နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ကြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ လွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြှင့်တင်ရေးအတွက် “Myanmar Parliamentary Digital Transformation and AI initiative” ရှင်းလင်းတင်ပြ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ (၁၆-၇-၂၀၂၆) မေးခွန်းများဖြေကြားချက်နှင့် အဆိုဆွေးနွေးချက် အကျဉ်းချုပ်
MY EN

(စ)- ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-16
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)

ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်မှ မြို့မကျေးရွာအုပ်စုသို့ သွယ်တန်းထားသော မြေသားတမံ ရေကာတာအား တာဘောင်တမံချဲ့ထွင်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်မှ မြို့မကျေးရွာအုပ်စုသို့ သွယ်တန်း တည်ဆောက်ထား သော အရှည် ၄ မိုင်ခန့် ရှိသည့်ဧရာဝတီမြစ်ရေတား မြေသားတာတမံကြီးအား တာဘောင်ကို ဒေသ အခေါ် ထန်းလုံးချောင်း တာကြီးကို အများပြည်သူများသွားလာမှု လွယ်ကူအဆင်ပြေရေးနှင့် တာတမံ ကြီး၏ကြံ့ခိုင်မှုပိုမိုရှိစေ ရေးတို့အတွက် တာဘောင်ကိုထပ်မံချဲ့ထွင်ပေးရန် အစီအစဉ်ရှိ မရှိ ဒေသခံမဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒအရ သိရှိလိုပါသဖြင့် မေးမြန်းတင်ပြမည်ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့သည် ဧရာဝတီ မြစ်ကမ်းနံဘေးတွင် တည်ရှိပြီး ပျူခေတ်၊ သရေခေတ္တရာတိုင်း ရှေးအခေါ် ကစ္စနာဂီရိအမည်ရှိ ရှေးဟောင်းမြို့ကြီး တစ်မြို့ဖြစ်ပြီး ရှေးခေတ်မြို့ရိုးဟောင်း၊ ကျွန်းဟောင်း၊ စေတီပုထိုးပေါင်းများစွာနှင့် သမိုင်းဝင်ရွှေမျက်မှန်ဘုရား၊ ရွှေနတ်တောင်ဘုရားများ စသည့်ရှေးဟောင်း စေတီပုထိုးများစွာ ယနေ့တိုင်ကျန်ရှိနေသေးသော ရှေးမြို့ဟောင်းနေရာဖြစ်ပါကြောင်း၊ ထို့အပြင် သမိုင်း တွင်ထင်ရှားလှသည့် ဗန်းမော်ဆရာတော်၊ ကျီးသဲလေး ထပ်ဆရာတော်နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း တို့ မွေးဖွားကြီးပြင်းရာ ရဟန်း ပညာရှိ၊ လူပညာရှိတို့ထွန်းကားရာ ဒေသလည်းဖြစ်ပါကြောင်း၊ ရွှေတောင်မြို့မှ တောင်ဘက် ၄ မိုင် ခန့် အကွာ မြို့မကျေးရွာအုပ်စုအထိ မြစ်ကမ်း တစ်လျှောက်ဟာ မြေနိမ့်ပိုင်းလွင်ပြင်ဖြစ်သဖြင့် တချို့နှစ်များတွင် မိုးတွင်းကာလ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများ၌ မြစ်ရေကြီး သည့် အခါနှင့်ကြုံသည့်အခါမျိုးတွင် မြစ်ကမ်းပါးမြေနိမ့်ပိုင်းများမှရေများ ကုန်းတွင်းပိုင်းသို့ ဒလ ဟော စီးဝင်သည့်အတွက် ကုန်းတွင်းပိုင်းမှာစိုက်ပျိုးထားသော စပါးသီးနှံများ ရေနစ်မြုပ်သည့်အတွက် ဧကထောင်ချီ၍ပျက်စီးကြရပါကြောင်း၊ သို့ဖြစ်၍ လွန်ခဲ့သောနှစ် ၃၀ ခန့် လောက်ကစပြီး ရွှေတောင် မြို့၊ ယွန်းတန်းရပ်ကွက်မှ တောင်ဘက် ၄ မိုင်ခန့်အကွာ မြို့မကျေးရွာအုပ်စု အထိ မြေသား တမံရေကာတာကြီးအား နိုင်ငံတော်မှ ငွေကြေးမြောက်မြားစွာအကုန်အကျခံကာ တောင်သူ လယ်သမား များအတွက် တည်ဆောက်ပေးခဲ့ပါကြောင်း။

