ဦးလှမြင့်(မတ္တရာမဲဆန္ဒနယ်)
မတ္တရာမြို့နယ်ရှိ တံငါတံတားအား ပြန်လည်တည်ဆောက်ပေးမည့်အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တံငါတံတားသည် မန္တလေးမြို့မှ မိုးကုတ်မြို့အထိ ရာသီမရွေးဆက်သွယ်သွားလာနိုင်သည့် တံတားဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်တွင် အကြမ်းဖက်များမှ မိုင်းထောင်ဖောက်ခွဲခဲ့သည့် အတွက် တံတား၏မြောက်ဘက်ခြမ်းကုန်းတက် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊ တံငါတံတား (မြောက်ပိုင်း)ကို မြို့နယ်ရှိ တပ်မတော်မှဦးစီးပြီး ဌာနဆိုင်ရာများနှင့် လာရောက်စစ်ဆေးပြီး ၅ ရက်အတွင်း ပျက်စီးသွားသည့်အပိုင်းကို ယာယီတံတား ပြန်လည်တည်ဆောက်ပေးခဲ့ပါကြောင်း၊ သို့သော် တံငါတံတား၏ မူလခံနိုင်ဝန်သည် ၆၀ တန်ဖြင့် ဖြတ်သန်းသွားလာနိုင်ပြီး ယခုအခါ အများဆုံး တန် ၃၀ သာ ဖြတ်သန်းနိုင်ခွင့်ရခဲ့ပါကြောင်း၊ ထို့အပြင် လတ်တလောသတ်မှတ် တန်ချိန်နှင့် တင်ဆောင်ဖြတ်သန်းမှုမပြုစေရန်ကိုလည်း တပ်မတော်မှ နေ့ရောညပါတာဝန်ယူ စောင့်ရှောက်လျက်ရှိပါကြောင်း။
ယခုပျက်စီးခဲ့သည့် တံငါတံတားသည် မန္တလေး-မိုးကုတ်လမ်း၏ အဓိကအချက်အချာကျပြီး ကုန်စည်အပြည့်အဝ စီးဆင်းမှုကို လျင်မြန်စွာရောက်ရှိနိုင်သည့် တံတားဖြစ်ပြီး မူလခံနိုင်ဝန်တန် ၆၀ ဖြင့် ကုန်စည်အပြည့်အဝ ဖြတ်သန်းသွားလာနိုင်ရန်နှင့် လုံခြုံစိတ်ချစွာရောက်ရှိစေရန်အတွက် မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
တံငါတံတားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း ပေါ်တွင် တည်ရှိပြီး တံတားအရှည်သည် ပေ ၃၆၀၊ ခန်းဖွင့် ၆၀ ပေ၊ ၆ ခန်းဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတားအမျိုးအစား ဖြစ်ပါကြောင်း၊ ၃-၁၀-၂၀၂၅ ရက်တွင် အကြမ်းဖက်အဖွဲ့ များကြောင့် တံငါတံတား၏ရေလယ်တိုင် P4 တစ်စိတ်တစ်ပိုင်း ကြေမွပျက်စီးခဲ့ပြီး မိုးကုတ်ဘက်ကမ်း ရေလယ်တိုင် P5 နှင့် ကမ်းကပ်ခုံ A2 ကြားတွင် ကွန်ကရစ်ယက်မကြမ်းခင်းများ ကျိုးကျပျက်စီးခဲ့ပါကြောင်း၊ တံတားဟောင်းသည် တံတားသစ်ဆောက်သည်ထက် ပို၍ ခက်ခဲပါ ကြောင်း၊ တံတား၏ ခံနိုင်ဝန်များ ပြန်၍ ဒီဇိုင်းတွဲခြင်း၊ Soil Test များလုပ်ပါကြောင်း၊ တံတားအပျက် အစီးများ ပထမဦးဆုံး ဖယ်ပြီး ဆောင်ရွက်ရပါကြောင်း။
ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် မော်တော်ယာဉ် များ အန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ၃-၁၀-၂၀၂၅ ရက်မှာ မိုင်းခွဲဖျက်ဆီးခံရသည့် တံငါတံတားကို တံတားဦးစီးဌာနနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်း၍ အရှည်ပေ ၂၂၀၊ နှစ်လွှာနှစ်ထပ် ယာယီဘေလီတံတားထိုးခဲ့ပြီး ဘေလီတိုင်စင်များထောက်ပေးခြင်းနှင့် ဆက်သွယ်ပြီး တံတားခံနိုင်ဝန်ကို ၃၀ တန်အထိသာ လက်ရှိ ယာယီခွင့်ပြုထားခဲ့ပြီး လုပ်ငန်းမရပ်ထားဘဲ ဒီဇိုင်း လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထိုတံတားကို ပြန်လည်ပြုပြင်ခြင်းအနေဖြင့် ကြေမွနေသည့် ရေလယ်တိုင် P4 နှင့် ကမ်းကပ်ခုံ A2 တို့ကို RC Jacketing ကို လုပ်ရပါကြောင်း၊ ၎င်း၏ ဒီဇိုင်းသည် အပေါ်မလုပ်သေးဘဲ အောက်၏ PR တိုင်များကို Soil Test လုပ်ပြီးမှ ခိုင်ခံ့မှုကို ပြန်လည်၍ မူလတန် ၆၀ ရောက်အောင် Jacketing များ အရင်လုပ်ရပါကြောင်း၊ Anchor Fix Epoxy ဆိုသည်မှာ Epoxy နှင့် သံချောင်းများကို ပြန်ထိုးပြီး Joint သည့် စနစ်လုပ်ပြီး PR တိုင်အောက်ခြေကို အရင်လုပ်ရပါကြောင်း၊ အပေါ်မှလည်း တံတားများဖြတ်ပြီး Bonding Agent Admixture ဆိုသည်မှာ ၎င်း၏ Admixture ကို အသုံးပြုပြီး ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ သာမန်ပြင်ဆင်ထိန်းသိမ်း၍ရသည့် တံတားမဟုတ်ပါကြောင်း။
တံငါတံတားပေါ်တွင် လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေးအတွက် ယာဉ်များဖြတ် သန်းခွင့်ပြုပေးထားသည့် ယာယီဘေလီတံတား၊ မူလအတိုင်း ပြန်ဆောက်ပေးပါဆိုလျှင်လည်း ထို တံတားကြီးကို ပြန်မဖျက်ရအောင်၊ တံတားကိုမြှောက်ပြီး ယာယီဘေလီတံတားကြီးကို ထိုးထားပါ ကြောင်း၊ မြှောက်ထားသည့် အောက်တွင် တံတားကို မဖျက်သိမ်းဘဲ ရေလယ်တိုင် P5 နှင့် ကမ်းကပ်ခုံ ကြားရှိ အောက်မှဝင်ပြီး သံကူကွန်ကရစ်ယက်မနှင့် ကြမ်းခင်းများကို ပြန်လည်တည်ဆောက်သွား မည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ လက်ရှိလည်းဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် ထိုတံတားကြီးသည် ၂၀၂၆ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် အပြီးသတ် ပြီးစီးအောင် ခက်ခက်ခဲခဲ နှင့် ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။