ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်)
မြစ်သာမြစ်ကူးကြိုးတံတား(ကလေးဝ)၏ တံတားထိန်းကြိုးများအား ဆောင်လျင်စွာပြုပြင် ထိန်းသိမ်းရန် မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
ကလေးဝမြို့နယ်တွင်ရှိသော မြစ်သာမြစ်ကူးတံတားကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး တံတားတည်ဆောက်ပုံဟာ တံတားရဲ့ အခြေခံ ကြမ်းခင်းအောက်ခံကို သံမဏိသံဘောင် Steel Strcuck တွေနဲ့ တွဲဖက် တည်ဆောက်ထားပြီး တံတား တစ်စင်းလုံးရဲ့အလေးချိန်ကိုတော့ အပေါ်ယံသံမဏိကြိုးဆွဲစနစ်တွေနဲ့ တွဲလောင်းဆွဲချိတ်ပြီး ထိန်းထား တာဖြစ်ပါကြောင်း ၊ ပင်မတာဝါတိုင်တံတားရဲ့ အလယ် သို့မဟုတ် ထိပ်နှစ်ဖက်မှာ သံမဏိပင်မ မျှော်စင်တိုင်ကြီးတွေရှိပြီး အဲဒီတိုင်ကြီးတွေမှတစ်ဆင့် သံမဏိကြိုးကြီး Main Cable တွေနဲ့ ဖြတ်သန်း သွယ်တန်းထားကာ အဲဒီကြိုးကြီးကမှတစ်ဆင့် အောက်ကြမ်းခင်းကို ဒေါင်လိုက်ကြိုးငယ်တွေနဲ့ ချိတ်ဆွဲထားတဲ့စနစ်ဖြစ်ပါကြောင်း။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မှန်ကုန်မြန်ဆန်ရေးနှင့် မန္တလေး မြို့၊ မုံရွာမြို့တို့ကိုအခြေပြု၍ ချင်းတွင်းမြစ်အရှေ့ဘက်တွင် မုံရွာ-ရေဦး-ကလေးဝလမ်း ၁၆၈ မိုင်ခန့် နှင့် ချင်းတွင်းမြစ်အနောက်ဘက် မုံရွာ-ယာကြီး-ကလေးဝလမ်း ၁၁၅ မိုင်မှတစ်ဆင့် ကလေးမြို့နှင့် ဂန့်ဂေါမြို့နယ်များသို့လည်းကောင်း၊ ချင်းပြည်နယ်ရှိ မြို့နယ်များနှင့် ရိခေါဒါရ်နယ်စပ်လမ်းကြောင်းနှင့် တမူးမြို့နယ်စပ်လမ်းကြောင်းမှ အိန္ဒိယနိုင်ငံ၊ မိုရေးမြို့၊ အင်ဖာမြို့တို့မှ မဏိပူရပြည်နယ်သို့ လည်းကောင်း နှစ်နိုင်ငံဖြတ်သန်းသွားလာသည့် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ သွားရောက်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးမှ အိန္ဒိယနိုင်ငံ ခရီးစဉ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အထူးကုန်သွယ်ရေး လမ်းကြောင်းလည်းဖြစ်ပါကြောင်း ၊ အထက်ပါလမ်းမနှစ်ခုနှင့် မုံရွာ-ယာကြီး-ကလေးဝလမ်းသည် National Highway NH42 နိုင်ငံတကာဆက်သွယ်ရေးအာရှလမ်းမကြီး၏ အစိတ်အပိုင်းတွင်ပါဝင်သဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး ချစ်ကြည်ရေးခရီးစဉ်အဖြစ် အဆင့်မြှင့်တည်ဆောက်ခဲ့ရာ Burma တစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါကြောင်း ၊ လမ်းအရှည် ၁၁၅ မိုင် သာရှိပြီး လမ်းအရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် ကုန်စည်များအလွယ်တကူပို့ဆောင်နိုင်မည်ဖြစ်ပြီး အဓိကကျသော သုံးနိုင်ငံကုန်သွယ်ရေးတံတားတစ်စင်းဖြစ်သည့် မိုင်တိုင် အမှတ် ၁၁၅/၄၊ ၁၁၅/၅ အကြားရှိ မြစ်သာမြစ်ကူးကြိုးတံတား(ကလေးဝ) Cable Suspension Bridge ကြိုးတံတားအရှည် ၁,၃၂၀ ပေသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်၊ ည ၁၀:၀၀ နာရီအချိန်တွင် မိုင်းခွဲ ခံရသဖြင့် ------Main Cable လေးကြိုးအနက် အောက်ဆုံးနှစ်ကြိုး၏အပေါ်ယံလွှာမှာ အနည်းငယ် ပျက်စီးခဲ့ရာ မူလတန် ၅၀ ခံနိုင်ဝန်တံတားအဆင့်မှ ခံနိုင်ဝန်လျှော့ချ၍ ဖြတ်သန်းသွားလာနေရကြောင်း။