အဆိုပါမြေသားတမံ ရေကာတာကြီးမှာ နှစ်များစွာ ကြာလာသည့်အခါတွင် မြက်ချုံများ ထူထပ်စွာပေါက်ရောက်ပြီး ကျွဲ၊ နွားများလွှတ်ကျောင်းသွားလာရာ ဖြစ်ခဲ့၍ တာကြီး၏ ကြံ့ခိုင်မှု အဝဝကို သက်ဆိုင်ရာမှသွားရောက်ကြည့်ရှုနိုင်မှု အားနည်းခဲ့ပါကြောင်း၊ တမံ တစ်လျှောက် အတွင်း ရပ်ရှိ ပတ်ဝန်းကျင်တောင်သူလယ်သမားများ၊ ကျောင်းသားများ၊ ဝန်ထမ်း များစွာသည် ရွှေတောင် မြို့သို့ နေ့စဉ် မြစ်ကမ်းနံဘေးလူသွားလမ်းငယ်မှ ခက်ခဲပင်ပန်းစွာသွားလာကြခြင်း၊ ဒေသထွက် ကုန် တို့ကိုလည်း ဝေးလံသောရွှေတောင်မြို့နှင့် ရွှေနတ်တောင်-ကျီးသဲသို့ဖောက်ထား သော ကတ္တရာ လမ်းသို့တစ်ဆင့်ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ရွှေတောင်နှင့် ပြည်မြို့ဈေးကွက်များသို့ ပင်ပန်းစွာ ပို့ဆောင်ကြရခြင်းဖြင့်လည်းကောင်း၊ မြစ်တွင်းမှ လှေငယ်၊ မော်တော်ဘုတ်ငယ်များဖြင့် တစ်ဆင့် ပို့ဆောင်ကြရခြင်းဖြင့်လည်းကောင်း အဆင့်ဆင့်ခက်ခဲပင်ပန်းစွာ ပို့ဆောင်ကြရပါကြောင်း၊ ထို့အခါ ဒေသခံပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများနှင့် ဆည်မြောင်းဦးစီးဌာနဝန်ထမ်းတို့ ပူးပေါင်း ကာ တမံပေါ်ရှိ ပေါင်းမြက်၊ ချုံနွယ်များကိုရှင်းလင်းခြင်း၊ လူများသွားလာလို့ရစေရန် တာပေါ်ရှိ မညီညွတ် သောမြေဂလုံးများအားမြေညှိကာ မြေနီ၊ ကျောက်စရစ်များ နှစ်စဉ်ခင်းကာ မြို့သို့သွားလာ ကြရာမှ လူသွားလမ်းအဖြစ်တဖြည်းဖြည်းရောက်ရှိခဲ့ပါကြောင်း၊ ထိုတမံပေါ်မှ ပတ်ဝန်းကျင်ကျေးရွာ ၃၀ ခန့် က ဒေသခံပြည်သူများ နေ့စဉ်ခြေလျင်တစ်မျိုး၊ စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးကား၊ လူစီးယာဉ်ငယ် တို့ဖြင့် မြို့ပြသို့လျင်မြန်စွာသွားလာမှုအဆင်ပြေခဲ့ကြရပါကြောင်း၊ သို့သော် လမ်းမှာယာဉ်ငယ် တစ်စီး သာသာကျယ်ဝန်းသည့် အတွက်ကြောင့် တစ်ခါတစ်ရံမျက်နှာချင်းဆိုင်မှယာဉ်ငယ်နှင့် လမ်း တွင်ဆုံခဲ့ပါက တစ်စီးက လာရာလမ်းကိုနောက်ဆုတ်ကာ လမ်းဘေးတစ်နေရာရှိ အနည်းငယ် ကျယ် သော နေရာ ရောက်သည့်အခါမှ တာဘောင်နှုတ်ခမ်းကပ်ရပ်၍ရှောင်ပေးကြရသည့် အဖြစ် မျိုးနှင့် မကြာခဏကြုံရ ပါကြောင်း၊ ပတ်ဝန်းကျင်ကျေးရွာ ၃၀ ခန့် အဓိကအားထား နေရသော လမ်း ဖြစ်သဖြင့် အရေးပေါ်  မြို့ပေါ်မှ မီးသတ်ယာဉ်များ၊ ကျေးလက်မှလူနာတင်ယာဉ်တို့ အကြောင်း ရှိက သွားလာကြလျှင်  အဟန့်အတားမရှိလွယ်ကူစွာသွားလာမောင်းနှင်နိုင်ရန် တာဘောင်အား ချဲ့ထွင်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ ထို့အပြင် တာဘောင်မှာနှစ်များစွာကြာခဲ့ပြီဖြစ်၍ တချို့ရေကြီးနှစ်တို့တွင် တစ်ခါတစ်ရံ တာကျိုးပေါက်မှုများရှိပါက အလျင်အမြန်သဲအိတ်များဖို့၍ တာကို ပွင့်မကျစေရန် တာဘောင်ကြံ့ခိုင်ရေး ဆောင်ရွက်ကြရသည့်အခတွင်လည်း ယာဉ်များ အလွယ်တကူပို့ဆောင်သွားလာနိုင်ရန် အထူးလိုအပ်နေသည်ကို တွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါမြစ်ရေတား မြေသားတမံရေကာတာကြီးအား တာဘောင်တမံချဲ့ထွင်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း။

