ဦးသက်ပုံ (စစ်ကိုင်းမဲဆန္ဒနယ်)
စစ်ကိုင်းမြို့တွင် နိုင်ငံတော်၏ ကြီးကြပ်မှုဖြင့် ကျောက်မျက်ဈေးတစ်ခု တရားဝင် ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိမရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းမြို့သည် လက်မှုလုပ်ငန်းများဖြစ်သည့်ငွေထည်ကြေးထည်လုပ်ငန်းများ၊ ရိုးရာ ချည်ထည်ရက်လုပ်သည့် လုပ်ငန်း များကြောင့် ဂုဏ်သတင်းမွှေးပျံ့သည့်အပြင်၂၀၀၀ ပြည့် နှစ် အလွန် ကာလများမှစ၍ ကျောက်စိမ်း ပုတီးနှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးပေါ်ပေါက်လာခဲ့ သဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း များစွာရရှိပြီး မိသားစုဝင်ငွေများ လည်းတိုးပွား ရရှိခဲ့ကြပါကြောင်း၊ ၂၀၂၃-၂၀၂၄ ကာလများတွင် စစ်ကိုင်း မြို့၌ ကျောက်မျက်ဈေးတစ်ခု လပိုင်းမျှ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ပြန်လည် ပိတ်သိမ်း ခဲ့ရပါကြောင်း၊ ၎င်းဈေးဖွင့်လှစ်စဉ်ကာလက ဒေသခံများ မိမိတို့ကိုယ်တိုင် ထုတ်လုပ်ထားသော ကျောက်စိမ်းပုတီးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချနိုင်ခဲ့ပြီး ပြည်တွင်း ပြည်ပ လာရောက် လည်ပတ် ဝယ်ယူသူများကြောင့် ခရီးသွားလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ခဲ့ သည်ကို လေ့လာ တွေ့ရှိခဲ့ရပါကြောင်း။
စစ်ကိုင်းမြို့၌ လက်ရှိ ကျောက်မျက်လုပ်ငန်းရှင်များအသင်း စစ်ကိုင်းအသင်းဝင်ဦးရေမှာ ၆၀၀ ဦးကျော်ရှိပြီး နေပြည်တော်၌ နှစ်စဉ်ပြုလုပ်သည့် ကျောက်မျက်ရတနာပြပွဲများ၌ တက်ရောက်ဝယ်ယူသူ၏ ၂၅ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းမှလုပ်ငန်းရှင်များဖြစ်ကြပါကြောင်း၊ ၎င်းအပြင်၂၀၂၅-၂၀၂၆ ခုနှစ်များ၌ မန္တလေးမြို့၌ ပြုလုပ်သော ကျောက်မျက်ပြပွဲများသို့ စစ်ကိုင်းမြို့မှ ကျောက်မျက်လုပ်ငန်းရှင်များ ၃၅၀ ကျော် တက်ရောက်၍ တရားဝင် ကျောက်စိမ်း များဝယ်ယူခဲ့ကြပါကြောင်း၊လက်ရှိတွင်လည်းစစ်ကိုင်းမြို့ရှိစည်ပင်လုပ်ငန်းလိုင်စင်ရကျောက်စိမ်း ပုတီးလက်ကောက် အချောထည်လုပ်ငန်းများမှ ပြည်တွင်း အခွန်များဦးစီးဌာနသို့ နှစ်စဉ် ကျောက်မျက်အချောထည်လုပ်ငန်းအခွန်များလည်းပေးဆောင်လျက် ရှိပါကြောင်း။
မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ ၂၀၁၉၊ အခန်း(၂) ရည်ရွယ်ချက် ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ)တွင် “မြန်မာ့ရတနာနှင့်လက်ဝတ်ရတနာများကို အချိန်အခါမရွေး လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားနိုင်ရေးအတွက်ကျောက်မျက်ရတနာ ဈေးများ ဖွင့်လှစ်ထားရှိရန်” ဟု ဖော်ပြထား ရှိပါကြောင်း၊ ၎င်းအပြင် အခန်း(၇)၊ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (ဃ) တွင် “ကျောက်မျက်အချောထည်နှင့် လက်ဝတ် ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရရှိသူသည် တရားဝင် ဖွင့်လှစ်ထားသော ကျောက်မျက်ရတနာဈေးနှင့် လိုင်စင်ရခွင့်ပြုသည့် ဆိုင်ခန်းနေရာများ တွင်သာ ရောင်းချရမည်” ဟု ဖော်ပြထားပါကြောင်း၊ ၎င်းဥပဒေ အခန်း(၁၀)၊ ပုဒ် ၄၁၊ ပုဒ်မခွဲ (ဈ)တွင် “ဈေးကွက်ဖွံ့ဖြိုးနိုင်ဖွယ်ရှိသော နေရာဒေသများတွင်ဖြစ်စေ၊ ကျောက်မျက် ရတနာ အရောင်း အဝယ် ပြုလုပ်ရာနေရာဒေသများအား ကျောက်မျက်ရတနာဈေးအဖြစ် သတ်မှတ်ပေး နိုင်ရန် ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြရန်” ဟု ဖော်ပြထားရှိပါကြောင်း။
လက်ရှိ နိုင်ငံတော်အသိအမှတ်ပြု ကျောက်မျက်ရတနာဈေးမှာ ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းဈေးနှင့် မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းများသာရှိသည်ကို သိရှိရ ပါ ကြောင်း၊ မိမိတို့ စစ်ကိုင်းတိုင်းနယ်မြေအတွင်း ခန္တီး၊ မော်လူ မော်ဟန်စသည့် ကျောက်စိမ်း လုပ်ကွက် များရှိနေခြင်း၊ စစ်ကိုင်းဒေသတွင် ကျောက်စိမ်းပုတီး၊ လက်ကောက်စသည့် အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးလုပ်ကိုင်လျက်ရှိခြင်း၊ စစ်ကိုင်းမြို့နယ်သည် အစဉ် အလာ အားဖြင့် နိုင်ငံခြားသား များဖြင့် ပြည်တွင်းခရီးသွားများ စွဲဆောင်ရာ နယ်မြေတစ်ခု ဖြစ်ခြင်း တို့ကြောင့် စစ်ကိုင်းမြို့တွင် နိုင်ငံတော်က တရားဝင်ကျောက်မျက်ဈေးတစ်ခု နေရာသတ်မှတ် ခွင့်ပြုပေးနိုင်ရန် ဒေသခံပြည်သူ လူထုက မျှော်လင့်လျက်ရှိကြပါကြောင်း၊ ခွင့်ပြုချက်ရရှိပါ ကလည်း စစ်ကိုင်းကျောက်မျက်လုပ်ငန်းရှင်များ ပေါင်းစပ်၍ကိုယ့်အားကိုယ်ကိုးဈေးသစ် ဆောက်လုပ် အကောင်အထည်ဖော်ရန်ဆန္ဒ ပြင်းပြလျက်ရှိကြပါကြောင်း။
လက်ရှိမြန်မာနိုင်ငံတွင် ကျောက်စိမ်းတူးဖော်မှုများကို ရပ်ဆိုင်းထားသော်လည်း ယခင် ခွင့်ပြုစဉ်က အကျိုးတူပုဂ္ဂလိက တူးဖော်မှုများကြောင့် ရရှိထားသည့်ကျောက်စိမ်းများထဲမှ ကျောက်မျက် ရတနာပြပွဲများ၌ AB အဆင့်ရောင်းတန်းမဝင်သည့် C အဆင့် အညံ့ အကျ ကျောက်များအား တရားဝင် အခွန်ဆောင် မြန်မာကျပ်ငွေဖြင့် ဝယ်ယူခဲ့ကြပြီး စစ်ကိုင်းမြို့နယ်၌ Value Added၊ကျောက်စိမ်း ပုတီး၊ လက်ကောက်စသည့် အချောထည်လုပ်ငန်းများလုပ်ကိုင်ကာ တရားဝင်ဖွင့်လှစ်ထားသည့် ကျောက် မျက်အချောထည်ဈေးများ၌ ပြန်လည်ရောင်းချနိုင်ပါက ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်း များတိုးပွားရရှိခြင်း၊ အခြေခံလုပ်သား ပြည်သူ လူထု များ ဝင်ငွေရရှိစေခြင်း၊ စီးပွားဖွံ့ဖြိုးတိုးတက်မှု ရရှိစေခြင်း၊ နိုင်ငံတော်ကလည်း အပိုဝင်ငွေ ပိုမို ရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိစေမှာ ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေတွင် စစ်ကိုင်း မြို့ ကျောက်အချောထည်လုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန် ကုန်ကြမ်း၊ ကျောက်စိမ်းအညံ့ အကျကျောက်များအား မန္တလေးမြို့၊ မဟာ အောင်မြေ ကျောက်မျက်ဈေးသို့ သွားရောက်ဝယ်ယူရပြီး စစ်ကိုင်းမြို့၌ကျောက်စိမ်း ပုတီးစသည့်အချောကိုင်လုပ်ငန်းများလုပ်ကိုင်ကာ ရရှိလာသည့် ကျောက်စိမ်းပုတီးအချောထည်များကိုလည်း မန္တလေးဈေးကွက်များသို့ ပြန်လည်တင်ပို့ရောင်းချ နေကြရသဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း နယ်မြေခြားနားမှုကြောင့် အခက်အခဲများစွာတွေ့ကြုံ နေကြရပါကြောင်း၊သို့ဖြစ်ပါ၍ စစ်ကိုင်း ဒေသခံပြည်သူလူထုများ စားဝတ်နေရေးပြေလည်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ စေရန်အတွက်စစ်ကိုင်းမြို့သင့်လျော်မည့်နေရာသစ်တွင်နိုင်ငံတော်၏ကြီးကြပ်မှုဖြင့်ကျောက်မျက် အချောထည်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ် ပေးရန် အစီအစဉ်ရှိ မရှိ သိရှိ လိုပါကြောင်း မေးမြန်းခဲ့ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးခင်လတ်ကြီး
စစ်ကိုင်းမြို့တွင် မင်္ဂလာစစ်ကိုင်း ကျောက်မျက်ဈေးသည် စစ်ကိုင်းမြို့နှင့် များစွာ အထောက် အကူပြုခဲ့ပါသော်လည်း ၂၁-၁-၂၀၂၄ ရက်တွင် ပိတ်သိမ်းခဲ့သဖြင့် ဒေသခံများအတွက် ထိခိုက်နစ်နာခဲ့ရပြီး လက်ရှိအခြေအနေတွင် ကျောက်အချောထည်လုပ်ငန်းများ ဆက်လက်ရပ် တည်နိုင်ရန် မန္တလေးမြို့ရှိ ကျောက်မျက်ဈေးများသို့ သွားရောက်ဝယ်ယူပြီး ဆောင်ရွက် နေရ၍ အခက်အခဲများစွာ ကြုံတွေ့နေရပါသဖြင့် ဒေသခံများ စားဝတ်နေရေးပြေလည်စေရန်၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန် စစ်ကိုင်းမြို့တွင် နိုင်ငံတော်၏ကြီးကြပ်မှုဖြင့် ကျောက်မျက် ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိဆိုသည့်ကြယ်ပွင့်ပြ မေးခွန်း အပေါ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကိုယ်စားဖြေကြား သွားမည် ဖြစ်ပါ ကြောင်း။
နိုင်ငံတော်၏ကြီးကြပ်မှုဖြင့်ကျောက်မျက်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးစေ လိုသည့်စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့သည် မန္တလေးမြို့ရှိကျောက်မျက်အချောထည် ဈေးနှင့် မဝေးခြင်း၊ လွယ်ကူစွာသွားလာ၍ရခြင်း၊ စစ်ကိုင်းမြို့တွင် ငလျင်သဘာဝဘေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိခြင်း၊လုံခြုံရေးပြန်လည်စိုးမိုးသည့် နေရာများတွင် အုပ်ချုပ်ရေးယန္တရားနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည် ထူထောင်လျက် ရှိခြင်းတို့ကြောင့် လတ်တလောအခြေအနေတွင် ကျောက်မျက်ဈေးတစ်ခု ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဒေသတည်ငြိမ်ပြီး ပြန်လည်ဖွံ့ဖြိုးရေး၊ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။