ဒေါက်တာနေလင်း(မှော်ဘီမဲဆန္ဒနယ်)
ဝါး သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ထုတ်ယူဆောင်ရွက်နေမှုတို့တွင် နိုင်ငံခြားဈေးကွက်နှင့် နိုင်ငံခြားငွေရရှိမှုများ သိလိုခြင်းနှင့် MSME စီးပွားရေးလုပ်ငန်းများ နိုင်ငံခြားဈေးကွက်ရရှိရန် ဝန်ကြီး ဌာနများမှ ဈေးကွက်ရှာဖွေပေးမှုနှင့် ပူးပေါင်းကူညီဆောင်ရွက်နေမှု အခြေအနေတို့ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝါး သယံဇာတနှင့်စပ်လျဉ်းပြီး မေးမြန်းခြင်း၏ရည်ရွယ်ချက်မှ ပြီးခဲ့သည့်မတ်လ ၁၃ ရက်နေ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် နိုင်ငံတော်သမ္မတကြီးမှ ဝါး/ဝါ နှင့်စပ်လျဉ်းပြီး နိုင်ငံ့စီးပွားမြှင့် တင်ရေး အတွက် အလေးထားပြီး ပြောကြား၊ မှာကြားခဲ့သည်များရှိပါကြောင်း၊ ဝါး သယံဇာတနှင့် စပ်လျဉ်းပြီး တစ်ကမ္ဘာလုံးတွင် ဝါးသည်အထူးသဖြင့် အရှေ့တောင်အာရှဒေသ၊ အာဖရိကတိုက်နှင့် အမေရိကတိုက်တို့တွင် ပေါက်ရောက် သည်ကိုတွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံတွင် အထူးသဖြင့် ဝါးသည် ပဲခူးရိုးမ၊ ရခိုင်နှင့် တနင်္သာရီဒေသတို့တွင် သစ်တော၏စာရင်း ဇယားများအရ ဧက ကီလိုမီတာစတုရန်း မိုင်ပေါင်း ၁၇,၈၀၀ ကျော်လောက်ထိ ဧရိယာကျယ်ဝန်းပါကြောင်း၊ ကျန်သည့်တိုင်းဒေသကြီး ပြည်နယ် တို့တွင် ဝါး သယံဇာတများ အနည်းနှင့်အများ ပေါက်ရောက်သည်ကို တွေ့ရှိရပါကြောင်း။
တစ်ကမ္ဘာလုံးတွင် မြန်မာနိုင်ငံသည် Third Largest Bamboo Resources Country in the World ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစားသောက်ကုန်မှ မျှစ် ဖြစ်ပါကြောင်း၊ အဓိက မိရိုးဖလာဝါးထုတ်ကုန်အသုံးချလုပ်ငန်းနှင့် တန်ဖိုးမြှင့်ဝါးအသုံးချလုပ်ငန်းဆိုပြီး နှစ်ခုရှိပါကြောင်း၊ မိရိုးဖလာတွင် ပုံမှန်အားဖြင့် ဝါးအဆောက်အဦများ၊ ဝါးအိမ်ထောင်ပရိဘောဂ ပစ္စည်းများ၊ ဝါးအသုံး အဆောင်၊ ဝါးခမောက်၊ နှီး၊ ဖြာ၊ ဝါးခြင်းတောင်း အစရှိသည့် ဝါးအချော ထည်စက်မှုလုပ်ငန်းများ၊ အစားအသောက်နှင့်စပ်လျဉ်းပြီး မျှစ်လုပ်ငန်းသည် မိရိုးဖလာအနေဖြင့် ဝါးအသုံးချလုပ်ငန်းတစ်ခု ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် တန်ဖိုးမြှင့်ဝါးအသုံးချလုပ်ငန်း Value Addedတွင် ဝါးအိပ်ရာခင်း၊ ဝါးထိုင်ခုံ၊ ဝါးတူလုပ်ငန်း၊ ဝါးပါကေး အထူးသဖြင့် ဝါးပျော့ဖတ်နှင့် စက္ကူလုပ်ငန်းတွေပါပြီး အထူးသဖြင့် မိရိုးဖလာရော၊ တန်ဖိုးမြှင့်ရော မိမိတို့နိုင်ငံတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ ထို့နောက်ပိုင်းတွင် နည်းပညာမြင့်ဆိုသည့် ဝါးအသုံးချလုပ်ငန်း(Highest Bamboo Technology) ဆိုသည်များ ပေါ်နေပါကြောင်း၊ ပြီးခဲ့သည့် နိုင်ငံတော်သမ္မတကြီးခရီးစဉ်တွင်လည်း တွေ့ရှိမည် ဖြစ်ပါကြောင်း၊ Bamboo ဟာ Bamboo Favourite ဖြစ်ပြီး Bamboo နှင့်စပ်လျဉ်းပြီး ဝါးချည်မျှင်နှင့် ရောစပ်ထားသော အဝတ်အထည်လုပ်ငန်းသည် အထူးသဖြင့် China နှင့် India တွင် Develop