ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)
မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ရွာနှင့် ခရုတုတ်ရွာအကြားရှိ ပန်းလောင်မြစ်ကူးတံတားအား မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြစ်သားမြို့နယ်၊ အိမ်ရှေ့တာင်ကျေးရွာအုပ်စု ကျေးရွာခွဲ ၃ ရွာ၊ အိမ်ခြေ ၅၃၂ စု၊ လူဦးရေ ၂,၆၈၇ ဦးနေထိုင်ပြီး မိုးစပါးအပါအဝင် သီးနှံစုံစိုက်ဧက ၁,၅၀၀ ကျော်ရှိပြီး ငွေရသီးနှံများဖြစ်သည့် ဒေသမျိုး ရင်းငှက်ပျောများ၊ ကွေကာနှင့် ကြက်စာပြောင်းများ၊ ဆီထွက်သီးနှံ နွေနှမ်းနှင့် ပဲတီစိမ်းအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သော ကျေးရွာအုပ်စုလည်းဖြစ်ပါကြောင်း၊ ၎င်းအပြင် မိသားစုတစ်နိုင်တစ်ပိုင် လက်ရိုက်အုတ်ဖုတ်လုပ်ငန်းများလည်းရှိပြီး ပညာရေးအနေဖြင့် မူလတန်းကျောင်းတစ်ကျောင်းရှိကာ ကျေးလက်ကျန်းမာရေးဌာနခွဲမရှိသော ကျေးရွာအုပ်စုလည်းဖြစ်ပါကြောင်း၊ ကျေးရွာနေပြည်သူများ သည် မိသားစုရေးရာကိစ္စအစုံအလင်အတွက် ကူမဲမြို့သို့သွားရမည်ဆိုပါက ပန်းလောင်မြစ်ရေကာ မြေသားတာရိုးအတိုင်း ၄ မိုင်ကျော် ခရီးကို ခက်ခဲစွာ သွားကြရပါကြောင်း၊ တာရိုးလမ်းသည် ကျဉ်းမြောင်းပြီး မြေသားလမ်းဖြစ်ခြင်းကြောင့် မိုးတွင်းတွင် မိုးရွာသွန်းမှုများရှိလျှင် သွားလာ၍ မရသည် အထိ ဖြစ်တတ်ပါကြောင်း၊ အခြားရာသီကာလတွင်လည်း မြေသားတာရိုးသည် မြင့်မားပြီး ကျဉ်းမြောင်း ခြင်းကြောင့် နွားလှည်းများ၊ ကုန်တင်ယာဉ်နှင့် တခြားဘက်စုံသုံးယာဉ်များ မျက်နှာချင်းဆိုင်တွေ့ဆုံကြ လျှင် ရှောင်ကွင်း၍မရဘဲ အန္တရာယ်ကြားမှ ခက်ခဲစွာ အသုံးပြုနေကြရပါကြောင်း၊ ဖော်ပြပါလမ်းကို အသုံးမပြုဘဲ ကတ္တရာလမ်းရှိရာ ရခိုင်ကြီးကျေးရွာဘက်သို့ သွားမည်ဆိုပါကလည်း အိမ်ရှေ့တောင် ကျေးရွာမှ ဟောင်းနွဲ့ရွာ၊ ဟောင်းနွဲ့ရွာမှ အုန်းကုန်းရွာ၊ ၎င်းမှတစ်ဆင့် ရခိုင်ကြီးကျေးရွာအထိ အရှည် ၅ မိုင်ကျော်ခရီးကို ပန်းလောင်မြစ်ရေကာ မြေသားတာရိုးအထက်ပိုင်းကို အသုံးပြုပြီး သွားရပါကြောင်း၊ လမ်းသည် မြေသားလမ်းဖြစ်ခြင်း၊ ကျဉ်းမြောင်းခြင်းတို့ကြောင့် မိုးတွင်းတွင် သွားလာရခက်ခဲခြင်း များနှင့်လည်း အမြဲကြုံတွေ့နေရသည့် ကျေးရွာဖြစ်ပါကြောင်း။
ယင်းကျေးရွာသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံစုံ သည် ပုံမှန်ဈေးနှုန်းမရရှိဘဲ ပွဲစားများက အခြားကျေးရွာမှ ထွက်သည့်သီးနှံများထက် ဈေးလျှော့ဝယ် ယူခြင်းကို ခံနေရပါကြောင်း၊ သီးနှံအရည်အသွေးတူသော်လည်း ရွာကို ဝင်/ထွက် ဆက်သွယ်သည့် ကုန်စည်သယ်ပို့လမ်း မလွယ်ကူခြင်း၏ အကျိုးဆက်သည် စိုက်ပျိုးရေးလုပ်ငန်းအပေါ် ထိခိုက်မှုရှိပါ ကြောင်း၊ တစ်ဖန် ကျန်းမာရေးအရပြောမည်ဆိုပါက