ဦးနိုင်မင်းဦး (ကြံခင်းမဲဆန္ဒနယ်)
ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအုပ်စုအတွင်း၌ ကျောက်နီချောင်း သံကူကွန်ကရစ် ရေတားတမံ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာ အုပ်စုအတွင်းရှိ ကျောက်နီချောင်းရေတားတမံအား သံကူကွန်ကရစ်ရေတားတမံအဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း ၆၅၀၀ ဘတ်ဂျက် ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်းကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ပြန်လည် ရုပ်သိမ်းခြင်းခံခဲ့ရပါကြောင်း၊ အထက်ပါ ရေတားတမံသည် ဒေသခံလယ်သမားကြီးများ ၁၃၀ ဦးရေ၊ လယ်ဧကပေါင်း ၄၃၀ ကျော်အတွက် အဓိကအကျိုးပြု မည်ဖြစ်ပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိနှင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်၊ မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ် ဖြေကြား သွားမည်ဖြစ်ပါကြောင်း။
ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာသည် ပုသိမ်-မုံရွာလမ်း မိုင်တိုင် ၁၂၃ မိုင်၊ ၄ ဖာလုံ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိပါကြောင်း၊ ကျောက်နီချောင်းတွင် ကြို့ပင်စု ကျေးရွာ အနီး အနောက်မှအရှေ့သို့ ဖြတ်သန်းစီးဆင်းပြီး ပရှဉ်းချောင်းအတွင်းသို့စီးဝင်ကာ ပုသိမ်-မုံရွာလမ်း မိုင်တိုင် ၁၂၅ မိုင်၊ ၄ ဖာလုံကိုဖြတ်၍ ကြံခင်းမြို့အနီးတွင် ပရှဉ်းချောင်းအဖြစ် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်ပါကြောင်း။
ကျောက်နီချောင်းမှာ နွေရာသီတွင် ရေစီးဆင်မှုမရှိဘဲ မိုးရာသီတွင် ချောင်းအကျယ် ၁၃၀ ပေ၊ ရေအနက် ၅ ပေခန့်အထိ အများဆုံးစီးဆင်းပြီး မိုးစပါးစိုက်ပျိုးရန်အတွက် ကြို့ပင်စု ကျေးရွာ၏ အနောက်တောင်ဘက် ပေ ၃၀၀၀ ခန့်အကွာ၌ တောင်သူများ ကိုယ့်အား ကိုယ်ကိုး အစီအစဉ်ဖြင့် ယာယီရေတားတမံပြုလုပ်၍ ချောင်း၏လက်ယာဘက်၌ ရေသွယ် မြောင်းတူး ဖော်ကာ စိုက်ပျိုးရေကို နှစ်စဉ်ရယူလျက်ရှိပါကြောင်း၊ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအနီး ကျောက်နီချောင်းပေါ်တွင် ခိုင်မာသော သံကူကွန်ကရစ်ရေတားတမံ ရေလွှဲဆည် တည်ဆောက် ခြင်း အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေမှ ကျပ်သိန်း ၆၅၀၀ ခွဲဝေရရှိခဲ့ပါကြောင်း။
အဆိုပါနှစ်ကာလသည် ကိုဗစ်ကာလဖြစ်၍ လုပ်ငန်းများဆောင်ရွက်ရန်အတွက် တည်ဆောက်ရေး ပစ္စည်းများဝယ်ယူရန်ခက်ခဲခြင်း၊ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်ခက်ခဲခြင်းကြောင့် ရန်ပုံငွေပြန်လည်အပ်နှံခဲ့ရပါကြောင်း၊ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအနီး ကျောက်နီချောင်းပေါ်တွင် ယာယီရေတားတမံအား သံကူကွန်ကရစ် ရေတားတမံရေလွှဲဆည်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးခြင်းသည် လယ်ယာမြေဧက ၄၃၈ ဧကအား မိုးစပါးစိုက်ပျိုးရေ ပြည့်ဝစွာ ပေးနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကြံခင်းမြို့နယ်၊ ကြို့ပင်စုကျေးရွာအုပ်စု၊ ကျောက်နီချောင်းပေါ်တွင် သံကူကွန်ကရစ် ရေတားတမံရေလွှဲဆည် တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေ ပြောင်းလဲမှုများကို ကွင်းဆင်းတိုင်းတာခြင်း၊အကြိုစူးစမ်းလေ့လာခြင်း၊ဒီဇိုင်းပုံစံ ပြန်လည်တွက်ချက်ခြင်းနှင့်ခန့်မှန်းခြေစာရင်းပြန်လည်တွက်ချက်ခြင်းများကိုဦးစွာဆောင်ရွက်ပြီး လုပ်ငန်း ဆောင်ရွက်နိုင် မည့် အခြေအနေရှိပါက လုပ်ငန်းအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ရန်ပုံငွေအား နီးစပ်ရာ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် ထည့်သွင်းတင်ပြတောင်းခံကာ ရန်ပုံငွေရရှိမှု ပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးနိုင်မင်းဦး(ကြံခင်းမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
နီးစပ်ရာဘဏ္ဍာရေးနှစ်ဆိုသည့် အတိုင်းအတာ ဘဏ္ဍာရေးနှစ်ကို အတိအကျဘဏ္ဍာရေးနှစ် မည်မျှဆိုသည်ကို ဆက်လက်မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဗိုလ်ဗိုလ်ကျော်
ယခင် တွက်ချက်မှုအရသည် ကျပ်သိန်း ၆၅၀၀ ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် ပြန်လည် တွက်ချက်မည်ဆိုလျှင် ဒေသပေါက်ဈေးနှုန်းကွာခြားမှုများ အခြေအနေအရ ဆိုလျှင် ၂ ဘီလီယံ မှ ၃ ဘီလီယံကြားလောက် ကုန်ကျမည်ဟု ခန့်မှန်းထားပါကြောင်း၊ နောက်တစ်ခုမှာ မူလဒီဇိုင်း ကိုလည်း မိမိတို့က ပြန်လည် စစ်ဆေးခိုင်းထားပါကြောင်း၊ ထိုဒေသကလည်း အခြေအနေအရ အောက်ဘက်မှလည်း Gravelbed မျိုးဖြစ်သည့် အတွက်ကြောင့်မူလကုန်ကျစရိတ်ထက်လည်း ပိုသွားနိုင်၍ ဒီဇိုင်းမှာလည်းပြောင်းသွားနိုင်သည့် အခြေအနေများရှိနေလားဆိုသည်ကို ဦးစွာ စမ်းစစ် မည်ဖြစ်ကြောင်း၊ ဒီဘက် ဘဏ္ဍာရေးနှစ်အတွင်းတွင် ချက်ချင်းဦးစွာ ဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ အကျိုးဖြစ်ထွန်းမှုကို ပြန်လည်တွက်ချက်မည်ဖြစ်ကြောင်း၊ ဘီလီယံ ၂.၅ လောက် နှင့် မှန်းမည်ဆိုလျှင်လည်း တစ်ဧက ကုန်ကျစရိတ်သည် သိန်း ၆၀ နီးပါးခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ဒါကြောင့် Cost and Benefit ကိုက်ရန်သုံးသပ်ပြီးသည့် အခါတွင် ဒီဇိုင်းကိုလည်း ပြန်လည်စိစစ်ပေး မည်ဖြစ်ကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်အတွင်းတွင် ချက်ချင်း စိစစ်မည် ဖြစ်ပါ ကြောင်း။
အကျိုးအမြတ်ကိုတွက်ပြီး နီးစပ်ရာ ဘဏ္ဍာရေးနှစ် မီလျှင် အကျိုးလည်းရှိ၊ Cost and Benefit အကိုက်ဆုံးဆိုလျှင်နီးစပ်ရာဘဏ္ဍာရေးနှစ် အနီးဆုံး လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းပေးရန် လျာထားသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။