ဒေါ်ခင်စောမူ(ကန်ကြီးထောင့်မဲဆန္ဒနယ်)
ဧရာဝတီတိုင်းဒေသကြီးရှိမြို့နယ် ၂၁ မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် ကျောင်းဆောင်အသစ်များ တစ်ဝက်သာပြီးစီးပြီး ပြန်လည်အပ်နှံခဲ့သောလုပ်ငန်း ၇၂ ခုအားအပြီးသတ်ရေး မည်သို့ဆောင်ရွက် ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အခြေခံပညာဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၏ ငွေလုံးငွေရင်း တည်ဆောက်ရေးရန်ပုံငွေအဖြစ် ကျောင်းဆောင်သစ်များနှစ်စဉ် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ တချို့သောလုပ်ငန်းများသည် သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးပြတ်မှုမရှိဘဲ တစ်ဝက်တစ်ပျက်သာ ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသောလုပ်ငန်းများ ဆက်လက်မဆောင်ရွက်တော့ဘဲ လုပ်ငန်းပြန်လည်အပ်နှံခဲ့ ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ် ၂၁ မြို့နယ်တွင် လုပ်ငန်း ၇၂ ခု ပြန်လည်အပ်နှံခဲ့ ကြောင်း၊ ဆောင်ရွက်ပြီးစီးမှု ရာခိုင်နှုန်းဖြင့်ဖော်ပြရပါက ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိသာ ဆောင်ရွက်ပြီးစီးပြီး ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်း ၅၅ ခုနှင့် ၅၁ ရာနှုန်းမှ ၇၅ ရာခိုင်နှုန်းအထိသာ ဆောင်ရွက်ပြီးစီးပြီး ဆောင်ရွက်ရန်ကျန်ရှိသောလုပ်ငန်း ၁၇ ခုတို့ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် ကျန်ရှိမှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၄ ခု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၄၆ ခု၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၇ ခု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၄ ခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ၁၁ ခု စုစုပေါင်း ၇၂ ခု ဖြစ်ပါကြောင်း၊ မပြီးစီးသော လုပ်ငန်းများအနက် အချို့ကို ကောက်နုတ်တင်ပြရမည်ဆိုလျှင် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လုပ်ငန်း ၄ ခု ကျန်ပါကြောင်း၊ ထိုထဲမှ ငပုတောမြို့နယ် အ.လ.က(ခွဲ) မရမ်းချောင်းကျောင်းသည် ၉၀ ပေ ၃၀ ပေ RC တစ်ထပ်ကျောင်းဖြစ်ပြီး ၂၅ ရာခိုင်နှုန်း ပြန်လည်အပ်နှံထားပါကြောင်း၊ လုပ်ငန်းများမှာ မျက်နှာကျက်၊ ပြတင်း ပေါက်၊ တံခါး၊ ဆေးသုတ်၊ မီးလိုင်းစသည့် လုပ်ငန်းများကျန်ရှိနေပြီး လက်ရှိ ထိုဟာကို စာသင်ခန်း အဖြစ် ဆောင်ရွက်နေ သော်လည်း မိုးရာသီတွင် လေဒဏ်၊ မိုးဒဏ်ကြောင့် စာသင်ကြားမှုအတွက် အခက်အခဲရှိနေပါကြောင်း။
ပန်းတနော်မြို့နယ် မူ(လွန်) အထက်ကန်စင်းတောကျောင်းသည် ၁၂၀ ပေ ၃၀ ပေ Print Level ၆ ပေ RC ၁ ထပ်ကျောင်းဖြစ်ပြီး ထိုကျောင်းလည်း ၂၅ ရာခိုင်နှုန်းပြန်လည်အပ်နှံထားခြင်း ဖြစ်ပါကြောင်း၊ မျက်နှာကျက်၊ ပြတင်းပေါက်၊ တံခါးများကျန်သည့်အတွက် မိုးရာသီ စာသင်သည့် နေရာတွင် လေဒဏ်၊ မိုးဒဏ်ကြောင့် စာသင်ကြားမှု အခက်အခဲရှိနေသည့် ကျောင်းဖြစ်ပါကြောင်း၊ ပန်းတနော်မြို့နယ်၊ မူလွန်အောက်ဒေါင့်ကြီးကျောင်းသည် ၉၀ ပေ ၃၀ ပေ Print Level ၆ ပေ RC ၁ ထပ်ဖြစ်ပြီး အောက်ခြေ Foundation သာဆောင်ရွက်ထားပြီး ၅၀ ရာခိုင်နှုန်းပြန်လည်အပ်နှံ့ ထားပါ ကြောင်း၊ ဖျာပုံမြို့နယ် အ.