တံတားပြုပြင်ထိန်းသိမ်းနိုင်ရန် နိုင်ငံတော်မှ ၂၀၀၄ ခုနှစ်တွင် ရန်ပုံငွေကျပ် သန်း ၂၀၀ နှင့် ၂၀၂၅ ခုနှစ် တွင် ထပ်မံ၍ရန်ပုံငွေ ကျပ် ၂၀၀ ပေးချေခဲ့သော်လည်း ပညာရှင်မရှိ၍ ရန်ပုံငွေများပြန်လည်အပ်နှင်းခဲ့ရသည်ဟု သိရပြီး တံတားထိန်းကြိုးအပိုင်း မူလတန် ၅၀ ခံနိုင်မှုအား ပြန်လည် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးနိုင်မည်ဆိုပါက သုံးနိုင်ငံကုန်စည်များ လွယ်ကူစွာဖြတ်သန်းသွားလာ နိုင်မည်ဖြစ်သဖြင့် ဒေသတွင်းကုန်ဈေးနှုန်း များကျဆင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါတံတား၏ ပျက်စီးချို့ယွင်းမှုအား ပြုပြင်ထိန်းသိမ်းရန် ပညာရှင်နှင့် အင်ဂျင်နီယာများပါဝင်သောအဖွဲ့ဖြင့်သာ ပြုပြင်နိုင်မည်ဟု သိရပြီး ဒေသရဲ့အကျိုး၊ နိုင်ငံတော်ရဲ့အကျိုးကိုမျှော်တွေးလျက် မြစ်သာကြိုး တံတား(ကလေးဝ)တံတားထိန်းကြိုးများအား ဆောလျင်စွာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ မရှိ ဆောင်ရွက်ပေးမည်ဆိုပါလျှင် မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က
မြစ်သာမြစ်ကူးကြိုးတံတား(ကလေးဝ)ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝ မြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှာ တည်ရှိကာ တံတားအရှည်က ၁,၃၂၀ ပေ၊ တံတားခန်းဖွင့် ၆၀ ပေ၊ သံကူကွန်ကရစ် ၆ ခန်းနဲ့ သံမဏိသံဘောင် ၆၀၀ ပေတစ်ခန်းနှင့် ၆၀ ပေ၊ သံကူကွန်ကရစ် ၆ ခန်း ဖွဲ့စည်းတည်ဆောက်ထားပြီးတော့ ယာဉ်သွားလမ်း ၂၈ ပေနှင့် လူသွားလမ်း ၄ ပေစီရှိပါကြောင်း ၊ တံတားအမျိုးအစားကတော့ သံမဏိသံဘောင်ကြိုးတံတားဖြစ်ပြီး ၂၀၀၄ ခုနှစ် ထဲက တည်ဆောက်ခဲ့ပြီး တံတားသက်တမ်းမှာ ၂၂ နှစ်ရှိပြီဖြစ်ကာ အဓိက ချင်းပြည်နယ်နှင့် မြန်မာ-အိန္ဒိယကုန်သွယ်ရေးအတွက်အရေးပါတဲ့ တံတားကြီးတစ်စင်းပဲ ဖြစ်ပါကြောင်း ၊ ၂၂-၆-၂၀၂၃ ရက်မှာ အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးမှုကြောင့် ယာကြီးဘက် အခြမ်း(ရေစုန်ဘက်ခြမ်း)မှာ တံတားပင်မကြိုးတချို့မှာ ပျက်စီးသွားပြီး ယခင်ခွင့်ပြုထားတဲ့ တံတားခံနိုင်ဝန် ၆၀ တန်က ယခု လူစီးမော်တော်ယာဉ်ငယ်များနှင့် စုစုပေါင်း ၃ တန်အထိသာ ခေတ္တ ခွင့်ပြုပေးထားတာဖြစ်ပါကြောင်း ၊ ဒီတံတားက ဒီတိုင်းလေး ကြိုးလေးလဲပြီးတော့ လုပ်လို့မရပါပဲ အန္တရာယ်များပြီး ကြိုးတံတားကပျက်သွားတဲ့အတွက် တန်ချိန်ပေါင်း ၂,၀၀၀ ကျော်နဲ့ ၄,၀၀၀ ကျော်ရှိတဲ့ တံတားကြီးကိုဆိုင်းထားတဲ့အတွက်ကြောင့် ဖြုတ်လဲလို့ရတဲ့တံတားမျိုးမဟုတ် ပါကြောင်း ၊ ပြည်ပကကြိုးတံတားပညာရှင်အဖွဲ့ရယ်၊ တံတားဦးစီးဌာနကအဖွဲ့တွေက တောက်လျှောက် အသေးစိတ်ပြုပြင်ရမည့်နည်းလမ်း(Method of Statement) တွေနဲ့ ၂၀၂၄ ခုနှစ်က ညှိနှိုင်းပြီး အသေးစိတ်ဆောင်ရွက်နေပါကြောင်း ၊ တချို့နေရာလည်း အချိန်ကြောင့်သွားလို့မရတာနဲ့ ပညာရှင်ကို ခေါ်သွားလို့မရသေးတဲ့အခြေအနေတွေရှိပြီး ကြိုးလေး ဆက်ပြီးတော့ ပြန်လုပ်လိုက်မယ်ဆိုတဲ့အဆင့်နဲ့ မရပါကြောင်း။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာတော့ ဒီကြိုးတံတား ပြန်လည် ပြုပြင်ရေးအတွက်ကို အသေးစိတ်စစ်ဆေးရမှာဖြစ်ပြီး ကြိုးတစ်ချောင်းစီ၊လိုင်နာနဲ့ ကြိုးလေးတွေသွားရတာဖြစ်ပါကြောင်း၊ Detail Inspection လိုအပ်တဲ့ တံတားပစ္စည်းတွေကို ပြည်ပကနေမှာယူရမှာဖြစ်ပြီး ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကိုတော့ ဆောလျင်စွာပြီးစီးရေးအတွက် မိမိဝန်ကြီးဌာနကလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။