ဦးညွန့်ဆောင်(ရမည်းသင်းမဲဆန္ဒနယ်)
ရမည်းသင်းမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဥယျာဉ်လယ်ယာသီးနှံထွက်ကုန်များကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံအနှံ့အပြားတွင် တခြားသော ကုန်ကြမ်းများကိုလည်း အလားတူတန်ဖိုးမြင့် ထုတ်ကုန်အဖြစ် သုတေသနပြုမည်၊ အသိပညာပေးလေ့ကျင့်မည်၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် ရောင်းချမည်ဆိုလျှင် အကျိုးကျေးဇူး များစွာ ဖြစ်ထွန်းနိုင်မည်ဖြစ်ပါကြောင်း၊ ကုန်ချောများအဖြစ် ထုတ်လုပ်ရောင်းချမည်ဆိုလျှင် (၁) တစ်ဦးချင်းဝင်ငွေများ ပိုမိုတိုးတက်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့်လမ်းများ ပိုမိုတိုးတက်ဖြစ်ထွန်းနိုင်ခြင်း၊ ပြည်တွင်း ပြည်ပဈေးကွက်များကို ထိုးဖောက်နိုင်ခြင်း၊ ကျွမ်းကျင်အလုပ်သမားများ မွေးထုတ်ပေးနိုင်ခြင်း၊ ပြည်ပပို့ကုန်အဖြစ်ပါ ဆောင်ရွက်နိုင်ပါက နိုင်ငံခြား ဝင်ငွေ ပိုမိုတိုးတက်ရရှိနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ခြင်း၊ မိမိတို့တွင်ရှိပြီးဖြစ်သည့် အတတ် ပညာရှင်များ၏ သုတေသနအခန်းကဏ္ဍများကို ယခုထက် ပိုမိုတိုးမြှင့်ပေးနိုင်ခြင်းတို့ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ပမှသွင်းနေသည့် သွင်းကုန်များကို အစားထိုးပြီး တန်ဖိုးမြင့်ကုန်ပစ္စည်းများလည်း ပေါ်ပေါက်လာမည်ဟု သုံးသပ်တင်ပြလိုပါကြောင်း။
သက်ဆိုင်ရာအစိုးရဌာနများမှလည်း ထိုလုပ်ငန်းဆောင်ရွက်နေမှုကို မြန်မာနိုင်ငံအနှံအပြား တွေ့ရပါကြောင်း၊ ထိုလုပ်ငန်းများသည် တစ်ဦးချင်းအတွက်လည်းကောင်း၊ ဒေသအတွက်လည်း ကောင်း၊ နိုင်ငံ့အတွက်လည်းကောင်း အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် ယခုထက် ပိုမို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ပါရန် လုပ်ငန်းစဉ်တစ်ခု တင်ပြဆောင်ရွက်လိုပါကြောင်း၊ (၁) ရမည်းသင်း မြို့နယ်အတွင်းတွင် သုတေသနဌာနနှင့် ကုန်ထုတ်ဌာနတစ်ခု တွဲဖက်ဖွင့်လှစ်ခြင်း၊ (PILOT PROJECT) အဖြစ် ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ (၂) သင်တန်းများဖွင့်လှစ်လေ့ကျင့်ပေးခြင်း၊ (၃) အရှိန်ရလာပါက ကျေးရွာအလိုက် ကုန်ထုတ်စခန်းများဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ထုတ်သည့်အရှိန်ရလာပါက အိမ်ထောင်စု အလိုက် အိမ်တွင်း အသေးစား စက်မှု၊ လက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဆက်လက်၍ တခြားမြို့နယ်များတွင်ပါ အလားတူ ဖော်ဆောင်ပေးခြင်းတို့ဖြစ်ပါကြောင်း။
