ဦးထွန်းထွန်းနိုင်(စဉ့်ကိုင်မဲဆန္ဒနယ်)
စဉ့်ကိုင်မြို့နယ် စော်ရဲ-ဝန်ပတေ့(တောင်)-ဝန်ပတေ့(မြောက်) တာဘောင်ပေါ်၌ မြေကျောက် ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
စဉ့်ကိုင်မြို့နယ် စော်ရဲ-ဝန်ပတေ့ (တောင်) (မြောက်) ကျေးရွာချင်းဆက်လမ်းသည် အရှည် ၂ မိုင်ခန့်ရှိပြီး မြေသားလမ်းဖြစ်ပါကြောင်း၊ စော်ရဲဘက်ခြမ်းမှ တွက်မည်ဆိုလျှင် စော်ရဲ-စဉ့်ကိုင်-ဖလံဗိုလ်လမ်းနှင့် ချိတ်ဆက်ခြင်း၊ မြောက်ဘက်ကိုကြည့်လျှင် ထန်းတောကျေးရွာမှတစ်ဆင့် ခရိုင်ဘက် လမ်းကို ချိတ်ဆက်သောလမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းအား ကျေးရွာခွဲ ၆ ရွာ၊ အိမ်ခြေ ၁၆၃၅ အိမ်၊ လူဦးရေ ၆၄၈၅ ဦး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာ အသုံးပြုနေသော လမ်းတစ်ခု လည်းဖြစ်ပါကြောင်း၊ စဉ့်ကိုင်မြို့နယ်၊ စော်ရဲ- ဝန်ပတေ့ (တောင်)(မြောက်)လမ်းပေါ်ရှိ ဝသာတာ ဘောင်သည် ဝန်ပတေ့ရွာ၏တောင်ဘက် ပေ ၂၀၀ ခန့်ရှိပြီး ပန်းလောင်မြစ်ဘေးတွင် ရှိပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ ဝသာတာဘောင်ကို မြေသားလမ်းအဖြစ် ၁၉၆၂ ခုနှစ်မှစတင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၁၂-၉-၂၀၂၄ ရက် ရာဂီမုန်တိုင်း တိုက်ခတ်၍ ပန်းလောင်မြစ်ရေကြီးမှုကြောင့် ပေ ၆၀၀ ကျော် ရေလှိုက်စားပြီး လမ်းတာဘောင်များ ကျိုးပြတ်၍ ရေစားချောက်ကြီးများသဖွယ် ဖြစ်ပေါ်ခဲ့ရပါကြောင်း။
ထိုဘောင်ကျိုးသွားပြီး နောက်ဆက်တွဲအနေဖြင့် တာဘောင်အောက်ဘက်ပိုင်းရှိ ထန်းတောမြစ်ကျိုးအင်းမှတစ်ဆင့် ထန်းတောအုပ်စု၊ ကျေးရွာခွဲ ၃ ရွာ၊ အိမ်ခြေ ၄၃၀၊ လူဦးရေ ၁၇၇၀ ဦးတို့နေထိုင်သော ကျေးရွာ ၃ ရွာတွင် ရေကြီးနစ်မြှုပ်မှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ပါ ကြောင်း၊ ထိုထန်းတောကျေးရွာရှိ ထန်းတောအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ပညာ သင်ကြားနေသော ကျောင်းသား ကျောင်းသူ ၃၇၆ ဦး၊ စာသင်ဆောင် ၃ ဆောင် ရေနစ်မြုပ်ခြင်း၊ ကျောင်းရုံးခန်းအတွင်းရှိ ရုံးပစ္စည်းများပါ ဆုံးရှုံးပျက်စီးမှုများရှိခဲ့ပါကြောင်း၊ ဝန်းသိုအုပ်စု၊ ထန်းတောကျေးရွာအုပ်စုတို့မှ တောင်သူလုပ်ငန်းလုပ်ကိုင်နေသူ ကွင်းအမှတ် ၈၆၊ ဧက ၂၀၀ ကျော်တွင် စိုက်ပျိုးထားသော သီးနှံများ ပျက်စီးဆုံးရှုံးမှု မကြာခဏကြုံတွေ့ခဲ့ရပါကြောင်း၊ မိုးရာသီကာလတွင် မိုးကြီးခြင်း၊ မြစ်ရေလျှံခြင်းများ မကြာခဏဖြစ်ပေါ်နေပါသဖြင့် ပြည်သူလူ ထု၏ စိုးရိမ်ပူပန်မှုများကို မိုးရာသီ ပြည်သူ့အသံအဖြစ် ကြားသိခဲ့သမျှကို အကြောင်းပြု၍ လွှတ်တော်သို့တင်ပြရခြင်းဖြစ်ပါကြောင်း။
