MY EN

(ဋ)-ဦးခင်မောင်မြင့်(တိုက်ကြီးမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးခင်မောင်မြင့်(တိုက်ကြီးမဲဆန္ဒနယ်)

တိုက်ကြီး-ကြာအင်းလမ်းနှင့် တော်လတီ-ကလော့သော့-စံကင်းလမ်း ()လမ်းအား ဆက်သွယ် ပေးမည့် လှိုင်မြစ်ကူးတံတားတည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း

တိုက်ကြီးမြို့နယ်အတွင်းရှိ တိုက်ကြီး-ကြာအင်းလမ်းသည် လှိုင်မြစ်၏ အရှေ့ဘက်ခြမ်း တွင်တည်ရှိပြီး ရပ်ကွက်တစ်ခု၊ ကျေးရွာ အုပ်စု ၃ အုပ်စု၊ ကျေးရွာခွဲပေါင်း ၂၈ ရွာ၊ အိမ်ခြေ ၂,၁၅၀ မှ ပြည်သူ ၈,၄၁၁ ဦးအသုံးပြုသောလမ်း ဖြစ်ပါကြောင်း၊ တော်လတီ-ကလော့သော့-စံကင်းလမ်းသည် လှိုင်မြစ်၏အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး ကျေးရွာအုပ်စု ၉ အုပ်စု၊ ကျေးရွာပေါင်း ၄၇ ရွာ၊ အိမ်ခြေ ၄,၉၀၇ အိမ်မှ ပြည်သူ ၁၉,၁၀၄ ဦးခန့် အသုံးပြုသောလမ်းဖြစ်ပါကြောင်း၊ လှိုင်မြစ်၏ အနောက်ဘက်ခြမ်းမှပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ရုံးကိစ္စအထွေထွေတို့ဖြင့် တိုက်ကြီးမြို့သို့လာရောက်မည်ဆိုပါက တော်လတီမှ ရွာသာ၊ ရွာသာမှ ဥတို၊ ဥတိုမှ တိုက်ကြီးသို့ ” ငယ်ပုံသဏ္ဌာန်အဆင့်ဆင့်သွားမှ ရောက်မည်ဖြစ်ပါကြောင်း၊ လှိုင်မြစ်အနောက်ဘက်ခြမ်း မှ ပြည်သူများ တိုက်ကြီးသို့လာလျှင် တော်လတီမှတစ်ဆင့် ၁၆ မိုင်ခရီး ရှိပြီး လှိုင်မြစ်ကူးတံတား တည်ဆောက် ပေးမည်ဆိုပါက ၆ မိုင် ခရီးဖြင့် တိုက်ကြီးမြို့သို့ရောက်မည် ဖြစ်သည်ကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ထိုလမ်း ၂ လမ်းသည် တိုက်ကြီးမြို့နယ်အတွင်း သာမက ဧရာဝတီ တိုင်း ဒေသကြီး၊ ဓနုဖြူမြို့နယ်မှ တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့နယ်မှ တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်း မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးသို့ တောက်လျှောက်ဆက်သွယ်သော တိုင်း ၃ တိုင်း ဆက်သွယ်ထား သည့်လမ်းများ ဖြစ်ပါကြောင်း။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှဧရာဝတီမြစ်ကူးတံတား (ဓနုဖြူအား တည်ဆောက် လိုက်လျှင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှပြည်သူများ အချိန်တိုအတွင်း နေပြည် တော်၊ မန္တလေး အစရှိသည့်မြို့များသို့ အချိန်တိုတိုနှင့်သွားလာလို့ရမှာဖြစ်ပါတယ်။ အထက် အညာ ဒေသမှပြည်သူများ ဇလွန်ပြည်တော်ပြန် ဘုရားဖူးမြော်ရန်အတွက်လည်းကောင်း၊ ချောင်းသာ၊ ငွေဆောင်အပန်းဖြေခရီး ထွက်လိုလျှင်သော်လည်းကောင်း၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှ ပြည်သူများကလည်း နေပြည်တော် မာရဝိဇယ ဘုရားကြီးနှင့် အထက်အညာတန်ခိုးကြီးဘုရားများ ဖူးမြှော်လိုလျှင်သော်လည်းကောင်း၊ ကျိုက်ထီးရိုးဆံတော်ရှင် ဖူးမြော်ပြီး ကျိုက္ခမီ စက်စဲ ကမ်းခြေတွင် အပန်းဖြေလိုလျှင်သော် လည်းကောင်း၊ တခြားစီးပွားရေး၊ လူမှုရေးကိစ္စများ ဆောင်ရွက် လိုလျှင်သော်လည်းကောင်း၊ ရန်ကုန်မြို့မှ ကွေ့ပတ်သွားစရာမလိုဘဲ အချိန်တိုတိုနှင့် သွားလာလို့ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ တိုက်ကြီး-ကြာအင်းလမ်းနှင့် တော်လတီ-ကလော့ သော့-စံကင်းလမ်း (လမ်းအား ဆက်သွယ်ပေးမည့် လှိုင်မြစ်ကူးတံတားအား တည်ဆောက် ပေးရန်အစီအစဉ်ရှိ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီး-ကြာအင်းလမ်း သည် ၇ မိုင်၊ ၅ ဖာလုံနှင့် တော်လတီ-ကလော့သော့-စံကင်းလမ်းသည် ၉ မိုင်နှင့် ၄ ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင်လမ်းဖြစ်ပြီး Class(A) ပထမဦးစားပေးအဆင့်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးက စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း။

