ဒေါ်နန်းတင်ဦး(ကျေးသီးမဲဆန္ဒနယ်)
လူငယ်အများအပြား ပြည်ပထွက်ခွာမှုလျှော့ချနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် အစီအစဉ်ရှိ မရှိနှင့်ရှိပါက မည်သို့ဆောင်ရွက်ထားကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်းရှိပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့မှနိုင်ငံ့သားကောင်းများဖြစ်သည့် လူငယ်လူရွယ်များ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရခြင်းနှင့်အတူ ပြည်ပထွက်ခွာမှုများပြားနေခြင်းသည် မိမိတို့နိုင်ငံ၏ လူသား အရင်းအမြစ်များ ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိပါကြောင်း၊တချို့သော ပညာတတ်လူငယ်များ၊ မိမိတို့ နိုင်ငံသားများ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ရခြင်းသည် တန်ဖိုးရှိသော ပညာရှင်၊ ပညာတတ်များ ဖြစ်သည့် မိမိတို့အားကိုးအားထားအလေးထားရသော ၎င်းတို့၏ ဦးနှောက်ယိုစီးမှု ဖြစ်ပေါ်စေ သဖြင့် ထိုပြဿနာအတွက် ဖြေရှင်းပေးရန် နည်းလမ်းနှင့် လူငယ်များ၊ ပညာတတ် ကျွမ်းကျင် သူများ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားမှုကို လျှော့ချနိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေး ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးရန် သီးသန့် အစီအစဉ်များ ရှိ၊ မရှိနှင့်ရှိပါက မည်သို့ဆောင်ရွက်ထားရှိကြောင်းသိရှိလိုပါကြောင်းနှင့်သက်ဆိုင်ရာ ဌာန လူကြီးမင်းများမှ ဆောင်ရွက်ပေးပါရန် မေးမြန်းခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း က
မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် လုပ်သားတို့၏ စွမ်းရည်ကိုမြှင့်တင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် အဖွဲ့အစည်း အသီးသီးကကဏ္ဍစုံမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏အခြေခံ စီးပွား ရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ခေတ်မီစိုက်ပျိုးမွေးမြူရေးနည်းစနစ်များနှင့်အစား ထိုးဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ် အကိုင် အခွင့်အလမ်းသစ်များ ရရှိရေး၊ လူငယ်များ စိတ်ပါဝင်စားလာစေရေးတို့အတွက် ခေတ်မီ စိုက်ပျိုးရေးနည်းစနစ်များနှင့်မွေးမြူရေးသင်တန်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေး လျက်ရှိပါ ကြောင်း၊မြန်မာနိုင်ငံ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ စက်မှုဇုန်များတွင် အလုပ်အကိုင် အခွင့် အလမ်းများ အများဆုံး ဖန်တီးပေးနိုင်သည့် လက်မှုအခြေခံ CMP လုပ်ငန်းများ ကုန်ထုတ် လုပ်မှု ကဏ္ဍများရှိ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင် အေးချမ်းသာယာသည့် ကုန်ထုတ်လုပ်မှု တိုးတက်ကာ လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် လည်ပတ်နိုင်စေခြင်းဖြင့် ရင်းနှီးမြှပ်နှံမှု အသစ် များ ဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုအတွက်လည်း မိမိတို့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။
စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များတွင် အခြေခံအဆောက်အဦများနှင့် အခြား လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဖိတ်ခေါ်၍ အလုပ် အကိုင် အခွင့်အလမ်း သစ်များရရှိရေးလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်ပြည်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး ဒေသခံပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် အဓိကကျသော လုပ်ငန်းဖြစ်သည့်အပြင် လူငယ်များကို အလုပ်သမားများအဖြစ်သာမက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်မည့် လုပ်ငန်းရှင်များအဖြစ်သို့လည်း ရောက်ရှိ စေနိုင် ပါကြောင်း။
သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် စက်မှုဝန်ကြီးဌာနကို စက်မှုနှင့်အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဟု ပြောင်းလဲဖွဲ့စည်း၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံငွေရရှိရန် အတိုးနှုန်း သက်သာသော ချေးငွေများ ထုတ်ချေးပေးခြင်း၊ နည်းပညာနှင့်ကုန်ထုတ်လုပ်မှု သင်တန်းများပေးခြင်းဖြင့် နည်း ပညာများပံ့ပိုးပြီး ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့်လည်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအသစ်များကိုစိစစ်ခွင့်ပြုဆောင်ရွက်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း သစ်များကို ရှာဖွေဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ နည်းပညာ မြင့်မားသော ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဦးစားပေးဖိတ်ခေါ် စိစစ် ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များရရှိအောင်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ထို့အပြင် ပြည်ပမှနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေရေးအတွက် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် နိုင်ငံတကာစီးပွားရေးဖိုရမ်များမှာ တက်ရောက်ဆွေးနွေးပြီး ပြည်ပမှ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေး ဖိတ်ခေါ်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက ပြည်တွင်းရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့် အလမ်းသစ်များ ရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေနှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေး ကဏ္ဍစုံမှ အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါ်နန်းတင်ဦး(ကျေးသီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အကယ်၍ နိုင်ငံခြားမှ တကယ်ပြန်ရောက်လာကြမည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ လုံလုံလောက်လောက်ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဦးမောင်မောင်သန်း(ဒုတိယဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန) က
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှလူငယ်များကို ပြည်ပအလုပ်အကိုင်အခွင့် အလမ်းများရရှိအောင် ဆောင်ရွက်ပေးပြီး အစိုးရအေဂျင်စီများမှလည်းကောင်း၊ ပြည်ပ ဥပဒေ နှင့်အညီ ခွင့်ပြုထားသည့် ပြည်ပအကျိုးဆောင်လိုင်စင်များ၊ လိုင်စင်ရ အေဂျင်စီများမှလည်း ကောင်း၊ နိုင်ငံတကာကို ပြည်ပသို့ အလုပ်သမားများ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ထိုအလုပ် သမားများနှင့် ပတ်သက်၍ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာ ကျွမ်းကျင်လာသည့် အလုပ် အကိုင်အလိုက် ပြည်တွင်းတွင် အလုပ်အကိုင် ချိတ်ဆက်ပေးနိုင်ရေးကို ပြန်လည် ရောက်ရှိ သည်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများကို မှတ်တမ်းတင် ထားရှိပြီး ပြည်တွင်းတွင် အလုပ်သမားလိုအပ်သည့် သတ်မှတ်ချက်အရည်အချင်းနှင့် ကိုက်ညီ သည့် အလုပ်ရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါ သည်။