ဦးထွန်းထွန်းမိုး(ရေတာရှည်မဲဆန္ဒနယ်)
နိုင်ငံဝန်ထမ်းများပင်စင်ယူသည့်အခါ နေထိုင်ရေးအဆင်ပြေစေရန် နေပြည်တော်၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် မြေကွက်များဖော်ထုတ်ချထားပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
လက်ရှိဝန်ကြီးဌာန အသီးသီးတွင် တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ ယန္တရားလည်ပတ်ရာ၌ အဓိကကျသော အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် အစိုးရ၏ နိုင်ငံ့ဝန်ထမ်းများ တက်ညီ လက်ညီဆောင်ရွက်နိုင်မှသာ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ ဝန်ထမ်းဘဝ ဂုဏ်ရှိစွာရပ်တည်နိုင်ရေး နိုင်ငံတော်မှ စီစဉ်ဆောင်ရွက် ပေးနိုင်ပါရန်အတွက် နိုင်ငံ့ဝန်ထမ်းများ အားမြေကွက်များချထားပေးသင့်ပါကြောင်း၊ လက်ရှိ ဝန်ကြီးဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနက် ဥပမာအားဖြင့် အငယ်တန်းစာရေး တစ်ဦး အသက် ၆၂ နှစ်၊ လုပ်သက် ၄၂ နှစ်ဖြင့် သက်ပြည့်ပင်စင်ယူလျှင် ရရှိမည့်ဆုကြေးငွေသည် ၃၉၉၀၀၀၀ ကျပ်၊ တစ်လပင်စင်လစာငွေ ၁၁၉၇၀၀ ကျပ် ဖြစ်ပြီး၊ ဦးစီးအရာရှိဆိုလျှင် ဆုကြေးငွေ ၆၁၉၅၀၀၀ ကျပ်၊ တစ်လပင်စင်လစာငွေ ၁၈၅၈၅၀ ကျပ်သာရရှိမည်ဖြစ်ပြီး လုပ်သက် ၃၀ နှစ်ပြည့်ပြီး လုပ်သက်ပင်စင်ယူလျှင် အငယ်တန်းစာရေးဆိုလျှင် ရရှိမည့် ဆုကြေးငွေ ၂၈၅၀၀၀၀ ကျပ်၊ ပင်စင်လစာငွေ ၈၅၅၀၀ ကျပ်၊ ဦးစီးအရာရှိဆိုလျှင် ရရှိမည့်ဆုကြေးငွေ ၄၄၂၅၀၀၀ ကျပ်၊ ပင်စင်လစာငွေ ၁၃၂၇၅၀ ကျပ်တိတိဖြစ်ပါကြောင်း၊ ၎င်းတို့ ပင်စင်ယူသည့်အခါတွင် နေရာထိုင်ခင်း အတွက် မြေကွက် တစ်ကွက် တောင်ဝယ်ယူနိုင်ခြင်းမရှိသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါကြောင်း။
ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပျော်ရွင်ပြီး အေးချမ်းသာယာစွာ အလုပ်တာဝန် ဝတ္တရားများ ဆောင်ရွက်နိုင်ရန်အတွက် ရာထူးနှင့်လုပ်သက်များ ကန့်သတ် သတ်မှတ်၍ သင့်လျော် သောနှုန်းထားဖြင့် ဝန်ထမ်းများအတွက် မြေကွက်များ စီစဉ်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ ရာထူးနှင့် လုပ်သက်အလိုက် မြေကွက်များ ချထားပေးမည်ဆိုပါက မြေကွက်တန်ဖိုးအား နိုင်ငံ့ဝန်ထမ်းများ၏ လစဉ် လစာမှ သင့်လျော်သောနှုန်းထားဖြင့် ဖြတ်တောက်ကျခံသွားစေရန်နှင့် မြေကွက်တန်ဖိုးများ ပြေကျေစွာ ကောက်ခံပြီးစီးပါက အိမ်ရာအဆောက်အဦများ ဆောက်လုပ်ရာတွင် နိုင်ငံတော်မှစီစဉ် ကြီးကြပ်မှုဖြင့် အဆောက်အဦနှုန်းထားသတ်မှတ်၍ ဝန်ထမ်းများအတွက် အရစ်ကျသော်လည်းကောင်း၊ လစာမှ ဖြတ်တောက်ကျခံစေခြင်းဖြင့် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအတွက် မြေကွက်များကိုလည်း နေပြည်တော်တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆောင်ရွက်ပေးမည်ဆိုပါက စစ်မှန်၍ စည်းကမ်းပြည့်ဝသောခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတွင် အဂတိတရားကင်းရှင်းခြင်း၊ ဝန်ထမ်းများလုပ်ငန်းခွင်တွင် စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင် နိုင်ခြင်းဖြင့် နိုင်ငံတော်၏ယန္တရား တိုးတက်ကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင် စုအစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ပင်စင်ယူသည့်အခါ နေရာထိုင်ခင်း အဆင်ပြေချောမွေ့နိုင် ရေးအတွက် နေပြည်တော် တိုင်းဒေသကြီး ပြည်နယ်အလိုက် မြေကွက်များ ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးဝင်းမိုးခိုင် က
နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်များအနေဖြင့် မြေကွက်ဖော်ထုတ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ရန်ရှိပါက နေထိုင်ရန်အခက်အခဲရှိသည့် လုပ်သက်ရှည်လျားပြီး မြေ ကွက်မရရှိသေးသော ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားသူများ၊ အငြိမ်စားယူရန် နီးကပ်နေသော ဝန်ထမ်းများ၊ အခြေခံလစာနည်းပါးသော်လည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နေ သော ဝန်ထမ်းများအတွက် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စီမံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။