နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ (၁၇-၇-၂၀၂၆) အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
MY EN

(ဇ)- ဦးတင့်ဝေ(ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်)-မေးခွန်း

2026-07-17
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင့်ဝေ(ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်)

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အား မြို့ကွက်သစ်ဖော်ရာတွင် ကျေးရွာ ၄ ရွာမှ လယ်ယာမြေများ သိမ်းဆည်းခဲ့သည့်အတွက် မြေကွက်အစားထိုးပေးအပ်ခြင်းနှင့် လျော်ကြေးငွေပေးအပ်ရန် အစီ အစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်သည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ ၈-၁၀-၁၉၈၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ဒဂုံမြို့နယ်အဖြစ်လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာ ရေးဝန်ကြီးဌာန၏ ၄-၁၀-၁၉၉၀ ရက်စွဲပါအမိန့်ကြော်ငြာစာဖြင့် ဒဂုံမြို့သစ်မြို့နယ်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ကိုလည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီး ဌာန၏၁၉-၈-၁၉၉၄ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အား ဒဂုံမြို့ သစ် (မြောက်ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အဖြစ် ထပ်မံဖွဲ့စည်းခဲ့ရာမှ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် ဖြစ်ပေါ် လာခဲ့ခြင်းဖြစ်ပါကြောင်း။

ယခုတင်ပြမယ့်အချက်အလက်များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်း များအရ တင်ပြခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဒဂုံမြို့သစ်မြို့နယ်အတွင်း ဖွဲ့စည်း တည်ဆောက်ရာ တွင်  နဂိုရှိပြီးသား တိုးကြောင်ကြီးကျေးရွာ၊ တိုးကြောင်ကလေးကျေးရွာ၊ ဒရောချောင်း ကျေးရွာမှ တောင်သူ လယ်သမား ၈၂၁ ဦးပိုင်ဆိုင်သည့်လယ်မြေဧက ၆,၄၉၃ ဧကကို သိမ်းဆည်းခံပြီး တည် ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ သိမ်းဆည်းခံလယ်မြေများအနက်မှ မြေအစားထိုး ရသည့် လယ်သမား ၂ ဦးရှိပြီး ၎င်းတို့မှာ ဦးစိန်အောင်မင်း၊ အမှတ်(၄၉)ရပ်ကွက်၊ တားဝယ်ချောင်းကွင်း၊ ကွင်းအမှတ် ၄၀၉ နှင့် ဦးပိုင်အမှတ် ၃၅ ရှိ လယ်မြေဧက ၁၉.၈၆ ဧကအနက် ၀.၇၈ ဧကနှင့် ၀.၅၀၄ ဧက မြေကွက်နှစ်ကွက်၊ ဒေါ်မိုးသီတာ အမှတ်(၄၁)တိုးချဲ့ရပ်ကွက် ကရင်စိတ်ကွင်း ဦးပိုင်အမှတ် (၅၇/၁) (၅၇/၂) (၅၇/၃) (၅၇/၄) ကွင်းအမှတ် ၄၆၆ ရှိ လယ်မြေဧက ၂.၁၇ ဧကနှင့် ၉.၆ ဧက စုစုပေါင်း ၂၁.၆ ဧက မြေအစားထိုးရခဲ့ပါကြောင်း၊ မြေတော်ကြေးငွေရသည့် အမှုတွဲအရေအတွက် ၆၄ မှုအနက် တောင်သူ ၆၈ ဦးသည် လယ်မြေဧက ၁,၀၇၄.၂၄ ဧကအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၀,၇၄၂.၄၀ ကို အသိမ်းခံတောင်သူ များက လျော်ကြေးငွေ လက်ခံရရှိပြီးဖြစ်ပါကြောင်း၊ ယင်းတို့အနက် လျော်ကြေးငွေမလို မြေကိုသာအစားထိုးရယူလိုသူ တောင်သူလယ်သမား ၉ ဦးရှိပြီး လျော်ကြေးငွေ ရယူလိုခြင်းမရှိဘဲ မြေကိုသာအစားထိုး ရယူလိုကြပါကြောင်း၊ အဆိုပါ တောင်သူ လယ်သမား ၉ ဦးအတွက် မြေကွက်အစားထိုးပေးရန် အာဏာပိုင်အဖွဲ့အစည်းများကလည်း စဉ်းစားဆောင်ရွက် ပေးသင့်ပါကြောင်း၊ သိမ်းဆည်းခံလယ်သမား များအတွက် လျော်ကြေး ငွေပေး ရန် စဉ်းစားမည်ဆိုပါက ခေတ်အခြေအနေနှင့်လိုက်လျောညီထွေဖြစ်သော မြေကွက်တန်ဖိုးများကို ရယူလိုကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ လယ်သမားများမှ တင်ပြခဲ့ကြ ကြောင်း၊  မြို့ကွက်သစ်ဖော်ထုတ် သိမ်းဆည်းခဲ့သည့် ၁၉၉၀ ပြည့်နှစ်မှစတင်ရေတွက်မည်ဆိုလျှင် ယနေ့ အချိန် အထိဆိုလျှင် နှစ်ပေါင်း ၃၆ နှစ်ကြာနေပြီဖြစ်သည့် ကာလရောက်နေပြီဖြစ်ပါကြောင်း၊ ယခင် ကာလဆုံးဖြတ်ခဲ့ခြင်းများအရ တိုင်းဒေသကြီး၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လျော်ကြေးငွေပေးဆပ်ရန် အမှုတွဲ ၃၂ ခု၊ တောင်သူ ၃၂ ဦး၊ လယ်မြေ ၄၆၁.၃၁ ဧကအတွက် လျော်ကြေးငွေ ၄,၆၁၃.၁၀ ကျပ်သန်းအား လျော်ကြေးငွေတွက်ချက်ပြီး ဖြစ်သော်လည်း ယခုအချိန်အထိ လျော်ကြေးငွေမရရှိသေးပါကြောင်း ။

