ဦးစိုးနိုင်(မင်းတုန်းမဲဆန္ဒနယ်)
မင်းတုန်းမြို့နယ်ရှိ မင်းတုန်း၊ ဘူးတောင်း- ပုသိမ်- မုံရွာကားလမ်းမကြီးနှင့် ဆက်သွယ်သည့်လမ်းအား အဆင့်မြှင့်တင်ခြင်း၊ သွေးကျောက်ချောင်းတံတား၏ ချဉ်းကပ်လမ်းအား မြေထိန်းနံရံတည်ဆောက်ခြင်း၊ Box Culvert ၁ စင်းတည်ဆောက်ခြင်းတို့အား ခွင့်ပြုပေးနိုင်ပါရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ရှိ မင်းတုန်း- ဘူးတောင်း- ပုသိမ်- မုံရွာဆက်သွယ်ရေးလမ်းသည် အရှည် ၃.၃ မိုင် ၄ ဖာလုံရှိပါကြောင်း၊ ယခင်က ၎င်းလမ်းအား မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးအသင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒေသခံပြည်သူများ၊ မော်တော်ယာဉ်ပိုင်ရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းငွေများဖြင့် စတင်ဖောက်လုပ်ခဲ့ကြပြီး ကျောက်ကြီးများခင်းခြင်း၊ ချောင်း ကျောက်စရစ်များခင်းခြင်းနှင့် နှစ်စဉ် ချောင်းကျောက်စရစ်များ ဖြည့်တင်းခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၎င်းလမ်းသည် မင်းတုန်းမြို့နှင့် ပုသိမ်- မုံရွာကားလမ်းမကြီး အတွင်းရှိ ရွာချင်းဆက်လမ်းဖြစ်သည့် အားလျော်စွာ မော်တော်ယာဉ်များ၊ မော်တော်ဆိုင် ကယ်များဖြင့် ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ သွားလာမှုများပြားပြီး မင်းတုန်းမှ ပြည်၊ မကွေး၊ သရက်မြို့များသို့ ကုန်စည်သယ်ယူပို့ဆောင်ရေးများ၊ ကျန်းမာရေး၊ ပညာရေးနှင့်၊ ဌာန ဆိုင်ရာကိစ္စရပ်များအတွက် ဒေသခံပြည်သူများ၏ အဓိကအားထားရာလမ်းဖြစ်သဖြင့် ၎င်းလမ်း အား အဆင့်မြှင့်တင်ပေးပါရန် ပထမအကြိမ် လွှတ်တော်ကာလအတွင်းတွင် မိမိအနေဖြင့် တင်ပြတောင်းခံခဲ့ရာ နိုင်ငံတော်မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုချထားပေးပြီး ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် ၎င်းလမ်းပေါ်ရှိ သွေးကျောက်ချောင်းတံတားအား အရှည် ၄၀ ပေ ကွန်ကရစ်တံတားအဖြစ် နိုင်ငံတော်မှခွင့်ပြု ဆောက်လုပ်ပေးခဲ့ပါကြောင်း၊ တင်ပြပါလမ်းသည် မင်းတုန်းမြို့နှင့် ပုသိမ်-မုံရွာကားလမ်းမကြီး ကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းဖြစ်ပြီး မော်တော်ယာဉ်များ အသွားအလာ များပြားခြင်း၊ ပြည်သူလူထုအများဆုံး အသုံးပြုခြင်းတို့ကြောင့် ယခုအခါ အဆိုပါလမ်းသည် ပျက်စီးယိုယွင်းလာပါသဖြင့် အချိန်မီ အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ မင်းတုန်းမြို့နှင့် ဘူးတောင်း-ပုသိမ်-မုံရွာဆက်သွယ်ရေးလမ်းအား အဆင့် မြှင့်တင်ခြင်း ၎င်းလမ်းပေါ်ရှိ သွေးကျောက်ချောင်းတံတား၏ ချဉ်းကပ်လမ်းအား မြေထိန်း နံရံတည်ဆောက်ခြင်း၊ ၎င်းလမ်းပေါ်တွင် ကျောက်အုတ်ရိုးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ် ကြမ်းခင်း Box Culvert ၁ စင်းတည်ဆောက်ခြင်းတို့အား ခွင့်ပြုဆောက်လုပ်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိုက်စိုး က
မင်းတုန်း- ဘူးတောင်း-ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနပိုင် လမ်းအရှည် ၃ မိုင်၊ ၄ ဖာလုံရှိ သည့် ပြည်ထောင်စုမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ပုသိမ်- မုံရွာလမ်းနှင့် ချိတ်ဆက် သည့် ဦးစားပေး ပထမ အဆင့်ရှိသည့် ကတ္တရာလမ်း ဖြစ်ပါကြောင်း၊ မင်းတုန်း-ဘူးတောင်း-ပုသိမ်-မုံရွာ ဆက်သွယ်ရေးလမ်းသည် ကတ္တရာလမ်းဖြစ်သော်လည်း ၎င်းလမ်းကို ကတ္တရာလမ်း ခင်းခြင်း ဆောင်ရွက်ထားသည်မှာ နှစ်ကာလကြာမြင့်နေခြင်းကြောင့် နှစ်စဉ်ရေလွှမ်းမိုးမှုခံရခြင်း၊ ပျက်စီးနေခြင်းကြောင့် ယခုခါ ယာဉ်သွားလာမှု ခက်ခဲလျက်ရှိပါကြောင်း၊ ရေလွှမ်းမိုးမှုဒဏ် ကြောင့် ကတ္တရာလမ်းများပြင်ဆင်ရန်၊ မြေထိန်းနံရံနှင့် Box Culvert များကို တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပျက်စီးနေသည့် ကတ္တရာလမ်း နှစ်စဉ်ရေလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်မည်ဆိုလျှင် ခန့်မှန်း ငွေကျပ် (1.6 ဘီလီယံ) ၁,၆၉၄ သန်းလောက် ကုန်ကျမည်ဖြစ်ပြီး သွေးကျောက်ချောင်းတံတား ၏ ချဉ်းကပ်လမ်းမြေထိန်းနံရံတည်ဆောက်မည်ဆိုလျှင် ၁၁၀.၅ သန်း၊ Box Culvert ၁ စင်း တည်ဆောက်မယ်ဆိုလျှင် ငွေကျပ် ၂၀ သန်းခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊ နယ်မြေဒေသ အခြေအနေအရ လောလောဆယ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။