          ထန်းလုံးချောင်းတာသည် ရွှေတောင်မြို့နယ်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် မြို့မ ကျေးရွာတို့အကြားတွင်တည်ရှိပြီး တာအလျား ၃ မိုင်၊ ၇ ဖာလုံ၊ တာထိပ်ပြင်အကျယ် ၉ ပေ၊ အောက်ခြေအကျယ် ၃၂ ပေ၊ အမြင့် ၈ ပေရှိကာ လယ်ယာမြေ ၃,၂၅၀ ဧကအား ဧရာဝတီမြစ်ရေ တက်ရောက်မှုမှကာကွယ်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ထိန်းသိမ်းထားသော ရေဘေးကာကွယ်ရေးတာ တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါတာအား ရေဘေးကာကွယ်ရေးအတွက်သာ ရည်ရွယ် တည်ဆောက် ထားခြင်းဖြစ်သည့် အတွက်ကြောင့် တာတမံပေါ်မှ ကားကြီး၊ ကားငယ်များ နေ့စဉ်ဖြတ်သန်း၍ ကျေးရွာချင်း ဆက်လမ်းအဖြစ်အသုံးပြုပါက အထူးသဖြင့် မိုးရာသီကာလတွင် တာတမံ ထိခိုက် ပျက်စီး မှုများ ဖြစ်ပေါ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် တာတမံ ထိခိုက်ပျက်စီးမှု လျော့နည်းစေရန်နှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရန်အတွက် တာတမံစစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် ဒေသခံ ပြည်သူများသွားလာနိုင်ရန် တစ်တန်အောက်မော်တော်ယာဉ်၊ ထော်လာဂျီ၊ ဆိုင်ကယ်များမှလွဲ၍ မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မရှိ‌စေရန် သံမဏိဂိုးတိုင်မောင်းတံဂိတ်နှစ်ခုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် ထားရှိ ခဲ့ပါကြောင်း။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဒေသနေပြည်သူများ အရေးပေါ်အကြောင်းကိစ္စရှိက ရာသီမရွေးလွယ်ကူစွာသွားလာနိုင်ရန် ရွာသာယာ-နွားခြံကုန်း-မြို့မလမ်း အရှည် ၃ မိုင်၊ ၇.၅ ဖာလုံ အား ရွှေတောင်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အဆင့်မြှင့်တင်ဆောင်ရွက် ခဲ့ရာ ၃ မိုင်နှင့် ၀.၅ ဖာလုံဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသည့်လမ်းအရှည် ၇ ဖာလုံကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆက်လက်လျာထား ဆောင် ရွက်သွားမည်ဖြစ်သည်ကိုတင်ပြထားပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ထန်းလုံး ချောင်းတာသည် တာထိပ်ပြင်အကျယ် ၉ ပေရှိ ရေဘေးကာကွယ်ရေး တာဖြစ်သည့် အတွက် တာတမံ ကြံ့ခိုင်မှုမထိခိုက်စေရန်နှင့် ရေရှည်တည်တံ့ခိုင်မာစေရန်အတွက် မော်တော်ယာဉ် နှစ်စီး ရှောင်နိုင် သည်အထိ တာတစ်လျှောက်လုံး တာဘောင်ချဲ့ထွင်ခြင်းဆောင်ရွက်ပေးရန်အတွက် လတ် တလောတွင် အစီအစဉ်မရှိသေးပါကြောင်း ၊ သို့ရာတွင် ဒေသခံပြည်သူများအနေဖြင့် အရေးပေါ် အခြေအနေများတွင် တစ်တန်အောက်ယာဉ်များအသုံးပြုသွားလာနိုင်ရေးအတွက် တာတစ် လျှောက် သင့်လျော်သည့်နေရာများတွင် ယာဉ်များရှောင်တိမ်းနိုင်သည့် နေရာ၊ ယာဉ်ရှောင်ကွင်းလမ်း Passing Bay များပြုလုပ်အသုံးပြုခြင်းဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

