MY EN

(ဎ)- ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်)-မေးခွန်း

2026-07-13
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်)

သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများအား လာမည့်ပညာသင်နှစ်တွင် ပိုမိုဖွင့်လှစ်နိုင်ရန်နှင့် လုံလောက်သော ဆရာ ဆရာမ အင်အားဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

သစ်တစ်ပင်သည် အမြစ်ခိုင်မာမှသာမုန်တိုင်း ဒဏ်ကို ကြံ့ကြံ့ခိုင်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ပညာရေးခိုင်ခံ့မှသာလျှင် အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းများသည် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးသည့် ဥယျာဉ် ဖြစ်ပြီး ကျောင်းသားလူငယ်များသည်  အဆိုပါဥယျာဉ်တွင် ပျိုးထောင်ရမည့် မျိုးစေ့များ သာ ဖြစ်ပါကြောင်း၊ မျိုးစေ့ကိုအချိန်မီ မစိုက်ပျိုးလျှင် သီးနှံမရနိုင်သကဲ့သို့ ကျောင်းများကိုလည်း အချိန်မီမဖွင့်လှစ်နိုင်လျှင် လူငယ်များ၏ အနာဂတ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် နှောင့်နှေး ကြန့်ကြာမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း သီပေါမြို့နယ်တွင် လုံခြုံရေးနှင့် နယ်မြေအခြေ အနေမတည်မငြိမ်မှုများကြောင့် အခြေခံပညာရေးကဏ္ဍမှာ နှစ်ရှည်လများ ထိခိုက်နစ်နာမှုများ ရင်ဆိုင်ခဲ့ရပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ ပုံမှန်သင်ကြားခွင့်ဆုံးရှုံးခဲ့ရပြီး ဆရာ ဆရာမ များ၏ သင်ကြားရေးတာဝန်များသည် လည်း ပုံမှန်အတိုင်း လည်ပတ်နိုင်ရန်အတွက် ခက်ခဲ ပါကြောင်း၊ အဆိုပါအခြေအနေများကိုလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ကလေး များ၏ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးကို ဦးစားပေး ရည်မှန်းကာ သက်ဆိုင်ရာဝန်ကြီးဌာန၊ တပ်မတော်နှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင် ရေးကို လည်း အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော်လည်း လက်ရှိ အခြေအနေ များတွင် သီပေါမြို့နယ်ရှိ တချို့ကျေးရွာများတွင် ကျောင်းများပြန်လည် ဖွင့်လှစ် နိုင်သည့် အလား အလာ တည်ငြိမ်အေးချမ်းမှုအနေအထားရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းများ ကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိပါကြောင်း၊ အဆိုပါအခြေအနေများ ကြာလာ သည်နှင့်အမျှ ကလေးများပညာရေးနောက်ကျကျန်ရစ်မှုသည်  ပိုမိုကြီးထွား လာနိုင်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းချက်များအရ ကျောင်းအဆောက်အအုံများသည် ကာလ ရှည်ကြာအသုံးပြုနိုင်မှုမရှိခြင်း၊ပြုပြင်ထိန်းသိမ်းမှုအားနည်းခြင်းစသည့်လိုအပ်ချက်များစွာကို လည်း တွေ့ရှိရကြောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးသည် ပညာရေးပြန်လည်တည်ဆောက် ရေး သာမက မျိုးဆက်သစ်များ၏အမျိုးသားရေးလက္ခဏာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဘာသာစကား ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် အရေးကြီးသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင်နိုင်ငံသားတိုင်း၏ပညာသင်ယူခွင့်ကို အကောင်အထည် ဖော်ပေး ရန် ယဉ်ကျေးမှုအမွေအနှစ်ကိုထိန်းသိမ်းမြှင့်တင်ပေးရန် မိမိတို့အားလုံး၏ ပူးပေါင်းတာဝန် ဖြစ်ပါကြောင်း၊ ယနေ့သီပေါမြို့နယ်တွင် အခြေခံပညာကျောင်းများ မဖွင့်လှစ်နိုင်သည့်အတွက် မိမိတို့၏ လူငယ် လူရွယ်ကလေးငယ်များသည် တခြားသော တိုင်းတပါးခြား၏ ယဉ်ကျေးမှု၊ တိုင်းတပါးခြား၏ ကျောင်းများတွင် တက်၍ အမျိုးသားရေးလက္ခဏာများ တဖြည်းဖြည်း မှေးမှိန်သွားရသည့်အနေအထားဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းမေးရခြင်း၏ ရည်ရွယ် ချက်မှာ ကျောင်းများဖွင့်လှစ်ခြင်းဆိုတာထက်  မိမိ တို့နိုင်ငံ၏ အမျိုးသားရေး လက္ခဏာရပ်များ မပပျောက် အောင် အမျိုးသားစိတ်ဓာတ်ရှင်သန် နိုးကြားနိုင်ရေးအတွက်အဓိကရည်ရွယ်ပြီး မေးမြန်းရခြင်းဖြစ်ပါကြောင်း။

