MY EN

(ဍ)- ဦးလှခိုင်(ဇလွန်မဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးလှခိုင်(ဇလွန်မဲဆန္ဒနယ်)

ဇလွန်မြို့နယ်၊ ကော့ကပ်ကြီးကျေးရွာနှင့် ကော့ကပ်ကလေးကျေးရွာ ချောင်းကူးကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ပေးရန်နှင့် တည်ဆောက်မပေးမီကာလအတွင်း တံတားဟောင်းအား ပြုပြင် ပေးနိုင်ခြင်းရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဇလွန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနပိုင် လမ်းဖြစ်သည့် ပ.စ.င ကော့ကပ်ကလေး- ကော့ကပ်ကြီး- ဝါးပတော လမ်းဟာ Class-A အဆင့် လမ်းဖြစ်ပြီး တိုင်းဒေသကြီး စီမံခန့်ခွဲမှုအောက်ရှိ လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ကျောက်လမ်း ၀.၆ မိုင် နှင့် မြေသားလမ်း ၁.၂ မိုင် စုစုပေါင်း ၂ မိုင်ရှိပါကြောင်း၊ ထိုလမ်းပေါ်ရှိ ကော့ကပ်ကလေးကျေးရွာနှင့် ကော့ကပ်ကြီးကျေးရွာကို ကွန်ကရစ်ချောင်းကူးတံတားအဖြစ် ဆက်သွယ်ထားပြီး အဆိုပါလမ်းနှင့် တံတားသည် ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၇၇၆ အိမ်၊ လူဦးရေ ၃,၁၇၈ ဦးကို အကျိုးပြုလျက်ရှိသည့် လမ်းနှင့်တံတားဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်ရှိ ချောင်းကူးတံတားဟာ အရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၅ ပေရှိသည့် ကွန်ကရစ်တံတားဖြစ်ပြီး ၂,၀၀၀ ပြည့်နှစ်တွင် ကေသီပန်တိုင်းရင်းဆေး ကုမ္ပဏီမှ လှူဒါန်းဆောက်လုပ်ခဲ့သည့် တံတားဖြစ်ပါကြောင်း၊ တံတားဆောက်ခဲ့စဉ်က Borepile Foundation နှင့် တည်ဆောက်ခဲ့သည့်တံတား မဟုတ်သည့်အတွက် ယခုအခါ တံတားတိုင် ၄ တိုင် အနက် ၁ တိုင်တွင် ၆ လက်မခန့် နိမ့်ကျနေခြင်း၊ တံတား၏ Wing Wall ၄ ခုအနက် ၃ ခု ပျက်စီးနေခြင်း၊ တံတားအဝင်အထွက်လမ်းများသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါကြောင်း၊ အဆိုပါတံတားအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းအား ထည့်သွင်းလျာထားခဲ့သော်လည်း ရန်ပုံငွေမရရှိခဲ့ သဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ ယိုယွင်းလျက်ရှိသော တံတားအား ပြုပြင် ပေးနိုင်ပါရန်နှင့် ပြုပြင်၍ မရရှိနိုင်ပါက Borepile Foundation ကွန်ကရစ်တံတားတစ်စင်း တည်ဆောက် ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

အဖြေ
အဖြေ

 သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

         ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ကော့ကပ်ကလေး-ကော့ကပ်ကြီး-ဝါးပတော လမ်းပေါ်တွင်ရှိသည့် ချောင်းကူးတံတား (ကေသီပန်တံတား) ဖြစ်ပါကြောင်း၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင် လမ်းအရှည် ၂ မိုင်ရှိ လမ်းပေါ်တွင်တည်ရှိပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် အရှည် ၁၀၀ ပေ၊ အကျယ် ၁၄ ပေရှိပြီး အုတ်ရိုးစီကမ်းကပ်ခုံ ၂ ခု၊ Wing Wall ၄ ဖက်၊ ရေလည်တိုင် ၄ ခု နှင့် ၆ လက်မထု သံကူကွန်ကရစ်ကြမ်းခင်းပါသည့် တံတားဖြစ်ပါကြောင်း၊ တံတားလက်ရှိ အခြေအနေသည် ရေလည်တိုင် ၄ ခု အနက် ၁ ခုသည် အောက်သို့ ၆ လက်မခန့် နိမ့်ကျနေပြီး Wing Wall ၃ ဖက်နှင့် မြေကာနံရံ ၃ ခု ပျက်စီးနေပြီး တံတားချဉ်းကပ်လမ်းနှစ်ဖက်သည်လည်း နိမ့်ကျနေပါ ကြောင်း၊ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်မည်ဆိုလျှင် ကျပ် ၁၉.၈၇ သန်း ကုန်ကျမည်ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် တံတားရေလည်တိုင် ၄ ခုအနက် ၁ ခုနိမ့်ကျသွားခြင်းအပေါ် စစ်ဆေးသည့်အခါ အန္တရာယ်ရှိသည့် အခြေအနေ လောလောဆယ် မရှိသေးသည့်အတွက် ဆက်လက်စောင့်ကြည့်ပြီး လိုအပ်ပါက ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို မိမိတို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

လောလောဆယ် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ပျက်စီးနေသည့် Wing Wall ၃ ခု၊ မြေကာနံရံ ၃ခုနှင့် ချဉ်းကပ်လမ်းနှစ်ဖက်ကို ၂၀၂၆-၂၀၂၇ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေနှင့်  ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် တံတားကောင်းမွန်လာပြီး ဒေသခံ ပြည်သူလူထုတို့ကို ဆက်လက်အကျိုးပြုနိုင်မည်ဖြစ်ပြီး ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၇၇၆ အိမ်၊ လူဦးရေ ၃,၁၇၈ ဦးနှင့် စိုက်ပျိုးဧက ၃၅၈ ဧကတို့ကို အကျိုးပြုမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။