ဒေါက်တာထိန်ဝင်း(ကျောင်းကုန်းမဲဆန္ဒနယ်)
ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများဖြစ်သော ရေခလုတ်-ဒေါင့်ကြီးလမ်း၊ ရုံးတော-ပုဂံစုလမ်း၊ ပန်းတောရိုး-ဝက်ခြံဂရက်လမ်းများအား အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် မည်မျှဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်အရေအတွက် ၅ ခု၊ ကျေးရွာ ၆၅ ခုဖြစ်ပြီး မြေဧကခန့်မှန်း ၂၆၀၀၀၀ ကျော်ရှိပါကြောင်း၊ မိမိတင်ပြတောင်းခံသည့် ကျေးရွာချင်းဆက်လမ်း များမှာ ရေခလုတ်-ဒေါင့်ကြီးလမ်း ၁၁ မိုင် ၄ ဖာလုံ၊ ရုံးတော-ပုဂံစုလမ်း ၆ မိုင်၊ ပန်းတောရိုး-ဝက်ခြံဂရက်လမ်း ၆ မိုင် ၆ ဖာလုံတို့ဖြစ်ပါကြောင်း၊ ရေခလုတ်-ဒေါင့်ကြီးလမ်းသည် Class A လမ်းဖြစ်ပါကြောင်၊ လမ်းအရှည်၁၁ မိုင် ၁ ဖာလုံရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၁၁ မိုင်၁ ဖာလုံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ်လမ်း ၀.၅ ဖာလုံခန့်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၁ မိုင် ဆောင်ရွက်ပြီးဖြစ်သည့် အတွက် ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လမ်းကြီးကြပ်ကို ကွန်ကရစ်လမ်း ၁ မိုင် ၅ ဖာလုံနှင့် ကျောက်လမ်း ၉ မိုင် ၃ ဖာလုံခွဲခန့် လွှဲပြောင်းပေးအပ်ပြီး ဖြစ်ပါကြောင်း။
ဒုတိယအနေဖြင့် ပန်းတောရိုး-ဝက်ခြံဂရက်-ပန်းပင်ချောင် ကျေးလက်လမ်းသည် Class A လမ်းအမျိုးအစားဖြစ်ပြီးလမ်းအရှည် ၆ မိုင် ၅ ဖာလုံ ကျော်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်တွင် ကျောက်လမ်း ၄ မိုင် ၅ ဖာလုံ ဆောင်ရွက်ပြီးဖြစ်သည့်အတွက် ၂၀၂၁ခုနှစ်တွင် ကျေးလက်လမ်းဦးစီးဌာနမှ လမ်းကြီးကြပ်ကို ကျောက်လမ်း ၄ မိုင် ခွဲ၊ မြေသားလမ်း ၂မိုင် ၁ ဖာလုံခန့် လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါကြောင်း။
နောက်တစ်လမ်းသည် ရုံးတော-ပုဂံစု-ကျုံတာလမ်း Class A လမ်းအမျိုးအစားဖြစ်ပြီး လမ်းအရှည် ၆ မိုင်ခန့်ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျောက်လမ်း ၃ မိုင် ၂ ဖာလုံ နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၁ မိုင်ကိုဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၁ မိုင်ကို ဆောင်ရွက်ပြီး ၂၀၂၃ ခုနှစ်တွင် ကျေးလက်လမ်းဦးစီးဌာနမှလမ်းကြီးကြပ်သို့ ကွန်ကရစ်လမ်း ၂ မိုင်၊ ကျောက်လမ်း ၁ မိုင် ၂ ဖာလုံနှင့် မြေသားလမ်း ၂ မိုင် ၆ ဖာလုံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
သို့ပါ၍ အဆိုပါကျေးရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးရန်နှင့် အဆင့်မြှင့်တင်ပေး ပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် လျာထားသတ်မှတ်ချက်များ မည်သို့ဆောင်ရွက်သွားမည်ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