အစိုးရကဦးဆောင်ပြီး အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်စေလျက် ရမည်းသင်းမြို့နယ် တွင် သုတေသနနှင့် ကုန်ထုတ်စခန်းတစ်ခု (PILOT PROJECT) အဖြစ် စတင်ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ပါရန်နှင့် တင်ပြပါလုပ်ငန်းစဉ်နှင့်တကွ ဒေသတွင်းကုန်ကြမ်းများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် အိမ်တွင်းအသေးစား စက်မှု၊ လက်မှုလုပ်ငန်းများအဖြစ် ထူထောင်ပေးပြီး တစ်နိုင်ငံလုံးကိုပါ လွှမ်းခြုံ နိုင်သည်အထိ ကျယ်ပြန့်စွာ စီမံဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က
ရမည်းသင်းမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဥယျာဉ်လယ်ယာသီးနှံထွက်ကုန်များကို ကျေးရွာအလိုက်ဖြစ်စေ၊ အိမ်ထောင်စုအလိုက်ဖြစ်စေ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရမည်းသင်း မြို့နယ်တွင် အဓိကထွက်ရှိသည့် မန်ကျည်းသီးမှ မန်ကျည်းအနှစ်၊ မန်ကျည်းဖျော်ရည်၊ မန်ကျည်း ဆပ်ပြာနှင့် ဆေးဝါးကုန်ကြမ်းများ ထုတ်လုပ်နိုင်စေရန်လည်းကောင်း ငရုတ်သီးမှ ငရုတ်သီးဆောစ့်အနှစ် အသင့်စား ဟင်းချက်အထုပ်များ ထုတ်လုပ်နိုင်စေရန်နှင့် အဆိပ်အတောက်မှိုဖြစ်ခြင်းကို ရှောင်ရှားနိုင် ရန်လည်းကောင်း၊ စပျစ်သီးအပါအဝင် သစ်သီးခြောက်၊ ဝိုင်နှင့် အခြားတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်လည်းကောင်း တန်ဖိုးမြင့်ထုတ်ကုန် နည်းပညာအသိပညာပေးဆွေးနွေးပွဲများကို မိမိတို့ဝန်ကြီးဌာနအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သော ဝန်ကြီးဌာနများမှ ပညာရှင်များနှင့် ပူးပေါင်းကျင်းပပြုလုပ် ပေးခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၊ စံချိန်စံညွှန်းပြည့်မီစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းကြောင်း ထောက်ခံချက်များရရှိစေရန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနများရှိ သုတေသနဌာနများ၊ ဓာတ်ခွဲခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ထုပ်ပိုးမှုစနစ်နှင့်စပ်လျဉ်း၍ အကြံဉာဏ်ပေးခြင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဒေသထွက်ကုန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များကို လူသိများလာစေရန်နှင့် လက်ကားဖြန့်ချီသူ များနှင့် ချိတ်ဆက်မိစေရန်အတွက် ပြပွဲ၊ ပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒီဂျစ်တယ်အသုံး ပြု၍ MSME ထုတ်ကုန်များ ဈေးကွက်ကျယ်ပြန့်စေရန်အတွက် ဤဝန်ကြီးဌာန၊ စက်မှုကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် www.emartmmp.gov.mm Platform ကို ၂၆.၁၁.၂၀၂၂ ရက်တွင် စတင်တည်ထောင်ပြီး Online၊ Offline စနစ်များဖြင့် ဈေးကွက်ရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဒေသစီးပွားရေး ရေရှည်အောင်မြင်ရန်အတွက် နိုင်ငံတော်၏ပံ့ပိုးမှုအပြင် ဒေသခံများ၊ လုပ်ငန်းရှင်ကိုယ်တိုင်၏ စိတ်ဝင်စားမှုနှင့် အားစိုက်ထုတ်မှုသည် အဓိကအကျဆုံး သော့ချက်ဖြစ် ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းအတိုင်း ဈေးပေါပေါဖြင့် ရောင်းမည့်အစား