သီပေါမြို့နယ်သည် စစ်ဘေးစစ်ဒဏ် များကို နှစ်ကြိမ်တိတိ ခံစားခဲ့ရပါကြောင်း၊ စစ်ဘေးစစ်ဒဏ်ခံစားခဲ့ရသည့်အပြင် ရုပ်ပိုင်းသာမက ကလေးများ၏ စိတ်ပိုင်း ဆိုင်ရာကိုပါ အများကြီး ထိခိုက်ခဲ့ရပါကြောင်း၊ ယခု တင်ပြလာသည်မှာကျောင်းများဖွင့်ချင်ကြောင်း၊ အစိုးရ ကျောင်းမဖွင့်လျှင် တခြားဒေသသို့သွား တက်ရမည်ဖြစ်ပြီး  ငွေကြေးမတတ်နိုင်ကြောင်းနှင့် မိမိတို့၏ ယဉ်ကျေးမှုများ ပပျောက်သွားမည်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးအနေဖြင့် အခြေခံပညာ ကျောင်းလေးသာ ဖွင့်ပေးပါ ကျန်ရှိသည့် ဖြည့်ဆည်းချက်များကို မိမိတို့ရွာမှ လူများဝိုင်း လုပ်ပေးပါ့ မည်ဆိုသည့် တောင်းဆိုချက်များနှင့် တင်ပြလာခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲ ခရိုင်၊ သီပေါမြို့နယ်ရှိ အခြေခံပညာကျောင်းများအား လာမည့်ပညာ သင်နှစ်တွင် ပိုမိုဖွင့်လှစ်သင်ကြားနိုင်ရန်နှင့် လုံလောက်သည့် ဆရာ ဆရာမ အင်အားများ ပံ့ပိုး ဖြည့်ဆည်း ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်

နိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်သင်ကြားစေရေးနှင့် ပိတ်ကျောင်းများအားလုံးကို ဖွင့်လှစ်နိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ သီပေါမြို့နယ်အတွင်းတွင် အခြေခံပညာ ထက် အဆင့် သင် ကျောင်း ၁၂ ကျောင်း၊ လယ်အဆင့်သင်ကျောင်း ၅၀ ကျောင်း၊ မူအဆင့်သင်ကျောင်း ၁၅၁ ကျောင်း စုစုပေါင်း ၂၁၃ ကျောင်းရှိသည့် အနက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထက်အဆင့်သင် ၇ ကျောင်း၊ လယ် အဆင့်သင် ၁၂ ကျောင်းနှင့် မူအဆင့်သင် ၂၆ ကျောင်း စုစုပေါင်း ၄၅ ကျောင်း ဖွင့်လှစ်နိုင်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူမှု နှောင့်နှေးမှုမရှိ စေရေးအတွက် ဒေသလုံခြုံရေးအခြေအနေအရ ပိတ်ထားခဲ့သည့်ကျောင်းများက ထက်အဆင့်သင် ၁၅ ဦး၊ လယ်အဆင့် သင် ၂၆ ဦး၊ မူအဆင့်သင် ၁၀၉ ဦး၊ ဆရာ ဆရာမ ၁၅၀ ဦးတို့ကိုလည်း လက်ရှိ ဖွင့်လှစ်ထားသည့် အခြေခံပညာ ကျောင်းများတွင် ယာယီတွဲဖက် တာဝန်ထမ်းဆောင် စေလျက် ရှိပါကြောင်း။

