ဦးငွါးရဲ့ဆဲ(မချမ်းဘော မဲဆန္ဒနယ်)ကိုယ်စား ဦးဆင်ဆုန်း(ခေါင်လင်ဖူးမဲဆန္ဒနယ်)
မချမ်းဘောမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်းများ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မချမ်းဘောမြို့နယ်သည် မလိခမြစ်ကမ်းပေါ်တွင် တည်ရှိပြီး အထင်ကရ ဂိုဘားရိပ်သာနှင့် အလွန်ထူးဆန်းသော ကျောက်နဂါးတည်ရှိရာမြို့ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် လိုအောင်၊ လီဆူ၊ ဂျိမ်းဖော၊ ခန္တီး၊ ဆန်းလစ်၊ ဗမာလူမျိုးများ စုပေါင်းနေထိုင်ကြသော မြို့နယ်ဖြစ်ပါကြောင်း၊ မချမ်းဘော မြို့နယ်တွင် ၁၉၉၆ ခုနှစ်ဝန်းကျင်မှစတင်ကာ အားကစားနှင့်ကာယပညာဦးစီးဌာနကို ဖွဲ့စည်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဝန်ထမ်းများသည် ရပ်ကွက်အတွင်း အိမ်ငှား၍ ရုံးလုပ်ငန်းများနှင့်အားကစားလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ ရပ်ကွက်(၃) ရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် အဆောက်အဦ ကိုမှီခိုပြီး ရုံးဖွင့်ပြီး ဌာန၏လုပ်ငန်းများနှင့် လှုပ်ရှားမှုများကို ဦးဆောင်ပေးလျက်ရှိပါကြောင်း၊ မချမ်းဘောမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ရုံးအဆောက်အဦနှင့် အားကစားကွင်း မရှိသော်လည်း အခက်အခဲများစွာကြားမှ နှစ်စဉ်ရာသီအလိုက် အမျိုးသား၊ အမျိုးသမီးဘောလုံး ပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ဦးဆောင်ပေးခဲ့သဖြင့် ပြည်နယ်အဆင့်ဂုဏ်ဆောင် အားကစားသမားများကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရ သည် ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ကာ အားကစားကဏ္ဍကိုလည်း ဘက်စုံမြှင့်တင်နိုင်ရန် လူငယ်ထု အတွင်း ကျန်းမာကြံ့ခိုင်မှု အတူတကွပူးပေါင်းဆောင်ရွက်လိုသော အခြေခံကောင်းများကို လေ့ကျင့် တည်ဆောက်နေသော အချိန်အခါဖြစ်ပါကြောင်း။
ရည်မှန်းချက်အောင်မြင်ရေးအတွက် နိုင်ငံအဝန်းရှိ မြို့နယ်အသီးသီး၌နေထိုင်ကြသော လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်အတူ အားကစားအခြေခံဗီဇများကို နည်းစနစ်မှန်ဖြင့် လေ့ကျင့်ပေးခြင်း၊ လေ့ကျင့်ရေးအထောက်အကူပြု ရုပ်ပိုင်းပစ္စည်းများ၊ အဆောက်အဦများ ဖြည့်ဆည်းပေးခြင်းနှင့် စိတ်ဓာတ်ပိုင်းပါ မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ မချမ်းဘောမြို့နယ်တွင် ဌာနပိုင်အဆောက်အဦနှင့် ဌာနပိုင်အားကစားကွင်းမရှိသော်လည်း လူငယ်များအတွက် အခြေခံ အားကစားစိတ်ဓာတ်၊ ဗီဇကောင်း အစဉ်ရှင်သန်နေသော မြို့နယ်ဖြစ်ပါကြောင်း၊ ယခုအခါ ရပ်ကွက်(၄) တိုးချဲ့မြို့ကွက်နယ်မြေတွင် ဌာနအတွက် မြေနေရာ ၃ ဧကကို ရရှိထားပြီး ၎င်းမြေသည် ဌာနမှသတ်မှတ်ထားသောအတိုင်းအတာထက် လျော့နည်းနိုင်သော်လည်း မြို့ဧရိယာအတွင်း တစ်ဆက်တစ်စပ်တည်း မြေညီညာမှု အလွန်နည်းပါးသောမြို့နယ်ဖြစ်ပါကြောင်း၊ ဒေသ အခြေအနေအရ ရရှိထားသော မြေနေရာ ၃ ဧကတွင် ဌာနပိုင်ရုံးအဆောက်အဦ၊ အားကစားနှင့် တခြားဆက်စပ်အဆောက်အဦများကို ဖြည့်ဆည်းတည်ဆောက်ပေးခြင်းဖြင့် လူငယ်များအတွင်း အားကစားနယ်ပယ်တွင် ယခင်ကထက် ပိုမိုအောင်မြင်တိုးတက်လာမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်၍ အတူတကွပူးပေါင်းဆောင်ရွက်လိုသော ထူးချွန်အားကစားသမားကောင်းများစွာ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မချမ်းဘောမြို့နယ်အတွင်း အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့် အားကစားကွင်းများတည်ဆောက်ပေးရန် အစီအစဉ်ရှိ/ မရှိကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါ သည်။
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညီညီ က
မချမ်းဘောမြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ အားကစားကွင်းမြေနေရာအဖြစ် မြေဧရိယာ ၄ ဧကခန့်သာရရှိသည့်အတွက် အားကစားရုံ တည်ဆောက်ရန် မြေနေရာလုံလောက်မှုမရှိသော်လည်း ရိုးရိုးဘောလုံးကွင်း အလျား ၃၄၅ ပေ၊ အနံ ၂၂၅ ပေဖောက်လုပ်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၇.၅ သန်းနှင့် ရုံးအဆောက်အဦ အလျား ၅၀ ပေ၊ အနံ ၃၅ ပေ တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၄၃၇.၅ သန်း စုစုပေါင်း ၄၇၅ သန်းအား နီးစပ်ရာဘဏ္ဍာရေးနှစ်၏ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင် ထည့်သွင်းလျာထားနိုင်ရေး အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြခွင့်ပြုချက်ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပေါင်းစပ် ဖြေကြားချက်နှင့် အတူ ဖြေကြားခဲ့ပါသည်။
ဦးဆင်ဆုန်း(ခေါင်လန်ဖူးမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးသွားမည်ကို သိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
အားကစားရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးညီညီ က
ရှေ့ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။