တန်ဖိုးမြင့် ကုန်ချောအဖြစ် ပြောင်းလဲလိုသည့် စိတ်ဝင်စားမှုရှိရမည်ဖြစ်သည့်အပြင် အစုအဖွဲ့ဖြင့် စနစ်တကျ စုဖွဲ့ဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ပံ့ပိုးဖွင့်လှစ်ပေးသော သက်ဆိုင်ရာသင်တန်း များ၊ အသိပညာပေးဆွေးနွေးပွဲများသို့ တက်ရောက်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းတို့ကို ကိုယ်တိုင် တက်ကြွစွာ အားစိုက်ထုတ်ပါဝင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဒေသခံများ၊ လုပ်ငန်း ရှင် များဘက်မှ စိတ်ပါဝင်စားမှုရှိလာပါက လက်တွေ့အောင်မြင်စေရန်အတွက် မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီနှင့် ကွင်းဆင်းပြီး တန်ဖိုးမြင့်ကုန်ချော အမှန်တကယ် ထုတ်လုပ်လိုသည့်ဒေသခံများနှင့် လုပ်ငန်းရှင်အစုအဖွဲ့ မည်မျှရှိသည်ကို စစ်တမ်းကောက်ယူခြင်း၊ ကောက်ယူရရှိသော စာရင်းအရ လုပ်ငန်းရှင်နှင့် အစိုးရပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း၊ အဆိုပြုထားသည့်အတိုင်း စိတ်ပါဝင်စားမှုအကောင်းဆုံး ကျေးရွာအုပ်စုတစ်စုကိုရွေးချယ်ပြီး အစိုးရ၏နည်းပညာ၊ ချေးငွေနှင့် လုပ်ငန်းရှင်များ အားစိုက်ထုတ်လုပ်မှုတို့ ပေါင်းစပ်ထားသည့် စမ်းသပ်စီမံကိန်း(Piolot Project)ကို စီမံချက်ဘောင်အတွင်းမှ စတင်ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ရမည်းသင်းမြို့နယ်တွင် နှစ်ရှည်သီးပင်စားပင်များ၊ ဥယျာဉ်လယ်ယာသီးနှံထွက်ကုန် များကို ကျေးရွာအလိုက်ဖြစ်စေ၊ အိမ်ထောင်အလိုက်ဖြစ်စေ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ် ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဒေသခံများ၊ လုပ်ငန်းရှင်များ ကိုယ်တိုင်တက်ကြွသော အားစိုက်ထုတ် မှုများ ရရှိလာစေရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီတို့၏ ပံ့ပိုးကူညီမှုများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့်လက်တွဲကာ အနီးကပ်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးညွန့်ဆောင်(ရမည်းသင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ယခုလို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် လာရောက်၍ ပြည့်ပြည့်စုံစုံ ဖြေကြားခြင်းအတွက် ရမည်းသင်းမဲဆန္ဒရှင် ပြည်သူများကိုယ်စား ကျေးဇူးတင်ပါကြောင်း၊ ဝန်ကြီးဖြေဆိုသွားသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သည့်အတွက် အများကြီးဝမ်းသာပါ ကြောင်း၊ မိမိတို့ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကုန်ကြမ်းများကို ဒီတိုင်းရောင်းမည့်အစား ကုန်ချောထုတ်လုပ်ရောင်းချခြင်းသည် အကျိုးကျေးဇူးများသည်ကို မိမိကိုယ်တိုင်လည်း မဲဆန္ဒရှင် ပြည်သူများကို စည်းရုံးပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ဘက်မှလည်း ဘာကိုစတင် ဆောင်ရွက်စေချင်လဲဆိုလျှင် သုတေသနစခန်းလေးတစ်ခုနှင့် ကုန်ထုတ်စခန်းလေးတစ်ခု