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နယ်မြေခံဒေသ အာဏာပိုင်လုံခြုံရေးထောက်ခံချက်နှင့် ဒေသဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း၏ ခွင့်ပြုချက်ရရှိမည်ဆိုလျှင် စာသင်ကျောင်း ၇၀ ကျောင်းကို ထပ်မံဖွင့်လှစ်ရန်ကိုလည်း ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ မကြာခင် ခွင့်ပြုချက် ရရှိမည်ဆိုလျှင် ကျောင်း ၇၀ ကျောင်းကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ပြီး အဆိုပါကျောင်းများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ ထိရောက်အောင်မြင်ရန်အတွက် ယာယီ တွဲဖက်ထားသည့် ဆရာ ဆရာများကို သူတို့တာဝန်ကျသည့်ကျောင်းများကို ပြန်လည် တာဝန် ထမ်းဆောင်စေမည် ဖြစ်ပြီး လိုအပ်သည့် အဆောက်အဦ နှင့် Infrastructure များကိုလည်း ထပ်မံဖြည့်ဆည်းပေးရန်အတွက် အဆင်သင့်ပြင်ဆင်ထားရှိပါကြောင်းနှင့် ကျောင်းဆရာ ဆရာမများ ထပ်မံလိုအပ်လာလျှင် ကျောင်းသား၊ ဆရာအချိုးအရ ဆရာ ဆရာမများ ဖြည့်ဆည်း ခန့်အပ် ပေးနိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးကောင်းသက်စံ(သီပေါမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

သီပေါမြို့နယ်သည် အစိုးရ၏ထိန်းချုပ်မှုအောက်တွင် ပြန်လည်ရရှိပြီးသည့် နောက်တွင် အခြေခံကျောင်းများကို ပြီးခဲ့တဲ့နှစ်က ၄၅ ကျောင်း၊ ယခုနှစ်တွင်လည်း ကျောင်းပေါင်း ၇၀ ကျော် ဖွင့်လှစ်နိုင်ရန် စကသ (၁) မှ တာဝန်ရှိသည့် သူများ မြေပြင်ကို ကိုယ်တိုင်ကွင်းဆင်းပြီး ကျောင်း ပေါင်း ၇၀ ကျော်ကို အနီးစပ်ဆုံး ဖွင့်လှစ်ရန် လျာထားပါကြောင်း၊ ဖြစ်နေတဲ့ပြဿနာသည် ကျောင်း ၇၀ ကျော်သည် ဖွင့်နေ ရသော်လည်း ဲ့ခွင့်ပြုချက်မကျကြောင်း၊ ခွင့်ပြုချက်မရကျသည့် အတွက် ပုံနှိပ်စာအုပ်များ၊ သင်ထောက်ကူများ၊ ဆရာ ဆရာမများလစာပင် ပြည့်ပြည့်စုံစုံမရကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရွာတွင် ကျောင်းဖွင့်ရန်ပင်Blackboard ကို မိမိကိုယ်တိုင် ဝယ်ပေး ရသည့် အနေအထားများ၊ ရွာမှကူညီရသည့်အနေအထားများဖြစ်ကြောင်း၊ ယခုတင်ပြထားသည့် ကျောင်းပေါင်း ၇၀ ကျော်သည် မည်သည့်အချိန်များတွင် ခွင့်ပြုချက်ကျနိုင်မည်မည်း၊ ပြည်နယ် အစိုးရ ကိုမေးတော့လည်း ပြည်နယ် အစိုးရမှ ပြည်ထောင်စုကို ပြောရန် ပြည်ထောင်စု ကိုမေးတော့လည်း ပြည်နယ် Cabinet ၏ ဆုံးဖြတ်ချက်အရ ဟုပြောကြောင်း၊ အကယ်၍ ၇ လပိုင်းရောက်နေသည့် ကာလတွင် ကလေးများက ကျောင်းကတက်ရမလိုလို၊ မတက်ရမလိုလိုနှင့် နောက်ဆုံးကျောင်းပေါင်း ၇၀ ကျော်မဖွင့်လှစ်နိုင်ပါက အရှင်းဆုံးစကားပြောရလျှင် တခြားသော လက်နက်ကိုင် အဖွဲ့အစည်း၏ ကျောင်းကို ရောက်သွားမည်ဖြစ်ပြီး၊ ထိုသို့ မဖြစ်စေ ချင်သည့် အတွက် မိမိသည် အဆိုပါကျောင်းလေးကို ဖွင့်လှစ်တာဖြစ်ပါကြောင်း၊ နယ်မြေမတည်ငြိမ်မှု ဆိုသည်မှာ ၁၀၀ တွင် ၃၀ ရာခိုင်နှုန်း ဆိုလိုသည်မှာ မြစ်၏ ဟိုဘက်ခြမ်း ဇီးရိုးကျောင်း ၆၄ ကျောင်း ရှိကြောင်း၊ ဇီးရိုးကျောင်း ၆၄ ကျောင်းသည် နယ်မြေလည်းတည်ငြိမ်ကြောင်း၊ အစိုးရ အုပ်ချုပ်မှုယန္တရားအောက်တွင်လည်းရှိပြီးမည်သည့်အတွက် ပြည့်ပြည့်စုံစုံမ ဖွင့်လှစ်နိုင်သည် ကိုလည်း မိမိတို့ အနေဖြင့်ဝန်ကြီး ဌာနကို မေးမြန်းလိုပါကြောင်း၊

