင်းတွင် လက်ရှိကျောင်းသားဦးရေ ၇၆ ဦးသာရှိခြင်း၊ ကျောင်းသား၊ တန်းခွဲအချိုးအရ စာသင်ခန်းလုံလောက်မှုရှိခြင်းနှင့် ကျောင်းအဆင့်တိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်လျာထားချက်များ တွင် လိုအပ်ချက်များရှိနေသည့်အတွက် လက်ရှိအခြေအနေတွင် ကျောင်းဆောင်သစ် ဆောက်ပေး ရန်နှင့် အခြေခံပညာမူလတန်း(လွန်)ကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် နောင်တွင် တိုးပွာလာမည့် ကျောင်းသားဦးရေ၊ ကျောင်းမြေအကျယ်အဝန်းနှင့် သတ်မှတ်ချက်များ ပြည့်မီလာလျှင် ကွင်းဆင်းစစ်ဆေးပြီး စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။