ကျေးလက်ကျန်းမာရေးဌာနခွဲမရှိ၍ နီးစပ်ရာ ဆေးရုံဆေးခန်းသွားသည့်အခါ လမ်းပန်းဆက်သွယ်မှုဝေးကွာခြင်းနှင့် လမ်းမကောင်းခြင်းတို့ကြောင့် မွေးလူနာအပါအဝင် အရေးပေါ်လူနာများအနေဖြင့် ကျန်းမာရေးကုသစောင့်ရှောက်မှု အချိန်နောက် ကျမှ ခံယူရခြင်း၊ မလိုလားအပ်သော အသက်ဆုံးရှုံးခြင်းများရှိပါကြောင်း၊ ၎င်းအပြင် ကျေးရွာမှ အနာဂတ်ကျောင်းသားလူငယ်များသည် အလယ်တန်းနှင့် အထက်တန်းပညာရေးကို ကူမဲမြို့ သို့မဟုတ် ရခိုင်ကြီးကျေးရွာ အ.ထ.ကကျောင်းများသို့ သွားရောက်၍ သင်ယူရခြင်းဖြစ်၍ ကူမဲမြို့နှင့် ၄ မိုင်ကျော်၊ ရခိုင်ကြီး အ.ထ.ကကျောင်းနှင့် ၅ မိုင်ကျော်ခရီးကို လမ်းပန်းဆက်သွယ်မှုခက်ခဲစွာ ကျောင်းတက်ကြ ရပါကြောင်း၊ မချို့ကျောင်းသားများဆိုလျှင် မူလတန်းပညာအဆင့်နှင့်ပင် ရပ်တန့်သွားကြပြီး အလယ် တန်းနှင့် အထက်တန်းပညာရေးကို သင်ယူနိုင်မှုမရှိသည်အထိ ဖြစ်ခဲ့ရပါကြောင်း။
အကယ်၍ မိမိတင်ပြတောင်းဆိုသည့် အိမ်ရှေ့တောင်ကျေးရွာနှင့် ခရုတုတ်ကျေးရွာအကြားရှိ ပန်းလောင်မြစ်ကူးတံတားသာ တည်ဆောက်ပေးပါက ဒေသခံပြည်သူများအဖို့ ကင်းတားဆည် ၂၁ မိုင် ကတ္တရာလမ်းကို အလွန်တိုတောင်းသော ခရီးအကွာအဝေး ၂ ဖာလုံခန့်သွားရုံဖြင့် ဆက်သွယ်မိမည် ဖြစ်ပါကြောင်း၊ ထိုအခါ ကျေးရွာရှိ ပြည်သူများအဖို့ မြစ်ကူးတံတားရှိလာခြင်းကြောင့် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စအဝဝအတွက် ရာသီမရွေးဆက်သွယ်သွားလာနိုင်မည်ဖြစ်ရာ ဒေသခံများ ၏ လူမှုစီးပွားဘဝများလည်း နတ်ရေကန်ထဲကို ချလိုက်သကဲ့သို့ နေ့ချင်းညချင်းဆိုသလို လွန်စွာတိုး တက်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဒေသထွက်သီးနှံစုံများမှာလည်း အစွမ်းကုန်ဈေးရရှိခြင်း၊ ကျေးရွာနေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု အချိန်မီရရှိခြင်း၊ ကျေးရွာမှ အနာဂတ်လူငယ် သားကောင်းများ၏ ပညာရေး သင်ယူရရှိမှုအခွင့်အလမ်း ပိုမိုရရှိခြင်းနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အခြေအနေကောင်းများကို ဒေသခံပြည်သူများ ပိုင်ဆိုင်ကြမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ရာသီမရွေး သွားလာနိုင်သော ကင်းတာဆည် ၂၁ မိုင်ကတ္တရာလမ်းနှင့် ဆက်သွယ်ရန် ကျေးရွာမှ လမ်းအထိ ၂ ဖာလုံခန့်သာ ကွာဝေးမည့်လမ်းကြောင်းကို အိမ်ရှေ့တောင်ကျေးရွာအုပ်စုမှ ပြည်သူများအသုံးပြုနိုင်ရေး အတွက် အိမ်ရှေ့တောင်ကျေးရွာနှင့် ခရုတုတ်ကျေးရွာအကြားရှိ ပန်းလောင်မြစ်အား ဒေသခံပြည်သူ များ၏ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ပို့ရေးယာဉ်များ ဖြတ်သန်းသွားလာနိုင်မည့် မြစ်ကူး တံတားအသစ်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