မေးခွန်းပါ ၃လမ်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲရသည့် လမ်းများ ဖြစ်ပါကြောင်း၊ ပထမလမ်းဖြစ်သည့် ရေခလုတ်-ဒေါင့်ကြီးလမ်း စုစုပေါင်းမေးခွန်းသည် ၁၁ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း၊ မြေပြင်တွင် ၁၁ မိုင် ၁ ဖာလုံဖြစ်ပါကြောင်း၊ အိမ်မဲ-ကျောင်းကုန်းလမ်း ပေါ်တွင်ရှိပြီး ရေခလုတ်ကျေးရွာမှစတင်၍ အိမ်မဲ-ဒါးကလမ်းကို ဆက်သွယ်သွားလာနိုင်သော လမ်းဖြစ်ပါကြောင်း၊ ဒုတိယလမ်းသည် ရုံးတော-ပုဂံစု-ကျုံတာဖျားလမ်းဖြစ်ပြီး ၆ မိုင်ခန့်ရှိပါ ကြောင်း၊ ၎င်းလမ်းသည် ရွာသစ်ကုန်းကျေးရွာတွင် လမ်းဆုံးပြီး ကျေးရွာ ၅ ရွာကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ တတိယလမ်းသည် ပန်းတောရိုး-ပန်းပင်ချောင်လမ်း ဖြစ်ပြီး အရှည် ၆ မိုင် ၆ ဖာလုံခန့်ရှိပြီး သုံးခွ-ကျုံပျော်လမ်းပေါ်ရှိ ပန်းတောရိုးရွာမှစတင်၍ ပန်းပင်ချောင်ရွာထိဆက်သွယ်ထားသော လမ်းဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင်လမ်းမိုင်ပေါင်း ၂၇၅၃ မိုင်ကျော်ရှိပြီး ကျောက်ခင်း လမ်းအဆင့်မှာ ၄၀၇ မိုင်၊ အမာခံလမ်းအဆင့်၂၂၈ မိုင်ကျော်၊ မြေသားလမ်း ၄၇၆ မိုင်ရှိပြီး paved ratio မှာ ၄၀ ရာခိုင်နှုန်းထိကျန်ပါကြောင်း၊ ပထမလမ်းဖြစ်သည့် ရေခလုတ်-ဒေါင့်ကြီးလမ်း လက်ရှိလမ်းအခြေအနေသည် ကွန်ကရစ်လမ်း ၁ မိုင်ကျော်ရှိပြီး ကျောက်ခင်းလမ်း ၉ မိုင်ကျော် ဖြစ်ပါကြောင်း၊ ၁၁ မိုင် ၁ ဖာလုံဖြစ်ပါကြောင်း။
ဒုတိယလမ်းသည် ရုံးတော- ပုဂံစု-ကျုံတာဖျားလမ်းဖြစ်ပြီး လက်ရှိလမ်းအခြေအနေတွင် ကွန်ကရစ်လမ်း ၂ မိုင်နှင့် ကျောက်ခင်းလမ်း ၁ မိုင်၊ မြေသားလမ်းက ၂ မိုင်ကျော်ကျန်ပါကြောင်း၊ တတိယလမ်းဖြစ်သည့် ပန်းတောရိုး-ပန်းပင်ချောင်လမ်း လက်ရှိလမ်းအခြေအနေသည် ကျောက် ခင်းလမ်းအဆင့် ၄ မိုင်ကျော်ဖြစ်ပြီး မြေသားလမ်း ၂ မိုင်ကျော် စုစုပေါင်း ၆ မိုင် ၆ ဖာလုံခန့် ဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေဖြင့်အောက်ပါလုပ်ငန်းများကို ခွင့်ပြုထားပြီးသားဖြစ်ပါကြောင်း-
ရေခလုတ်-ဒေါင့်ကြီးလမ်း၏ ပျက်စီးမှုများပြားသည့်လမ်းပိုင်းတွင် ကျောက်ခင်းလမ်း အရှည် ၁ ဖာလုံပြုပြင်ခြင်း၊
ရုံးတော-ပုဂံစု-ကျုံတာဖျားလမ်း၏ ပျက်စီးမှုများပြားသည့် လမ်းပိုင်းတွင် ကျောက်ခင်း လမ်းအရှည် ၃ ဖာလုံအား ချောင်းကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်းများ လျာ ထားပြီးဖြစ်ပါကြောင်း။
အဆိုပါလမ်း ၃ လမ်းနှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပထမလမ်းဖြစ်သည့် ရေခလုတ်-ဒေါင့်ကြီး လမ်းပိုင်းကို ပျက်စီးမှု များပြားသည့် လမ်းပိုင်းများအား လမ်းအရှည် ၁ မိုင် ကျောက်ခင်းလမ်း အသစ်ခင်းခြင်းများ ဆောင်ရွက်ခြင်း၊ ဒုတိယလမ်းဖြစ်သည့် ရုံးတော-ပုဂံစု-ကျုံတာဖျားလမ်း၏ မြေသားလမ်းအရှည် ၁ မိုင်အား ကျောက်ခင်းလမ်းအဆင့်ဖြင့် ခင်းခြင်းဆောင်ရွက်ပေးခြင်းနှင့် တတိယလမ်းဖြစ်သည့် ပန်းတောရိုး-ဝက်ခြံဂရက်-ပန်းပင်ချောင်လမ်းအား ပျက်စီးမှုများပြားသော လမ်းပိုင်းများအားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ပြီးမှသာ အဆိုပါလမ်း ၃ လမ်း၏ ကျန်ရှိသည့် လမ်းပိုင်းများကို ရာသီမရွေးသွားလာ နိုင်သောလမ်းအဖြစ် နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင်လျာထားနိုင် ရေးဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုပေါ် မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့် ပေါင်းစပ် ၍ ပြန်လည်ဖြေကြားခဲ့ပါသည်။