ထ.က (ခွဲ) ပတ်ပြဲကျောင်းသည် ၉၀ ပေ ၃၀ ပေ RC ၁ ထပ် တွင် အောက်ခြေ Foundation သာဆောင်ရွက်ထားခြင်းဖြစ်ပြီး ၅၀ ရာခိုင်နှုန်းပြန်လည် အပ်နှံထားခြင်းဖြစ်ပါကြောင်း၊ ထိုကျောင်း ၄ ခုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ထဲက ဆောက်လုပ်ပြီး တစ်ဝက် တစ်ပျက်ကျန် နေသည့် ကျောင်းများဖြစ်ပါကြောင်း၊ ထို့နောက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန် လုပ်ငန်း ၄၆ ခု ရှိပါကြောင်း၊ ထိုထဲမှ ကန်ကြီးထောင့်မြိုနယ် အ.ထ.က(ခွဲ) ရေတွင်းကုန်းလေး ကျောင်းသည် ၆၀ ပေ ၃၀ ပေ Steel Structure ၁ ထပ် ဝန်ထမ်းအိမ်ရာဆောက် လုပ်ခြင်းဖြစ်ပါ ကြောင်း၊ အောက်ခြေ Foundation သာချထားပြီး လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြန်လည် အပ်နှံထား ခြင်းဖြစ်ပါကြောင်း။
မော်လမြိုင်ကျွန်းမြို့နယ် အ.မ.က ဓားကျကျောင်းသည် ၆၀ ပေ ၃၀ ပေ Print Level ၃ ပေ Steel Structure ၁ ထပ်တွင် အောက်ခြေ Foundation သာ ဆောင်ရွက်ထားပါကြောင်း၊ ၈၀ ရာခိုင်နှုန်း ပြန်လည်အပ်နှံထားပါကြောင်း၊ မြန်အောင်မြို့နယ် အ.မ.က ရေကျော်ကျောင်းသည် ၆၀ ပေ ၃၀ ပေ Steel Structure ၁ ထပ်ဖြစ်ပြီး အောက်ခြေအုတ်မြစ်သာ စီထားပြီး ၈၀ ရာခိုင်နှုန်း ပြန်လည်အပ်နှံထားပါကြောင်း၊ ကျောင်းဆောင်သစ်များဆောက်လုပ်ရန် ခွင့်ပြုရာတွင် အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ဥပဓိရုပ်မကောင်းခြင်းများ၊ ကျောင်းသားဦးရေနှင့် လုံလောက်မှုမရှိခြင်းများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးသည့် ကျောင်းများကြောင့် အသစ် ဆောက်လုပ်ပေးခြင်း ဖြစ်ပါကြောင်း၊ သို့သော် အခက်အခဲအကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းပြီးဆုံးအောင် ဆောင်ရွက်ခဲ့ ခြင်း မရှိသည့်အတွက် ကျောင်းသားကျောင်းသူများ စာသင်ကြားမှု အခက်အခဲဖြစ်ခြင်း အဆောက် အဦ၏ ကြံ့ခိုင်မှုကြောင့် အပြီးအထိ ဆောင်ရွက်ရန် ကုန်ကျစရိတ် ပိုမိုများပြားလာခြင်း စသည့် အခက်အခဲများနှင့်လည်း ကြုံတွေ့လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တစ်ဝက်တစ်ပျက်သာ ပြီးစီးသည့် မြို့နယ် ၂၁ မြို့နယ်မှ လုပ်ငန်း ၇၂ ခုကို ပညာသင်ကြားမှု အခက်အခဲမရှိစေရန်အတွက် အပြီးအသတ်ပြီးစီးရေး မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
မိမိတို့ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများ အဆင့်မြှင့်တင် နိုင်ရေးအတွက်ကို အလေးအနက်ထားပြီး တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ပညာဦးစီးဌာန၏ အကြောင်းအမျိုးမျိုးကြောင့် မပြီးသတ်သေးသည့် တည်ဆောက်ရေးလုပ်ငန်းများကို အပြီးသတ်နိုင်ရေး တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများကို စာရင်းတောင်းခံပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ ဧရာဝတီတိုင်ဒေသကြီးမှ တင်ပြလာသည့် လုပ်ငန်း တစ်ဝက်တစ်ပျက်ဖြင့် ပြန်လည်အပ်နှံခဲ့သည့် လုပ်ငန်းတွေမှာ ကိုယ်စားလှယ်တော်ကြီးတင်ပြသွား သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၄ ခု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၄၆ ခု၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၇ ခု၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၄ ခုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၁ ခု စုစုပေါင်း လုပ်ငန်း ၇၂ ခု ကျန်ရှိနေပါကြောင်း။