ဖြစ်နေပြီဖြစ်ပါကြောင်း၊ Bamboo Favourite ခေါ်သည့် ဝါးချည်မျှင်သည် ဈေး အလွန်ကြီးပြီး နိုင်ငံတကာတွင် လူကြိုက်များသည့် အထည်အလိပ်တစ်ခုဖြစ်ပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် Bamboo Favourite ဝါးအထည်လုပ်ငန်းနှင့်စပ်လျဉ်းပြီး အထူးသဖြင့် တရုတ်ပြည်နှင့် အိန္ဒိယပြည်မှာ အထွန်းကားဆုံးဖြစ်ပြီး ကျန်သည့်နိုင်ငံများတွင် အနည်းအကျဉ်း ရှိပါ ကြောင်း၊ တရုတ်နိုင်ငံ သို့ နိုင်ငံတော်သမ္မတကြီး ခရီးသွားသည့်အချိန်က ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ကိုရောက်ပြီး ဟွာကျန်းကျိရှိ Technology ကုမ္ပဏီလီမီတက်မှာ ဝါးနှင့်ပတ်သက်သည့် High Tech နည်းပညာများ၊ ဝါးမှ အထည်အလိပ်ထုတ်သည့်လုပ်ငန်းကို ၎င်းကုမ္ပဏီမှ ဝါးချည်မျှင်နှင့် ရောစပ်ထားသည့် အထည်အလိပ်လုပ်ငန်းသည် ၂၀၂၅ ခုနှစ်တွင် ဝါးချည်မျှင်တန်ချိန် ၁၈,၀၀၀ အထိ ထုတ်လုပ်နိုင်ခြင်းခဲ့ပါကြောင်း၊ ထို့ကြောင့်ဝါးနှင့်စပ်လျဉ်းပြီး ထုတ်ကုန်လုပ်ငန်းသည် အထူးသဖြင့် တရုတ်ပြည်၊ ကနေဒါ၊ နယ်သာလန်၊ ဗီယက်နမ်၊ အန္ဒိယ Top 5 Exporter များဖြစ်ပါကြောင်း၊ ဝါးထုတ်ကုန်လုပ်ငန်းသည် ဝါးတူလုပ်ငန်း (Chopstick)၊ ဝါးအိမ်ထောင်ပရိဘောဂလုပ်ငန်း၊ ဝါးမျှစ်လုပ်ငန်း များဖြစ်ပြီး၊ ကျန်သည့် အိမ်ထောင်ပရိဘောဂ Furniture နှင့်စပ်လျဉ်းသည့် လုပ်ငန်းများသည် အထူးသဖြင့် Export သွင်းတာများပြီး တစ်ကမ္ဘာလုံးတွင် ဒီနိုင်ငံ ၅ ၏ အထူးသဖြင့် နိုင်ငံခြားငွေရရှိမှုသည် တစ်နှစ်တစ်နှစ် တရုတ်နိုင်ငံတွင် ဒေါ်လာ ၂,၀၀၀ မီလီယံ ကျော်လောက်ရပါကြောင်း၊ ကျန်သည့်နိုင်ငံများလည်း ထို့အတူဘဲဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တွင် လည်း ဝါးသယံဇာတနှင့် စပ်လျဉ်းပြီး အဓိကထိန်းသိမ်းစောင့်ရှောက်ရန်လိုပါကြောင်း၊ ထို့ကြောင့် ဝါးထိန်းသိမ်း စောင့်ရှောက်မှုနှင့် ဝါးစိုက်ခင်းထူထောင်မှု စနစ်တကျလုပ်ရန်လိုအပ်ပါကြောင်း၊ ဝါးထုတ်ကုန်လုပ်ငန်းမှ နိုင်ငံခြားဈေးကွက်ရရှိပြီး နိုင်ငံခြားငွေရရှိရန်အတွက် သိရှိလိုသည့် အခြေအနေ ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက်ဆိုပါက နိုင်ငံတော်သမ္မတကြီး လမ်းညွှန်သည့် အတိုင်း ဝါးလုပ်ငန်းနှင့်စပ်လျဉ်းပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ဆက်စပ်သည့်ဝန်ကြီးဌာနများ၊ သယံဇာတဝန်ကြီးဌာနအပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ MSME အစရှိသည့် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ပြီး ဈေးကွက်တွင် ထိုးဖောက်ပြီး ဆောင်ရွက်နိုင်ဖို့ရန်အတွက် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့်မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဒေါက်တာသောင်းနိုင်ဦး က