ရမည်းသင်းတွင် စပြီး ဖွင့်လှစ်ပေးရန်နှင့် ထိုကုန်ထုတ်စခန်းလေးတွင် သုတေသနလုပ်မည်၊ မိမိတို့၏ ဒေသထွက်ကုန်များကိုလည်း ကုန်ချောများ ဘယ်လိုထုတ်လုပ်ပြီး ရရှိနိုင်မည်ဆိုသည်ကို ပြည်သူ များအား လက်တွေ့ပြခြင်း၊ လက်တွေ့စည်းရုံးခြင်း ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်နိုင်ပါကြောင်း၊ ထို့ကြောင့် အနီးဆုံးကာလတစ်ခုတွင် ရမည်းသင်းမြို့နယ်၌ သုတေသနနှင့် ကုန်ထုတ်စခန်းလေးတစ်ခု မြန်မြန်ဆန်ဆန်ဖွင့်လှစ် စတင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့ပါသည်။
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား နှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က
ဆက်စပ်မေးခွန်းနှင့်စပ်လျဉ်း၍ အဓိအားဖြင့် (Pilot Project) ကိုတောင်းဆိုခြင်းဖြစ်ပါကြောင်း၊ မိမိ၏မူလတင်ပြချက်တွင် (Pilot Project)ကို မန္တလေးတိုင်းဒေသကြီး၊ အေဂျင်စီနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားပါမည်ဟု တင်ပြထားပြီးဖြစ်ပါကြောင်း၊ (Piolot Project)ဘာလို့ လုပ်သင့်လဲ ဆိုလျှင် ရမည်းသင်းတွင် မန်ကျည်း၊ စပျစ်၊ ငရုတ်၊ နှမ်း၊ ပဲမျိုးစုံ၊ သရက်၊ ကြက်သွန် စသည့် သီးနှံအမြားအပြားထွက်ရှိပါကြောင်း၊ သို့သော် လက်ရှိတွင် Raw Materials အဖြစ် ရောင်းချနေသည့် အတွက် တောင်သူများ ရရှိမှုနည်းပါကြောင်း၊ ထို့ကြောင့် မိမိတို့က Village Processing Center ထောင်ပြီး Sorting လုပ်မည်၊၊ သန့်ရှင်းမည်၊ အခြောက်ခံမည်၊ Processing လုပ်မည် နောက်ဆုံး ထုတ်ပိုးမည်ဆိုသည့် ကျေးရွာအဆင့် MSME လုပ်ငန်းများ ဆောင်ရွက်ရန်လိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် MSME ဗဟိုကော်မတီလုပ်ငန်းကော်မတီမှလည်း လုပ်ငန်းစဉ်များ ချထားပြီး ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်ကို မိမိတို့ခေါ်သည်မှာ OROP ဟု ခေါ်ပါကြောင်း၊ အခြားနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံတွင် OTOP၊ ဂျပန်တွင် OPOP ဆိုတာမျိုးရှိပါကြောင်း၊ MSME ဗဟိုကော်မတီအနေဖြင့် ချထားသည်မှာ OROP (One Region, One Product) ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံး မည်သည့်ကျေးရွာတွင် ဆောင်ရွက်သင့်သည်ကို Survey လုပ်ရမည်ဖြစ်ပါကြောင်း၊ Survey ကို ယခုလာမည့်နှစ်အတွင်း စမည်ဖြစ်ပါကြောင်း၊ စလိုက်လျှင် (၁) Survey လုပ်ပြီးလျှင် Business Group မည်သို့ဖွဲ့မည်လဲ၊ မည်သည့်ကျေးရွာတွင် စမ်းသပ်မည်လဲ၊ စမ်းသပ်ရန်အတွက် Training ကို မည်သို့ လုပ်မည်လဲ၊ Training လုပ်ပြီးလျှင် ဘယ်လို Processing Center ကိုလုပ်မလဲဆိုသည့် အဆင့်လိုက် စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး၊ MSME အေဂျင်စီနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။