အဆိုပါ စော်ရဲ-ဝန်ပတေ့ (တောင်) (မြောက်) ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဝသာ တာဘောင်သည် သတ်မှတ်တာဘောင်အမြင့်တစ်ခုရောက်ရှိရန် အငှားမြေဖြည့်ခြင်း၊ ကြိတ်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်သလို လမ်း ရေရှည်တည်တံ့စေရန်အတွက် မြစ်ရေကြီးခြင်း၊ ရေလျှံခြင်းလုပ်ငန်းများ ထပ်မံမဖြစ်ပွားစေရန် အတွက် မြစ်ကြောင်းထိန်းသိမ်းခြင်းလုပ်ငန်းနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ထန်းတော ရွာအနောက်ဘက်ရှိ မြစ်ကျိုးအင်း တူးဖော်ပေးခြင်းလုပ်ငန်းများကိုပါ ဆက်စပ်ဆောင်ရွက်ပေးနိုင် ရန်အတွက် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မည်ဆိုလျှင် ပိုမိုကောင်းမွန်သော အကျိုးဖြစ်ထွန်းမှုများရရှိနေမှုကို အကြံပြုတင်ပြအပ်ပါကြောင်း။
သို့ဖြစ်ပါ၍ စော်ရဲ-ဝန်ပတေ့ကျေးရွာချင်းဆက်လမ်း ရေကြီးရေလျှံမှုများဖြစ်ပွားပြီး ပျက်စီး သွားသော ဝသာတာဘောင်အား သတ်မှတ်လမ်းတာဘောင်အမြင့်ရရှိအောင် အငှားမြေဖို့ခြင်း၊ မြေသားထုတာဘောင်ပေါ်တွင် ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦသိုက်စိုး က
စဉ့်ကိုင်မြို့နယ် စော်ရဲ-ဝန်ပတေ့ (တောင်)၊ ဝန်ပတေ့ (မြောက်) ကျေးရွာချင်းလမ်းသည် သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် လမ်းအရှည် ၂၁ မိုင်၊ ၆ ဖာလုံရှိပြီး Class A အဆင့်ရှိသည့် လမ်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ ထိုလမ်းသည် ဝန်ပတေ့ (တောင်)၊ ဝန်ပတေ့ (မြောက်) ကျေးရွာ၏ တောင်ဘက် ပေ ၂၀၀ ခန့်အကွာရှိ ဝသာတာဘောင်လမ်းပိုင်းသည် ပန်းလောင်မြစ်ဘေးမတွင်တည်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ရေလျှံမှုကြောင့် မြေသားတာဘောင် ၆၀၀ ခန့်ပျက်စီးသွားခဲ့ပြီး ချောက်ကမ်းပါးကြီးများ ဖြစ်ပွားခဲ့ပါကြောင်း။
ပျက်စီးမှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုထိန်းသိမ်းရေးရန်ပုံငွေနှင့် လမ်းများပြန်ကောင်းအောင် မြေဖို့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် သတ်မှတ် ထားသော မြေတာဘောင်ကို ၆ ပေအမြင့်ရအောင် ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ပြီး ဆောင်ရွက်မည်ဆိုလျှင် ငွေကျပ် ၁၃၀ သန်းလောက် ခန့်မှန်းကုန်ကျမည်ဖြစ်ပါကြောင်း။
ထိုဟာကို ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာပေါ်မူတည်ပြီး၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိသည့် ရန်ပုံငွေပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါ သည်။