မြစ်သားမြို့နယ်၊ အိမ်ရှေ့တောင်ရွာအဝင်တွင် ကြိုးတံတားတစ်ခုရှိပြီး ကြိုးတံတား၏ တာဝါတိုင်ယိုင်နေခြင်း၊ ကြိုးတံတား၏ မြေကာနံရံပျက်စီးနေခြင်း၊ ကမ်းကပ်ခုံကွဲအက်နေ ကြောင်း၊ အိမ်ရှေ့တောင်ရွာအဝင်တံတား ကျေးရွာဘက်ခြမ်းတွင် ကြမ်းခင်းရွေ့လျားနေကြောင်း၊ ရွာအဝင် တံတား၏ ကြိုးဆိုင်းများ လျော့ကျနေမှုကို မိမိတို့စစ်ဆေးခဲ့ပါကြောင်း၊ အိမ်ရှေ့တောင်ရွာအဝင် တံတားချဉ်းကပ်လမ်း ကွဲအက်နေခြင်း၊ အိမ်ရှေ့တောင်တာဝါတိုင်တံတား တိမ်းစောင်းနေခြင်း၊ ကမ်းခြေ အောက်ခံခုံမြေသားများ ရေတိုက်စားနေခြင်း၊ ကြမ်းခင်းသံပြားများ အိမ်ရှေ့တောင်ရွာဘက်ကို ရွေ့လျားနေခြင်း၊ ကြိုးတံတားများ အထက်အောက် ရွေ့လျားနေခြင်း၊ ချဉ်းကမ်လမ်းနှစ်ဘက်တွင် ကွဲအက်ပျက်စီးနေခြင်းများလည်း ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့သော် လတ်တလော ထိုတံတားအပေါ်တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များသွားလာပြီး ဒေသထွက်ဖြစ် သော ငှက်ပျော၊ ပဲ၊ နှမ်း၊ ငရုတ်များကို ကူမဲသို့ ပို့ဆောင်ရာတွင် မော်တော်ယာဉ်များသည် တင်ပြပါ အိမ်ရှေ့တောင်ရွာမှ ကဆုန်ရွာ၊ ကဆုန်ရွာမှ တင်ပြပါ ကူမဲရွာကို တာဘောင်လမ်းအတိုင်း သွားလာနေပါကြောင်း။
ပန်းလောင်မြစ်ကူးတံတားသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနပိုင် ပြည်ထောင်စုမှ စီမံ ခန့်ခွဲသည့် အိမ်ရှေ့တောင်ရွာအဝင်လမ်းပေါ်တွင် တည်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တွင် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့ပြီး အလျား ၁၅၀ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၁၅ ပေရှိသည့် ဆိုင်ကယ်ကြိုးကူးတံတားဖြစ်ပါကြောင်း၊ တံတားသွားလာရေး လွယ်ကူရန် အတွက် ပျက်စီးနေသည့်အပိုင်းများကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုလျှင် ခန့်မှန်း ၆၅ သန်းခန့်ကုန်မည်ဖြစ်ပါကြောင်း၊ ကွန်ကရစ်တံတားအသစ်ဆောက်မည်ဆိုလျှင် ခန့်မှန်း ကုန်ကျငွေပေါင်း ၁.၃ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကျေးလက်လမ်းမဟာဗျူဟာအရ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပေါင်းစပ်ပြီး ကျေးရွာအိမ်ခြေ၊ လူဦးရေနှင့် ကျေးလက်နေပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ လက်ရှိလိုအပ်မှုနှုန်းကို ဦးစားပေး ရွေးချယ်၍ ကြိုးတံတားပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေနှင့် လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ကို လောလောဆယ်ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ် မှသာ တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