အဆိုပါ မပြီးသတ်သေးသည့် လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်နိုင်ရန်အတွက် လက်ရှိ ဒေသပေါက်ဈေးနှုန်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတ်မှတ် PAE နှုန်းထားများနှင့်အညီ စီမံကိန်းတန်ဖိုးပြောင်းလဲနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး စီမံကိန်းတန်ဖိုးပြောင်းလဲ ဆောင် ရွက်သည့်အခါ နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများနှင့် ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယခင်စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၅/၂၀၂၀)၊ အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၃)နှင့်အညီ ခွင့်ပြုချက်ရယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တင်ပြလိုပါကြောင်း၊ မူလ စီမံကိန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကျပ်သန်း ၂၀၀ ထက် မကျော်လွန်သည့် လုပ်ငန်းများဆိုလျှင် -
(၁) ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိနှိုင်းရေးအဖွဲ့ ငွေလုံးငွေရင်ကို ပေးပို့ပြီး ထောက်ခံချက်
ရယူခြင်း၊
(၂) ငွေလုံးငွေရင်း၏ ထောက်ခံချက်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထားမှတ်ချက် နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနကို ခွင့်ပြုချက်ရယူခြင်း၊
(၃) အတည်ပြုချက်ရရှိပြီးသော လုပ်ငန်းစီမံကိန်းများကို အမျိုးသားစီမံကိန်းမှာ တန်ဖိုး ပြောင်းလဲဖော်ပြနိုင်ရန်အတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနကို ပေးပို့သည်နှင့် ရသုံး မှန်းခြေ ငွေစာရင်းဦးစီးဌာနရုံးချုပ်ကို ထပ်မံပေးပို့ခြင်း၊
(၄) အမျိုးသားစီမံကိန်း ဥပဒေတွင် ထည့်သွင်းအတည်ပြုနိုင်ရန်အတွက် စီမံကိန်းလုပ်ငန်း တန်ဖိုးပြောင်းလဲခြင်းကို စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထားတင်ပြခြင်းများကို ဆောင်ရွက်ရပါကြောင်း။
မူလစီမံကိန်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်း ကျပ်သန်း ၂၀၀ ထက် ကျော်လွန်သည် ကိစ္စများ အတွက်-
(၁) ဆောက်လုပ်ရေးစိစစ်ရေးညှိနှိုင်းအဖွဲ့ ငွေလုံးငွေရင်းကို ပေးပို့သည့် ထောက်ခံချက် ရယူခြင်း၊
(၂) ငွေလုံးငွေရင်း၏ထောက်ခံချက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သဘောထား မှတ်ချက်နှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ခွင့်ပြုချက်ရယူခြင်း၊
(၃) ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိပြီးလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ခွင့်ပြုချက် ရရှိနိုင်ရန်အတွက် ဆက်လက်တင်ပြခြင်း၊