နှစ်ကာလကြာမြင့်သည့်တိုင် မြေကွက်အစားထိုးရရှိလိုသူ ၉ ဦးအတွက် မြေကွက်အစားထိုး ရရှိရန်နှင့် သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးငွေများပေးအပ်နိုင်ရေး အတွက် မည်သည့် အချိန်ကာလတွင် မည်သို့ဆောင်ရွက်ဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမျိုးသန့်

ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်အတွင်းရှိ တိုးကြောင်ကြီး၊ တိုးကြောင် ကလေးကျေးရွာ အပါအဝင် ကျေးရွာ ၄ ရွာ သည် ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ် ဒဂုံမြို့သစ်စီမံကိန်း အကောင် အထည် ဖော်ဆောင်ရွက်ခဲ့သော မြေယာများဖြစ်ပြီး လက်ရှိမြို့ကွက်သစ်များတင်ပြပါအတိုင်း ဖော်ထုတ်ထားပြီးအဆောက်အဦများ ကြည့်လိုက်လျှင် မြို့ကွက်များဖော်ထုတ်ပြီးနေရာလည်း ဖြစ်ပါ ကြောင်း၊ ထိုအချိန်က အဆိုပါကျေးရွာများမှ သိမ်းဆည်းခံလယ်သမားများ အတွက် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(၃၃) အဝါရောင်နှင့်ပြထားပါကြောင်း၊ ဒဂုံမြို့ သစ် (အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်မှတ်(၁၂၅)၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ မြေတိုင်း ရပ်ကွက်အမှတ်(၂၆)တို့တွင် ၎င်းအချိန်ကာလကတည်းက မြေကွက်များကို အစားထိုး ပေးအပ်ခဲ့ ကြောင်း၊ တချို့များ ကျန်ခဲ့မည်ဆိုလျှင် ထို အချိန်က အထောက်အထားနှင့် စာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၏လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းရေးကြီးကြပ်မှု၏ ပြန်လည်စိစစ်ရေးကော်မတီ ၏ အထောက်အထားများ အပေါ်မူတည်ပါကြောင်း။

