နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “Myanmar Parliamentary Digital Transformation and AI initiative” ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (၁၆-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ်
MY EN

(င)-ဦးကျော်လင်း(ဗန်းမော်မဲဆန္ဒနယ်)-မေးခွန်း

2026-07-16
တတိယအကြိမ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကျော်လင်း(ဗန်းမော်မဲဆန္ဒနယ်)

ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့သည့်လစဉ်ကြေးများကို ၂၀၂၆ ခုနှစ်၌   ဆိုင်းငံ့ထား သည့်အတွက် ဆက်လက်ထောက်ပံ့ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်နှင့် ရွှေကူမြို့နယ်တို့မှ ပြည်သူများဟာဆိုရင် မိမိတို့ဒေသတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စား သောက်ခဲ့ကြသည်မှာ ကြာမြင့်ပြီဖြစ်ပါကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် မိမိတို့၏ အိုးအိမ်နှင့်နေရပ်တို့ကို စွန့်ခွာပြီး မြို့ကြီးများသို့ ပြောင်းရွှေ့နေခဲ့ကြရပါကြောင်း၊ နေရပ်ကို စွန့်ခွာလာခဲ့ကြရသော ဗန်းမော်ခရိုင်ပြည်သူများကို နိုင်ငံတော်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ လူတစ်ဦးလျှင် တစ်လ ကျပ်ငွေ ၂၀,၀၀၀ နှုန်း ထောက်ပံ့ခဲ့သည်ဟု သိရှိရပါကြောင်း၊ ထိုသို့ထောက်ပံ့ပေးမှုကိုလည်း ဗန်းမော်ခရိုင်နေရပ်စွန့်ခွာပြည်သူများမှ အထူးတလည်ကျေးဇူးတင်ရှိလျက်ရှိကြပါကြောင်း၊ သို့သော် ယခု ၂၀၂၆ ခုနှစ်မှစ၍ ယခင် ထောက်ပံ့လျက်ရှိသော လစဉ်ထောက်ပံ့ငွေများကို ဆိုင်းငံ့ထားသည်ဟု ကြားသိရသည့် အတွက် ဗန်းမော်ခရိုင်ပြည်သူများကိုယ်စား စိတ်မကောင်း ဖြစ်ရပါကြောင်း၊ တချို့သော ယာယီ နေရပ်စွန့်ခွာပြည်သူများသည် မိမိတို့နေရပ်ဒေသများ ပြန်လည်တည်ငြိမ်အေးချမ်းမှုရှိသွားသောကြောင့် ပြန်လည်၍ အခြေချနေထိုင် လာကြသူလည်း ဖြစ်ပါကြောင်း၊ လုံခြုံရေးအရ အခြေအနေ အရပ်ရပ်ကြောင့် မပြန်နိုင်သေးသည့် ယာယီနေရပ် စွန့်ခွာပြည်သူများလည်း များစွာကျန်ရှိနေကြပါကြောင်း၊  သို့ဖြစ်ပါ၍ ကျန်ရှိနေသေးသည့် ယာယီနေရပ်စွန့်ခွာပြည်သူများသည် နိုင်ငံတော်မှထောက်ပံ့ ပေးမည့်အကူအညီများကိုများစွာ မျှော်လင့်စောင့်စားနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ လက်နက်ကိုင်ပဋိပက္ခများကြောင့် ယာယီ နေရပ်စွန့်ခွာကြသည့် ဗန်းမော်ခရိုင်ပြည်သူများကို ၂၀၂၆ ခုနှစ်အတွက် ဆက်လက်ထောက်ပံ့ ပေးနိုင်ပါရန် အစီအစဉ်ရှိ /မရှိ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး က