လုံခြုံရေးဆိုင်ရာကိစ္စရပ်ကိုလည်း မိမိတို့က တတ်နိုင်သမျှ ကိုယ်တိုင်မြေပြင်ကို တပ်မတော် နှင့် အတူကွင်းဆင်းပြီး အနီးစပ်ဆုံး ကျောင်းပေါင်း ၇၅ ကျောင်းလျာထားပါကြောင်း၊ မည်သည့် အချိန် တွင် ဖွင့်ခွင့်ရနိုင်မလဲဆိုတာကို သိလိုပါကြောင်းဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ဦးနေမျိုးလှိုင်(ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန)

ပညာရေးဝန်ကြီးဌာနမှ ကျောင်းများကိုဖွင့်သည့် Procedure အရ မိမိတို့သည် အားလုံး ဆက်စပ်ဖြည့်ဆည်းပေးနိုင်အောင် စီစဉ်ရပါကြောင်း၊ ပိတ်ကျောင်းများအားလုံးကို ပြန်ဖွင့်လို့ရ မရဆိုသည်မှာ နယ်မြေခံဒေသအာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်ရပါကြောင်း၊ ထိုမှ ဆောင် ရွက် ပြီး ၊ အတည်ပြုလာသည့် အပေါ်မူတည်ပြီး မိမိတို့က ဘာတွေဖြည့်ဆည်းပေးသင့်သလဲ ဆို သည့် အပေါ်တွင်မူတည်၍ မိမိတို့ EC နှင့် ဆုံးဖြတ်ပြီး ဖွင့်လှစ်နိုင်ရန်အတွက် ဆောင်ရွက်ပါ ကြောင်း၊ ယခုလက်ရှိ ကိုယ်စားလှယ်တော်ကြီးပြောသည့်အထဲတွင်လည်း တိုင်းပညာ မှ  မြို့နယ် ပညာ၊ ခရိုင်ပညာ၊ တိုင်းပညာကနေပြီး Cabinet ကို ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထား ပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ Cabinet တွင် ဆုံးဖြတ်ပြီးသွားလျှင် မိမိတို့ဆီမှ ဖြည့်ဆည်း ပေးနိုင်ရန် အကြောင်းအရာများဖြည့်ဆည်းပြီး အဆိုပါကျောင်း ၇၀ ကိုဖွင့်ရန် အဆင်သင့် ဖြစ်နေပါ သည်ကို တင်ပြလိုပါကြောင်း၊ အဆိုပါ Cabinet တွင်အတည်ပြုနိုင်ရန်လည်း မိမိတို့အနေဖြင့် ပြည်နယ် အစိုးရနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။