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် မျှစ်စိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းများ တန်ဖိုးကွင်းဆက်ဖွံ့ဖြိုး တိုးတက်မှု အပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိမှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်းကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်များမှာရှိသည့် ကျေးရွာများတွင် ၂၀၂၁ မှ ၂၀၂၃ ခုနှစ် ထိ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အဆိုပါမြို့နယ်များတွင် ဝါးစိုက်ခင်းများ တည်ထောင်နိုင်ရေးနှင့် ဝါးကို အခြေခံသည့် MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက် စေရေး အတွက် သင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ဝါးမှတန်ဖိုးမြှင့်ပို့ကုန်ထုတ်လုပ်ခြင်း နည်းပညာဆွေးနွေးပွဲများ၊ မျှစ်အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ ဝါးလက်မှုပစ္စည်း၊ ဝါးပရိဘောဂ၊ ဝါးအဆောက်အဦ ဆောက်လုပ်ခြင်းစသည့်သင်တန်းများကို ဖွင့်လှစ် ပို့ချဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရန်၊ နည်းပညာဖလှယ်ရန်၊ ကုန်ကြမ်းဝယ်ယူရန်နှင့် ဈေးကွက်ချိတ်ဆက်ရန်အတွက် သမဝါယမအသင်းများ၊ မျိုးတူလုပ်ငန်းစုများ ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းများ ဈေးကွက်ဖွံ့ဖြိုး စေရန် အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ထုတ်ကုန်ပစ္စည်းပြပွဲပြိုင်များ ကျင်းပလျက်ရှိပြီး ထုတ်ကုန်များအား e-Commerce Website ၌ ရောင်းချနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ဝါးသယံဇာတများ ထိန်းသိမ်းရန်နှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်အတွက် ခရိုင်သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း များကို ရေးဆွဲပြီး စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ်ပေါင်း ၁၀၂ မျိုးခန့် ပေါက်ရောက်လျက်ရှိပြီး ဝါးသယံဇာတစာရင်းကောက်ယူမှုအရ နှစ်စဉ် ခွင့်ပြုတောထွက်ပမာဏ ဝါးအလုံးရေ ၃၁၈.၃၂၅ သန်းကို ထုတ်လုပ်နိုင်ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အထိ ၁၁ နှစ်တာကာလအတွင်း တစ်နှစ်လျှင် ပျမ်းမျှဝါးအလုံးရေ ၁၂၀.၅၄၃ သန်းကို ထုတ်လုပ်ခဲ့ပါကြောင်း၊ ရေရှည်စဉ်ဆက်မပြတ်ထုတ်လုပ် နိုင်ရန်အတွက် ခုတ်လှဲ နည်းစနစ်များကို စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သစ်တောမြေအတွင်း ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီများကို ပုဂ္ဂလိကစက်မှုကုန်ကြမ်း ဝါးစိုက်ခင်းများကို ၂၀၀၆-၀၇ ဘဏ္ဍာနှစ်မှ စတင် တည်ထောင်ခွင့်ပြုခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ပုဂ္ဂလိကစက်မှုကုန်ကြမ်း ဝါးစိုက်ခင်းပေါင်း ၄,၈၁၅.၅ ဧကကို ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ဝါးနှင့်ဝါးထုတ်ကုန်ပစ္စည်းများကို အိန္ဒိယ၊ ပါကစ္စတန်၊ စင်ကာပူ၊ အီတလီနှင့် တရုတ် စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ရာ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ် မေလကုန်အထိ ဝါးခြမ်းစိတ်၊ ဝါးလုံး၊ ဝါးဖျာ၊ အမွှေးတိုင်၊ ဝါးယင်းလိပ်စသည့် ဝါးထုတ်ကုန် ပစ္စည်း အရေအတွက်စုစုပေါင်း ၉၅.