ဦးမြင့်ဇော်လင်း(ဖြူးမဲဆန္ဒနယ်)
ကညွတ်ကွင်းမြို့အနောက် ရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်မှုရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းရှိကျေးရွာချင်းဆက်လမ်းသည် ယခုအခါပျက်စီး ယိုယွင်းလျက်ရှိရာ ပျက်စီးယိုယွင်းလျက်ရှိသည့်လမ်းများအနက် ကညွတ်ကွင်းမြို့အနောက် ကညွတ် ကွင်းအုပ်စု၊ အင်ကြင်းပင်အုပ်စု၊ မဲလကုန်းအုပ်စုတို့ကို ဆက်သွယ်ထားသည့် လမ်းမတွင် ရွာပေါင်း ၁၁ ရွာခန့် ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းလမ်းအား ထာဝစဉ်ခိုင်မြဲရေး အတွက် ပြည်သူများ၏ တင်ပြအချက်အရ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း၊ ၎င်းလမ်းသည် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအစိုးရလက်ထက်က အဘ ဦးသန်းရွှေကိုယ်တိုင် စတင်ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်ပါကြောင်း၊ ထို့နောက် ၂၀၁၀ ပြည့်နှစ် အစိုးရလက်ထက် သက်တမ်းတစ်ခုအတွင်း အဘဦးသိန်းစိန်အစိုးရလက်ထက်က လာရောက်ခဲ့စဉ် အချိန်က၎င်းလမ်းအား ထာဝစဉ်ခိုင်မြဲရေးအတွက် ပြည်သူများ၏တင်ပြအချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း လမ်းညွှန်မှာကြားခဲ့သည့်လမ်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများ၏ တောင်းဆိုချက်အရ လမ်းအရှည် ၇ မိုင်၊ လမ်းအကျယ် ၁၅ ပေတို့အား ကျောက်ချောလမ်းမကြီးမှ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က
အဆိုပါလမ်းသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါကြောင်း၊ စုစုပေါင်း လမ်းအရှည် ၇ မိုင်၊ ၅ ဖာလုံရှိပြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရန်ကုန်-တောင်ငူ-မန္တလေး ကားလမ်းဟောင်းပေါ်၊ ကညွတ်ကွင်းမြို့မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်းအနီးရှိ ရေအိုးစင်ရွာ အထိ ဆက်သွယ်ထားသည့် လမ်းမကြီး ၂ လမ်းကြားထဲမှ လမ်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း လမ်းမိုင်ပေါင်း ၂,၄၃၀ မိုင်ရှိပြီး အမာခံလမ်းက၂၇၁ မိုင်၊ မြေသားလမ်း ၃၂၄ မိုင်ဖြစ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် Unpaved ၃၆ ရာခိုင်နှုန်းထိ ကျန်ပါကြောင်း။
မေးခွန်းပါလမ်းသည် အမာခံလမ်းပိုင်းအဖြစ် ပထမအဆင့် ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်းအဖြစ် ၁ မိုင် ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျန်ရှိ သည့် အမာခံလမ်းပိုင်းများအား ကျောက်ခင်းလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပြီးမှသာ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ရန်ပုံငွေတွင် နှစ် အလိုက် လျာထားဆောင်ရွက်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးပို့လာသော အချက်အလက်များနှင့် ပေါင်းစပ်ဖြေကြားခဲ့ပါသည်။