အိမ်ရှေ့တောင်ကျေးရွာနှင့် ခရုတုတ်ကျေးရွာအကြားရှိ ပန်းလောင်မြစ်ကူးတံတား တည်ဆောက်ရန် မိမိတောင်းဆိုသည်မှာ ကွန်ကရစ်တံတားအသစ်တည်ဆောက်ရန် တောင်းဆိုခြင်း ဖြစ်ပါဖြစ်ပါကြောင်း၊ သို့သော် ဒုတိယဝန်ကြီးအနေဖြင့် လက်ရှိ ပျက်စီးယိုယွင်းနေသည့် လူကူး၊ ဆိုင်ကယ်ကူးသည့် ကြိုးတံတားလေးကို ပြင်ဆင်ထိန်းသိမ်းပေးမည်ဟု ပြောသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ သို့သော် လူကူး၊ ဆိုင်ကယ်ကူးတံတားသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကုန်စည်စီးဆင်းသည့်ကားများ၊ လူနာတင်ယာဉ်များ၊ ဒေသထွက်သီးနှံများကို နွားလှည်းများနှင့် ကူး၍ မရသောကြောင့် ဒေသထွက် သီးနှံများ နွားလှည်းနှင့် သယ်ပို့၍ရအောင်၊ မော်တော်ကားများနှင့် ဝင်/ထွက်သွားလာ၍ရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုကားများ ဝင်၍ရအောင် ဒေသဖွံ့ဖြိုးရေး အတွက် အထူးလိုအပ်သည့် ပန်းလောင်မြစ်ကူးတံတားအသစ်ကို ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် တောင်းခံပြီး ဆောင်ရွက်မည်ဆိုသည်ကို သိရသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊ သို့သော် မိမိ တင်ပြတောင်းဆိုသည်ကို ဖြစ်နိုင်လျှင် ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က
ကွန်ကရစ်တံတား တည်ဆောက်ခြင်းကို လောလောဆယ်အခြေအနေတွင် မရှိသေးပါ ကြောင်း တင်ပြပြီးဖြစ်ပါကြောင်း၊ လက်ရှိ မြေပြင်အနေအထားကြည့်မည်ဆိုလျှင်လည်း ကြိုးတံတား လေးတစ်ခုရှိပါကြောင်း၊ တင်ပြပါရွာနားတွင် ရွာတစ်ရွာသာရှိသည့်အတွက် ကြိုးတံတားလေးပြင် ပေးမည်ဆိုလျှင် ကျေးလက်နေပြည်သူလူထု အနည်းငယ် အထောက်အကူပြုမည်ဟု မိမိ ထင်မြင် မိပါကြောင်း၊ ဆက်လက်၍ မြစ်သားမဲဆန္ဒနယ်၊ ကိုယ်စားလှယ်တော်ကြီးမှ ထိုဟာဆက်လက်ဆောင် ရွက်ပေးရန် တင်ပြသည့်အခါ မြစ်သားမြို့နယ်မှ တိုင်းဒေသကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်မှ ကြယ်ပွင့်ပြ မေးခွန်းအားလုံး ၇ ခုခန့်ရှိပါကြောင်း၊ ဘဏ္ဍာငွေပမာဏကဆိုလျှင်လည်း အနေအထားအရ များပါကြောင်း၊ ထိုအနေအထားအပေါ် မူတည်၍ ဘဏ္ဍာငွေအပေါ် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်တော်ကြီးအနေဖြင့် မိမိဒေသအတွင်းရှိ ကျေးရွာ အားလုံးမှ ကျေးရွာနေပြည်သူလူထု၏ အကျိုးပြုမှုကို စိစစ်ပြီးတင်ပြပေးလျှင် မိမိနိုင်ငံတစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးမှု ပိုမိုကောင်းမွန်လာလိမ့်မည်ဟု မိမိထင်မြင်မိပါကြောင်း၊ မိမိတင်ပြပြီးသည့်အတိုင်း ပဲ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လျာထားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။