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များတွင် အကြမ်းဖက်ဖြစ်စဉ် ကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် လိုအပ်သည့်ထောက်ပံ့ မှုများဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၅)အရ သဘောတူခွင့်ပြုချက်ဖြင့် နေရပ်စွန့်ခွာပြည်သူများ အတွက် တစ်ဦးလျှင် တစ်လ ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အမျိုးသား ဘဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထိုသို့ တစ်နှစ်စာ ထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာမှာ ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာသူ များအတွက် ငွေကျပ် ၂၂,၄၄၆.၇၈သန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထောက်ပံ့ငွေများကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ကချင်ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီတို့မှ တိုက်ပွဲရှောင်ပြည်သူများကို ဆက်လက်ထောက်ပံ့ ပေးခဲ့ရာ  ပထမအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တစ်လစာ၊ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလ၊ မတ်လ နှစ်လစာ၊ တတိယအကြိမ်အဖြစ်ဧပြီလ၊ မေလနှင့်ဇွန်လ သုံးလစာ၊ စတုတ္ထအကြိမ်အဖြစ် ဇူလိုင်လ၊ ဩဂုတ်လနှင့်စက်တင်ဘာလ သုံးလစာနှင့် ပဉ္စမအကြိမ်အဖြစ် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ သုံးလစာ စုစုပေါင်းတစ်နှစ်စာကို ထောက်ပံ့ ခဲ့ခြင်းဖြစ်ပါကြောင်း၊ နယ်မြေဒေသအခြေအနေကြောင့် ထောက်ပံ့ရန်ကျန်ရှိနေသည့် တချို့မြို့နယ များအတွက် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။ 

အဆိုပါထောက်ပံ့မှုများသည် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာပြည်သူများ၏ လိုအပ်ချက်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ရန်ပုံငွေအခြေအနေများ ပေါ်မှာမူတည်ပြီး တိုင်းဒေသကြီး ပြည်နယ်အားလုံးတွင်ရှိသည့်  နေရပ်စွန့်ခွာပြည်သူများ အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်စာ ငွေကျပ် ၁၄၄.၃၅၉ ဘီလီယံကို မန္တလေးငလျင်ကြီး တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရင်း တဖက်မှထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဘတ်ဂျက် မှ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသူများနှင့် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ် ပြီး ပြန်လည်ဝင်ရောက်နေထိုင်သူများကို ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးခဲ့သည်မှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၇,၀၈၂.၇၀၉ သန်း၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ ကျပ် ၅၂၆.၇၅၃ သန်း၊ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ကျပ် ၁,၂၄၆.၇၆၃ သန်း၊ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင်ကျပ် ၇၇.၆၀၉ သန်း၊        ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ ကျပ် ၅၀၇.၆၆၆သန်းနှင့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ   ကျပ် ၃၄၈.၃၉၅ သန်းဖြင့် စုစုပေါင်းငွေကျပ် ၉,၇၈၉.၈၉၅ သန်းကို ထောက်ပံ့ပေးခဲ့ပါကြောင်း။ 

သို့ဖြစ်ပါ၍ နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းလုပ်ငန်းများ ကို ကချင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေ ကို ၂၀၂၆ ခုနှစ်မှာ မန္တလေးငလျင်ကြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ တပ်မတော်က
နယ်မြေပြန်လည်စိုးမိုးနိုင်ခဲ့သည့် မြို့ရွာများတွင် အကြမ်းဖက်သမားတွေဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းတံတား၊ ရေ၊ မီး၊ လျှပ်စစ်အစရှိသည့် အများ ပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဦးစားပေးသုံးစွဲနေရ သည့်အတွက် နေရပ်သို့မပြန်နိုင်သေးသော ပြည်သူများအား ဆက်လက် ထောက်ပံ့နိုင်ခြင်းမရှိသေးပါကြောင်းနှင့် ယာယီနေရပ်စွန့်ခွာသူများအနေဖြင့် ဒေသများတွင် မိမိတို့၏ နေ့စဉ်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို မိမိတို့တတ်ကျွမ်းရာ လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းရှိမှုနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ပံ့ပိုးမှုတို့ဖြင့်  လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားခဲ့ပါသည်။