တော်လတီ-ကလော့သော့လမ်းပိုင်းသည် ၉ မိုင်နှင့် ၄ ဖာလုံရှိပြီး၅ ဖာလုံသည် ကွန်ကရစ်လမ်းခင်းထားပါကြောင်း၊ ကျန် ၈ မိုင်နှင့် ၇ ဖာလုံ သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေနှင့် ကွန်ကရစ်ခင်းခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ကြီး-ကြာအင်းလမ်း၊ တော်လတီ-ကလော့သော့လမ်း ၂ လမ်းကို ဆက်သွယ်ပေးမည့် မြစ်ကူး တံတားကြီး သည် အဆိုပါနေရာတွင် တည်ရှိပါကြောင်း၊ အဆိုပါတံတားကြီးကို ဆောက်မည်ဆိုလျှင် ၁၀ ဘီလီယံ ခန့်ကုန်ကျမည်ဖြစ်ပါကြောင်း၊ တော်လတီလမ်း တင်ပြနေရာမှ ကျေးရွာပေါင်း ၁၇ ရွာသည် တိုက်ကြီးမြို့သို့ သွားမည်ဆိုလျှင် တင်ပြပါလမ်းအတိုင်းလာပြီးလျှင် လှိုင်မြစ်ကိုကူးရပါကြောင်း၊ သမ္ဗန်ဖြင့် လူနှင့် ဆိုင်ကယ်များက လှိုင်မြစ်ကူးတံတားမှကူးသွားလျှင်ရပါကြောင်း။

တချို့ကားလမ်းများသည် တင်ပြပါလမ်းအတိုင်း ကားနှင့် သွားပြီး ဥတိုလမ်းဆုံမှ တိုက်ကြီးကို သွားရသည်ကို တွေ့ရပါကြောင်း၊ လူစီးကားနှင့် ကုန်တင်ကားလမ်းများသည် လမ်းဦးစီးဌာနပိုင် ရေတွင်းကုန်း-မြို့ချောင်းလမ်း-တော်လတီ-ရွာသာလမ်းမှ ၆ မိုင်ရှိပါကြောင်း၊ ပြီးလျှင် ရွာသာ တံတားကို ဖြတ်ပါကြောင်း၊ အဆိုပါနေရာနှင့် ၅ မိုင်၊ ၆ မိုင်အကွာလောက်တွင် ရွာသာလှိုင်မြစ်ကူး တံတားတစ်စင်း ဆောက်ထားပါကြောင်း၊ အဆိုပါတံတားကို ဖြတ်ပြီး ဥတို အဖြောင့်လမ်းဆုံကိုပတ်ပြီး တစ်ဘက်စီတွင်  ပြည်ဘက် နှင့် တိုက်ကြီးဘက်လမ်း ကို ဆက်သွား လို့ရပါကြောင်း၊  ကြာအင်းဘက်ကမ်းရှိ လှိုင်မြစ်ကူးတံတားဆောက်လုပ်ပေးရန် တင်ပြတောင်းဆို သည့်နေရာဖြစ်ပါကြောင်း၊ လက်ရှိအသုံးပြုနေသော လှိုင်မြစ်ကူး တံတားအနေဖြင့် ရွာသာတံတား၏ ယာဉ်သွားလာနိုင်မှု လုံလောက်မှုမရှိသည်ကို ပြန်ပြီးသုံးသပ်ရန် လိုအပ် ပါကြောင်း၊ တော်လတီ-ကလော့ သော့ လမ်းဘေး ဝဲ/ယာ တွင်ရှိသည့် ကျေးရွာများ၏ ဖွံ့ဖြိုးမှု၊ ကုန်စည် စီးဆင်းမှု၊ စီးပွား ရေး ဖွံ့ဖြိုးမှု၊ တံတားတည်ဆောက်ရန်ကုန်ကျစရိတ်ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် လှိုင်မြစ်ကူး တံတားတည်ဆောက်ရန် သိသိသာသာထင်ရှားသည့် အကျိုးရလဒ်နည်းပါးနေသည်ကို စိစစ် တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူလူထု၏ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးရာတို့တွင် လိုအပ်သည့်အခက်အခဲများ မရှိနိုင်သဖြင့် အဆိုပါတံတားကို လတ်တလော တည်ဆောက်ပေးနိုင်ခြင်းမရှိသေးပါကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။