(၄) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းစီမံကိန်းများကို အမျိုးသား စီမံကိန်းတွင် တန်ဖိုးပြောင်းလဲ ဖော်ပြနိုင်ရန်အတွက် စီမံကိန်းရေးဆွဲဦးစီးဌာနကို ပေးရခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)ကို ပေးပို့ခြင်း၊
(၅) စီမံကိန်းမှာထည့်သွင်းနိုင်ရန်အတွက် စက်တင်ဘာလ ၃၀ ရက်နောက်ဆုံးထား တင်ပြခြင်းများ ဆောင်ရွက်ရပါကြောင်း။
ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြေပြင် တွင် ဆက်လက် ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ အခြေအနေများကို သေချာစိစစ်ပြီး ညွှန်ကြားချက်များ နှင့်အညီ စီမံကိန်းတန်ဖိုး ပြောင်းလဲဆောင်ရွက်ခွင့်ရရှိရန်အတွက် အဆင့်ဆင့်တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းမပြီးပြတ်သေးသော လုပ်ငန်းရှင်များကိုလည်း နှစ်အသီးသီးအလိုက် Blacklist သွင်း၍ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်းတန်ဖိုးပြောင်းလဲ ဆောင်ရွက်ခွင့် ရရှိမည်ဆိုလျှင် ကျောင်းဆောင်များကို အပြီးသတ်ပြီးစီးနိုင်ရေးအတွက် နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဒေါ်ခင်စောမူ(ကန်ကြီးထောင့်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
ပြည်ထောင်စု၊ ဒုတိယဝန်ကြီးအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်သည် အရမ်းများပါကြောင်း၊ ဌာန၏လုပ်ထုံးလုပ်နည်းအရ ထိုအဆင့်များနှင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတင်ပြသည့် အကြောင်းများသည် ၂၀၁၈-၂၀၁၉ ခုနှစ်ကဆိုလျှင် ၇ နှစ်လောက်ရှိပါကြောင်း၊ ထိုကျောင်းများသည်လည်း တိုးလို့တန်းလန်းနှင့် နှစ်များစွာကျန်နေခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေနှင့် မိမိတင်ပြခဲ့သလို ကျောင်းဆောက်လုပ်ခွင့်တောင်းရာတွင် ဌာနကသတ်မှတ် ထားသည့် ကျောင်းသားဦးရေနှင့် မလုံလောက်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ကျောင်းဆောင် များပျက်စီးနေခြင်း စသည်ဖြင့် အမှန်တကယ် လိုအပ်နေ၍ တောင်းခံထားခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုချိန်တွင် မိမိတို့လိုအပ်သည့်ကျောင်းများ ဆောင်ရွက်ရမည်သိရှိထားပြီးဖြစ်သည့်အတွက် အစောက ဆောင်ရွက်ရမည့် နည်းလမ်းများ နည်းစနစ်များအတိုင်း အဆင့်ဆင့်ဆောင်ရွက်ရာတွင် လည်း ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးဆောင်ရွက်ပေးနိုင်လျှင် နှစ်ရှည်အခက်အခဲဖြစ်နေသည့် ပြဿနာ များသည် အမြန်ဆုံးအေးချမ်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်တင်ပြသည်မှာ မှန်သော်လည်း ပုံမှန်တင်ပြခြင်းမျိုးမဟုတ်ဘဲ ထိုအဆောက်အဦများ အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ထပ်မံတင်ပြမေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
မိမိတို့လုပ်သည့် Process များ မရှိသော်လည်း Process လုပ်၍ရသည့် နည်းလမ်းများနှင့် ဖြစ်ရမည့်အကြောင်းအရာများပေါ်တွင် ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်သွားလျက်ရှိကြောင်းနှင့် မြန်မြန်ဆန်ဆန်ပြီးသွားအောင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။