          

မေးခွန်း
မေးခွန်း

ဦးတင်ရွှေ(ရွှေတောင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

 မိမိတို့အဖို့ ငါးမရလည်း ရေချိုးပြီးပြန်၍ရအောင် ငွေကျပ် ဘီလီယံပေါင်းများစွာကုန်ကျမည့် တာဘောင်တစ်ခုလုံးကို ချဲ့ထွင်မပေးနိုင်လျှင်ပင် ၁ ဖာလုံခန့်၊၂ ဖာလုံခန့် အကွာ လောက် တွင် ယာဉ်ငယ် နှစ်စီးကွင်းရှောင်၍ရရန် မြေသားတမံ  ၂၀‌ ပေခန့်လောက်စီမြေဖို့ပြီး တမံလေး ၁၅ ခု လောက် ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်

          တာတမံကြံ့ခိုင်ရေး ဆောင်ရွက်ရန်အဓိကဖြစ်ပါကြောင်း၊ ယာဉ်သွား၊ယာဉ်လာ သိပ်များလျှင် တာတမံကြံ့ခိုင်ရေးကို ထိခိုက်နိုင်မှုအတွက်လည်းထိန်းကျောင်းကြရန်လိုအပ်ပါ ကြောင်း၊ မိမိအနေ ဖြင့် ဒေသခံတာဝန်ရှိသူများက ယာဉ်သွားလာမှုအခြေအနေကိုလည်း ဆန်းစစ်ပြီး ယာဉ်ရှောင်ကွင်း လမ်း(Passing Bay) အခုရေသတ်မှတ်ချက်များကို ပထမဦးစွာ ဆောင်ရွက်၍ တိုင်းဒေသကြီး အစိုးရနှင့် လည်းညှိနှိုင်းပြီး ဆောင်ရွက်သင့်သည့် အခုရေ လိုအပ်ချက် ပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်နိုင်မှုကို တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းပြီး ပြန်လည် ဖြေကြား သွားမည်ဖြစ်ပါကြောင်း

အခြေအနေပေါ်တွင် မူတည်ပြီး အခုရေမည်မျှ ဆောင်ရွက်သင့်ကြောင်း၊  ၁ မိုင်ခြား လုပ်သင့် သလား၊ မိုင်ဝက်ခြားလုပ်သင့်သလားဆိုသည့် အခုရေကိုလည်း ဆောင်ရွက်ညှိနှိုင်း သင့်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီးမှ ပြန်လည်ဖြေကြားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။