၅၈ သန်းကျော်ကို ပြည်ပတင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၄၅၆ သန်းကျော်ကို ရရှိခဲ့ပါကြောင်း၊ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ကို ဝါးအခြေခံ MSME အထောက်အကူပြုသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ မေလကုန်အထိ သင်တန်းပေါင်း ၃၉ ကြိမ်၊ သင်တန်းသားဦးရေ ၉၅၂ ဦးကို သင်တန်းပို့ချပြီး နည်းပညာများကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် ဝါးအခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး အသိပညာပေး၊ နည်းပညာပေးဆွေးနွေးပွဲကို ၂၂-၃-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် MSME Agency များမှ တာဝန်ရှိသူများ၊ ဝါးအခြေပြု MSME လုပ်ငန်းရှင် များ စုစုပေါင်း ၁၁၁ ဦးတို့ကို အသိပညာ၊ နည်းပညာများ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း၊ MSME Products Showroom ကိုလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ်(၃၅)တွင် တည်ထောင်ထားရှိပြီး ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များအပါအဝင် MSME ထုတ်ကုန် ၆၆၂ မျိုးကို ပြည်တွင်း ဈေးကွက်ရရှိစေရေးအတွက် ချိတ်ဆက်ရောင်းချပေးလျက်ရှိပါကြောင်း၊ စက္ကူစက်ရုံ(ရေနီ) မှာရှိသည့် ဓာတ်ခွဲခန်းမှာလည်း MSME လုပ်ငန်းရှင်များ တစ်နိုင်တစ်ပိုင်ဝါးမှ ပျော့ဖတ်ထုတ်လုပ်နိုင် သည့် ပျော့ဖတ်ချက်အိုး (Digester)ရရှိရေးနှင့် နည်းပညာမျှဝေခြင်းများ ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ဝါးနှင့် ပြုလုပ် ထားသည့် ပစ္စည်းများကို ပြင်ပကိုတင်ပို့လျက်ရှိရာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ဝါးတန်ချိန် ၂,၆၅၂ .၀၀၃ တန်၊ အမေရိကန်ဒေါ်လာ ၀.၆၇၇ သန်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၁၂-၆-၂၀၂၆ အထိ ဝါးတန်ချိန်ပေါင်း ၇၅၄.၈၈၉ တန် တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၀.၁၅၄ သန်း ရရှိခဲ့ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဝါးပို့ကုန်မြှင့်တင်ရေးနှင့် ပြည်ပဈေးကွက်အလားအလာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှ ၁၄ ရက်နေ့အထိ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရင်ပြင်တွင် ကျင်းပပြုလုပ်သည့် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် MSME ထုတ်ကုန် များကို ပြည်တွင်းပြည်ပ ဈေးကွက်ရရှိစေရေးအတွက် ပြည်ပတွင်ရှိသည့် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ခြင်း၊ ပြည်တွင်း လက်လီ၊ လက်ကား ဖြန့်ဖြူးသူများနှင့် ချိတ်ဆက်ပေးခဲ့ပါကြောင်း၊ ဝါးတန်ဖိုးမြှင့်ထုတ်ကုန်များအတွက် လိုအပ်သည့် စက်မှုကုန်ကြမ်းများရရှိစေရေး၊ စက်ပစ္စည်းကိရိယာများ ရရှိစေရေးနှင့် ပြည်ပဈေးကွက် ချိတ်ဆက်ရေးတို့အတွက်လည်း ပူးပေါင်းကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။