မြေယာလျော်ကြေးနှင့် စပ်လျဉ်းပြီး လျော်ကြေးငွေနှုန်းထားကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏တန်ဖိုးသင့်စိစစ်သတ်မှတ်ရေးအဖွဲ့မှ ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ထားသော လျော်ကြေး အတိုင်းသာပေးလျော်လျက်ရှိပါကြောင်း၊ ကျန်ခဲ့သည့်သူများလည်း ဒီထဲတွင် ပါလျှင် အဆိုပါဘတ်ဂျက်ထဲတွင်ထည့်ပြီး ကော်မတီကစိစစ်ပြီး ပေးလျော်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ လျော်ကြေး ပေးရန် စိစစ်ဆုံးဖြတ်ထားသည့် မြေနေရာများကို သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း များမှ  ဘဏ္ဍာငွေတင်ပြတောင်းခံပြီးလယ်သမားများကို နှစ်စဉ်လျော်ကြေးများ ပေးအပ်လျက် ရှိပါ ကြောင်း၊  ထိုအချိန်တွင် တချို့ကလည်း လျော်ကြေးမယူဘူး။ မြေကွက်သာ ယူမည်ဟု တချို့က မြေကွက်ပေးလိုက်ပါကြောင်း၊ တချို့ကလည်း အထောက်အထားမပြည့်စုံ၍ နောက်ကျ ကျန်ခဲ့ တာလည်းရှိပါကြောင်း၊ သို့သော် သက်ဆိုင်ရာဝန်ကြီးဌာနမှ ပေးလျောသည်နှင့် မိမိတို့ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ဆိုင်လျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  ဘဏ္ဍာငွေ လျာထား ပေး ရကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆိုင်လျှင် လျာပေး ရကြောင်း၊ သူ့သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်ပါသည့် မြေနေရာဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနမှ ဘဏ္ဍာငွေ တင်ပြတောင်းခံပြီး လျော်ကြေးပေးလျော်လျက်ရှိပါကြောင်း၊ လျော်ကြေးငွေရရှိခြင်းမရှိဘဲ ကျန်ရှိနေပါက လယ်သမားများ အနေနှင့်လည်း ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေ သိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီသို့ တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ ထိုသို့ လျှောက်ထားသည့်အခါ အထောက်အထားများရှိပြီး ထိုကော်မတီမှ ဆုံးဖြတ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီး၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီမှ ပေးလျော်ရန်ရှိသည့် ကျန်ရှိကြောင်းစိစစ်တင်ပြလာပါက ၂၀၁၇ ခုနှစ်က သတ်မှတ်ထားသည့် လျော်ကြေးနှုန်းထားအတိုင်း ပေးလျော်သွားမည်ဖြစ်ပါကြောင်းနှင့် ယခုခေတ် ပေါက်ဈေးအရ‌တော့ လျော်ကြေးပေးရန် အစီအစဉ်မရှိပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ပေးပို့လာသည့်အချက်အလက်များနှင့် ပေါင်းစပ်၍ ပြန်လည် ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးတင့်ဝေ[ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်] က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မိမိအနေဖြင့် ထိုသို့သော မြေကွက်အစားထိုးမရလျှင် မြေကွက်လျော်ကြေးငွေထဲတွင် စာရင်းထည့်သွင်းရန်နှင့် မြေကွက်တန်ဖိုး ပေးလျော်မည်ဆိုလည်း သက်ဆိုင်ရာတောင်သူ လယ်သမားတစ်ဦးချင်းမှ တချို့သည် သိမ်းဆည်းခံရစဉ်က မိဘများသေဆုံးပြီးမှ ကျန်သည့် မြေးလောက်သာ ကျန်နေပါကြောင်း၊ ထို့ကြောင့် အစိုးရဌာနနှင့် ၎င်းတို့ သွားရောက်ဆက်ဆံသည့် အခါတွင်လည်း အခက်အခဲလည်း ကြုံတွေ့နိုင်ပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မြေကွက်အစားထိုး လျော်ကြေးငွေအပ်မည့်အဖွဲ့အစည်းအနေဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တွင် ကွင်းဆင်းစစ်ဆေးပြီး လျော်ကြေးငွေများ အိမ်တိုင်ရာရောက် သို့မဟုတ် သက်ဆိုင်ရာ စုစည်းသည့်ဌာနတွင် ပေးလျော်မည်ဆိုလျှင် ပိုပြီးလျင်မြန်စွာ လျော်ကြေးငွေ ပြန်လည်တောင်းခံခြင်းမျိုးရှိရန် ဆောင်ရွက်သွားနိုင်မည်ဟု အကြံပြုတင်ပြဆွေးနွေးခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က

တချို့သည် ဌာနများ၊ ရုံးများသို့ ဆက်သွယ်၍ ခက်ခဲမည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီက ဥက္ကဋ္ဌနှင့် အကြောင်းကြားပေးပြီး ကျန်အဖွဲ့များ ဆက်သွယ်ဆောင်ရွက်ပေးရန် နည်းလမ်းလေးတစ်ခု SOP လေးဆက်သွယ်ပြီး တချို့လည်း ဆက်သွယ်ရခက်ပါကြောင်း၊ လာဆက်သွယ်မည့်သူများကို  ဆက်သွယ်မည့် Contact များ ရှိပြီးဖြစ်ပါကြောင်း၊ တချို့လည်း မသိသဖြင့် ဝေးပြီး တချို့လည်းမယူဘူး ငြင်းသူလည်း ရှိပါကြောင်း၊ တချို့လည်း အထောက်အထားမပြည့်စုံပါကြောင်း၊ တချို့က လိုတယ်ပြောပြီး အထောက်အထား မပြနိုင်သဖြင့် ထိုပြဿနာများရှိနေသည့်အခါ ထိုအဖွဲ့မှ ကိုယ်စားလှယ်ကြီးတင်ပြသလို ပြည်သူဆီသို့ တိုက်ရိုက် မြန်မြန်ရောက်သွားသည့်နည်းကို မိမိတို့ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ဆီသို့လည်း  လျော်ကြေးပေးရန်ဆိုပြီး ကော်မတီက ဆုံးဖြတ်ပေးသည်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ဆိုင်လျှင် မိမိတို့ဆီရောက်လာပါကြောင်း၊ မိမိတို့က ချက်ချင်းဘဏ္ဍာငွေလျာထားပြီးသည်နှင့် ချက်ချင်းလျော်ပေးပါကြောင်း၊ ဒါသည် အစီအစဉ်ဖြစ်ပါကြောင်း၊ မသိသည့်လယ်သမားများ၊ အဆက်အသွယ်ပြတ်နေသည့် လယ်သမား များဆိုလျှင်လည်း Contact Person နှင့် ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး လယ်ယာ မြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုပြန်လည်စိစစ်ရေး ကော်မတီကို ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။