ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)
မြန်အောင်မြို့နယ်၊ ထူးကြီး-ရွှေကျင်လမ်းပိုင်းမှ ရွှေကျင်မှ မဲဇင်းအထိ ၅ မိုင်ခွဲခန့်ကို ကွန်ကရစ် လမ်း ခင်းပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်အောင်မြို့နယ်၊ ရွှေကျင်ရွာနှင့် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် ဧရာဝတီမြစ်ကမ်းရှိ ရွှေကျင်ရွာမှ မဲဇင်းရွာ၊ သပြေကုန်း-ဒေါင်းကျလမ်းနှင့်ထိစပ် သည့် နေရာအထိ ၅ မိုင်ခွဲခန့်ဖြစ်ကြောင်း၊ ရွှေကျင်ကျေးရွာမှ ပြည်သူလူထုက ရွှေကျင်ကျေးရွာ အုပ်စုအဆုံးအထိ ပေ ၂,၀၀၀ ခန့်ကို ဌာနစံချိန်စံညွှန်းသတ်မှတ် ချက်များနှင့်အညီ ကွန်ကရစ် လမ်းခင်းခြင်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု တင်ပြသည့် လမ်းပိုင်းသည် ရွှေကျင်၊ သရက်တော၊ ညောင်းဝိုင်း၊ ကြူတော၊ ရိုက်ကျေးရွာအုပ်စုများမှ ပင်မထွက်ပေါက်လမ်းတစ်ခုတည်းအဖြစ် မှီခိုအားထားနေရသည့် ဆက်သွယ်ရေး အဓိကလမ်းလည်း ဖြစ်ပါကြောင်း၊ ရွှေကျင်ကျေးရွာမှ ကွန်ကရစ်ခင်းခဲ့ကြပြီး ကြူတောနှင့် ရိုက်ကျေးရွာအုပ်စု၊ အဆည် ကျေးရွာအုပ်စုများက ကျန်ရှိသည့် မြေသားလမ်းပိုင်းကို လမ်းပြုပြင်ခြင်း၊ သရက်ပင်ဆည် တံတား နှင့် ရက်လီချောင်းတံတားများကို ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြည်သူများ စုပေါင်းအားနှင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွှေကျင်-မဲဇင်းလမ်းပိုင်းသည် မြို့နယ်၏ အရှေ့ဘက်ကျေးရွာအုပ်စု ၆ ခု၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိက အား ထား နေရသော တစ်ခုတည်းသောထွက်ပေါက်လမ်းဖြစ်သည့်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ မြန်အောင်မြို့နယ်နှင့် အင်္ဂပူမြို့နယ်သို့ ဆက်သွယ်သည့် ထူးကြီး-ရွှေကျင်လမ်းပိုင်းတွင် မြန်အောင်မြို့နယ်အတွင်းရှိ ရွှေကျင်ကျေးရွာမှ မဲဇင်းကျေးရွာအထိ ၅ မိုင်ခွဲခန့် လမ်းပိုင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဌာနသတ်မှတ်ချက်နှင့်အညီ ကွန်ကရစ် လမ်းခင်းပေးနိုင်ရန် လျာထားချက်အစီအစဉ်တွင် ထည့်သွင်းပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
ထူးကြီး-ရွှေကျင်လမ်းသည် စုစုပေါင်း ၈ မိုင်၊ ၃ ဖာလုံရှိပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စီမံခန့်ခွဲရသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ရွှေကျင်မှစတင်ပြီး မဲဇင်းကျေးရွာ အထိ သပြေကုန်း-ဒေါင်းကျလမ်းအထိ ဖြတ်သန်းကာ ပဆင-ထူးကြီး-ရွှေကျင်လမ်းနှင့် တစ်ဆက် တစ်စပ်တည်းဖြစ်ပြီး ဟင်္သာတ-ဆုံကုန်း- မြန်အောင်လမ်းနှင့် ဆက်သွယ်ထားသည့် လမ်းကြောင်း ဖြစ်ပါကြောင်း၊ လက်ရှိလမ်းတွင် ကျောက်ခင်းလမ်း ၇ မိုင်၊ ၂ ဖာလုံ၊ အမာခံလမ်း ၁ မိုင်၊ ၁ ဖာလုံနှင့် စုစုပေါင်း ၈ မိုင်၊ ၃ ဖာလုံ ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးပြောသွားသည့် တချို့ဒေသများတွင် မိမိအစီအစဉ်အရ ကတ္တရာခင်းထားသည့် လမ်းပိုင်းများကို ထည့်မတွက်ထားကြောင်း၊ အဓိကသည် အမာခံလမ်းဖြစ်ရန် ၁ မိုင်၊ ၁ ဖာလုံသာ ကျန်ပါကြောင်း။
လမ်းပျက်စီးမှုသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၂,၇၅၃ မိုင်ရှိပါ ကြောင်း၊ မိမိ အမြဲတမ်းတင်ပြနေပါကြောင်း၊ ဒေတာကို နှစ်တိုင်း ကောက်ယူရခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် Unpaved မဖြစ်သေးကြောင်း၊ Unpaved ဖြစ်သည့် လမ်းဆိုလျှင် ကျောက်ခင်းလမ်း ၄၀၀ ကျော်ရှိပါကြောင်း၊ အမာခံလမ်းကသည် ၂၂၈ မိုင်ဖြစ်ပါကြောင်း၊ မြေသား လမ်းချည်း ၄၇၆ မိုင်ဖြစ်ပါကြောင်း၊ မိမိတို့က မြေသားလမ်းကို အမာခံလမ်း၊ အမာခံလမ်းကို ကျောက်ခင်းလမ်းဆိုသည့် အဆင့်လိုက်သွားသည့် စနစ်နှင့် ဘဏ္ဍာငွေကို ခွဲဝေပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးမှ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ယခင်က တည်းက တိုင်းဒေသကြီးပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေဖြင့် ထူးကြီး-ရွှေကျင်လမ်း ၈ မိုင်၊ ၃ ဖာလုံ အတွင်း လမ်းအရှည် ၄ ဖာလုံအား ချောင်းကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပထမ ခွင့်ပြုထားပြီးဖြစ်ပါကြောင်း။
အဆိုပါလမ်းပိုင်းတွင် ပထမအဆင့်အနေနှင့် အမာခံလမ်း ၁ မိုင်၊ ၁ ဖာလုံကျန်နေပါကြောင်း၊ ကျောက်ခင်းလမ်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ရန်ပုံငွေလျာထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အမာခံလမ်းကျန်နေသည်ကို ကျောက်ခင်းလမ်းပြည့်အောင် ပထမအဆင့်ဖြည့်ခြင်းဖြစ်ပါကြောင်း၊ ဒုတိယအဆင့်အနေနှင့် ဖော်ပြပါလမ်းပိုင်းရှိ ရွှေကျင်မှ မဲဇင်း အထိ ကျောက်ခင်းလမ်း ၅ မိုင်၊ ၂ ဖာလုံ ခန့်အား ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်းအား ဆက်လက်ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထား ဆောင်ရွက်နိုင်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့် ပေါင်းစပ်၍ ဖြေကြားခဲ့ ပါသည်။