MY EN

(ဈ)- ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)

ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါလုပ်ငန်းမြေနေရာ ၂၀ ဧကကျော်အား သက်ဆိုင်ရာ ဌာနမှ စွန့်လွှတ်ကာ ယာဉ်ရပ်နားစခန်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဝမ်းတွင်းမြို့နယ်တွင် မြို့ပေါ် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာပေါင်း ၂၁၈ ရွာ၊ လူဦးရေ ၂၄၃,၅၀၀ ကျော် နေထိုင်ကြပြီး ဝမ်းတွင်းမြို့အား ရန်ကုန်-မန္တလေး မော်တော်ကားလမ်း ဖြတ်သန်းသွားလာသည့်မြို့ဖြစ်ပါကြောင်း၊ ဒေသထွက် ဆန်၊ နှမ်း၊ ပဲ စသည့် ကောက်ပဲသီးနှံများ ရက်ကန်းလုပ်ငန်း၏ အထည်တင်ပို့ဖြန့်ချီခြင်းနှင့် ကုန်ကြမ်းဝင်ရောက်မှုများကြောင့် မော်တော်ယာဉ် အဝင်အထွက် များပြားသည့်အပြင် ရန်ကုန်-မန္တလေးမော်တော်ကားလမ်းမှ ပုံမှန်ကုန်စည်နှင့် ခရီး သည်သယ်ယူပို့ဆောင်ယာဉ်များ ဖြတ်သန်းသွားလာလျက်ရှိရာ မြို့တွင်းကားလမ်းတစ်လျှောက် ယာဉ်ရှုပ်ထွေးမှု၊ ယာဉ်တိုက်ခိုက်မှုအန္တရာယ်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ ယာဉ်လမ်းကြောင်း ပိတ်ဆို့မှု မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ကုန်စည်များတင်ဆောင်ရန်နှင့် ခရီးသွားပြည်သူများ ယာဉ် အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ယာဉ်ရပ်နားစခန်း တည်ဆောက်ရန် လိုအပ်လျက်ရှိပါကြောင်း။

ယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ဝါလုပ်ငန်းမှ အသုံးပြု ခြင်း မရှိသည့် မြေဧရိယာ ၃၄ ဧကရှိ ဝမ်းတွင်းမြို့ မြောက်ဘက်ပိုင်း ရန်ကုန်-မန္တလေးကားလမ်းဘေး ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးရုံးတောင်ဘက် ဆက်စပ်လျက်တည်ရှိ၍ သက်ဆိုင်ရာဌာနမှ မြေနေရာဆောက်လုပ်စေ၍ ယာဉ်ရပ်နားစခန်းတည်ဆောက်ခြင်းဖြင့် မြို့အင်္ဂါရပ်နှင့် ပြည့်စုံခြင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန်စေခြင်း၊ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့၍ ယာဉ်အန္တရာယ် ကင်းရှင်းလာမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် အကောင်အထည်ဖော် ပေးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသုံးပြုခြင်းမရှိသည့်မြေအား ဌာနမှစွန့်လွှတ်ပြီး ယာဉ်ရပ် နားစခန်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က

         ဝမ်းတွင်းမြို့နယ် မြေစာရင်းဦးစီးဌာန၏ မြေရာဇဝင် စိစစ်တွေ့ရှိချက်အရ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ဝါလုပ်ငန်းမြေနေရာသည် ဝမ်းတွင်းမြို့နယ်၊ ရေဆုံးကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာအုပ်စုအတွင်း တည်ရှိပြီး ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ အရှေ့ဘက်တွင် တည်ရှိပါကြောင်း။

         မြေရာဇဝင်စိစစ်ချက်အရ တင်ပြပါ မြေနေရာသည် ရေဆုံးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၆၉ ရေလယ်ကန်ကွင်း၊ လယ်မြေ ၁၇.၈၂ ဧက၊ ယာမြေ ၆.၄၀ ဧက၊ အခြားမြေ ၈.၀၈ ဧက၊ လိန်ပင် ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၇၀ ဇောင်ဂျမ်းကုန်းအရှေ့ကွင်း၊ ယာမြေ ၁.၇၀ ဧကနှင့် စုစုပေါင်း မြေဧရိယာ ၃၄ ဧကဖြစ်ပါကြောင်း၊ ၎င်းမြေနေရာကို ၁၉၈၁ ခုနှစ်တွင် ဆည်မြောင်းဦးစီးဌာနမှ ကင်းတားအခြေစိုက်စခန်းအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဆည်မြောင်းဦးစီး ဌာနမှ ဝါလုပ်ငန်းကို လွှဲပြောင်းပေးခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်အထိ ဆက်လက် အသုံးပြုခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ဌာနပြောင်းလဲဖွဲ့စည်းမှုအရ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ အသုံးပြုခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန်အထိ စိုက်ပျိုးရေးဦးစီးဌာန မြို့မစိုက်ပျိုးပညာ ပေးရေးစခန်းအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ မြေဧရိယာအသုံးချမှုအနေဖြင့် ယာမြေ ၈.၁၀ ဧကပေါ်တွင် မြန်မာ့ဝါနှင့် ပိုးချည်လုပ်ငန်းကာလအတွင်း မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးနေအိမ် နှင့် နှစ်ခန်းတွဲ သန့်စင်ခန်း ၁ လုံး၊ စက်ရေတွင်း ၁ တွင်း တည်ဆောက်ထားပါကြောင်း၊ လယ်မြေပေါ်တွင် လယ်မြေ ၁၇.၈၂ ဧကအပေါ်မှာ ၂၀၁၄ ခုနှစ်အထိ ချည်မျှင်ရှည်ဝါစံပြကွက်များ စိုက်ပျိုး၍ တောင်သူပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။

စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းလက်ခံရရှိချိန် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးနှမ်း၊ ချည်မျှင်ရှည်ဝါစံပြကွက်၊ မိုးဦးပဲတီစိမ်းစံပြကွက်များကို စိုက်ပျိုး၍ တောင်သူများကို လက်တွေ့ပညာပေးပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့မပညာပေး ရေးစခန်းကို တည်ဆောက်ပြီး ဆွေးနွေးပွဲများ၊ သင်တန်းများလည်း ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ မြေယာပိုင်ဆိုင်မှုအနေဖြင့် တခြားနည်းအသုံးပြုမှုများအတွက် ၂၀၁၄ ခုနှစ်မှစ၍ ပုံစံ ၁၀၅ ရရှိအောင် စတင်ဆောင်ရွက်ခဲ့ကြောင်း။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်သမားရရှိရန် ခက်ခဲ ခြင်း၊ ရန်ပုံငွေခွင့်ပြုကန့်သတ်ချက်များကြောင့် စံပြကွက်များကို ဆက်လက်မစိုက်ပျိုးနိုင်ဘဲ ဝန်ထမ်း အိမ်ရာအဖြစ် ရုံးဝန်ထမ်းများကို နေထိုင်စေခဲ့သော်လည်း အလုပ်မှနုတ်ထွက်ခြင်းများ၊ ဒေသပြောင်း ရွှေ့ခြင်းများရှိသည့်အတွက် လက်ရှိအခြေအနေတွင် မေးမြန်းချက်တွင်ပါရှိသကဲ့သို့ အသုံးပြုခြင်းမရှိ သည့် မြေပိုကဲ့သို့ ထင်မြင်နေရခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ် ဦးစီးမှူးရုံးသည် ဝမ်းတွင်းရေပိုလွှဲဆည်၏ အရှေ့ဘက်ထိပ် လိန်ပင်ချောင်း မြောက်ဘက်ဘေးတွင် တည်ရှိပြီး မိုးကြီးရေလျှံဖြစ်လျှင် မြို့နယ်ဦးစီးမှူးရုံးကို မြို့မပညာပေးရေးစခန်းသို့ ယာယီပြောင်း ရွှေ့ဖွင့်လှစ်ရသည့်အခြေအနေမျိုးလည်း ရှိပါကြောင်း။ 

ရန်ပုံငွေသုံးစွဲခွင့်ရသည့်အချိန်တွင် မြို့နယ်ဦးစီးမှူးရုံးနေရာကို တောင်သူများ ဝင်ထွက်သွား လာရလွယ်ကူသည့် ရန်ကုန်-မန္တလေးကားလမ်းမကြီးရှိ တင်ပြပါ မြို့မပညာပေးရေးစခန်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီစဉ်ထားရှိခြင်းဖြစ်ပါကြောင်း၊ တောင်သူများကို လက်တွေ့ပညာပေး ပြသနိုင်ရန် မိုးဦးချည်မျှင်ရှည်ဝါ၊ မိုးနှမ်း၊ မိုးနေကြာ၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာစံပြကွက်များ ဆောင်ရွက်ပြသရန် စီစဉ်ထားရှိသည့်အပြင် ချည်မျှင်ရှည်ဝါကို တစ်ချိန်တည်းရိတ်သိမ်းနိုင်သည့် နည်းပညာအသုံးပြု၍ စက်နှင့် ဝါရိတ်သိမ်းနိုင်ရေး ဆောင်ရွက်ရန် အဆိုပါမြေတွင် စီမံဆောင်ရွက် ထားတာဖြစ်သည့်အတွက် ဝါလုပ်ငန်းမြေနေရာ မြို့မစိုက်ပျိုးပညာပေးရေးစခန်းဧက ၂၀ ကျော်အား စွန့်လွှတ်ရန် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးမျိုးမြင့်သိန်း(ဝမ်းတွင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

နိုင်ငံတော်အကြီးအကဲမှ မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် မှာကြားခဲ့ရာမှာ လူများသည် ချည်ထည် မဖြစ်မနေလိုအပ်သည့်အတွက် ဝါနှင့် ချည်ထည်လုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါကြောင်း၊ ဝါနှင့်ဝါထွက်ကုန်ပစ္စည်း ကုန်သည်ကြီးများအသင်း တာဝန်ရှိသူနှင့် မိမိ ဆွေးနွေးကြည့်သည့်အခါ ဝါစိုက်မြေဧက လိုအပ်နေသည့်အကြောင်း၊ ဝမ်းတွင်းမြို့နယ်တွင် ဝါလုပ် ငန်းနှင့်ဆက်စပ်၍ ယနေ့အထိ အသုံးမပြုသည့် မိမိတင်ပြခဲ့သည့် မြေနေရာအပြင် ကျောင်းကုန်းရွာ၊ ဒိုင်ကောင်းကုန်းရွာ၊ ရွှေတောင်ရွာနှင့် ကိုင်းရွာများတွင်လည်း ဌာနပိုင်မြေယာများသည် အလဟဿ ဖြစ်နေပါကြောင်း၊ ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲ ဝါသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ ရွှေတောင်တွင် ဧက ၁,၀၀၀ ကျော်ရှိသော်လည်း ဌာနမှ ၂၀၀ ကျော်သာ စိုက်ပျိုးနိုင်ပြီး ၇၀၀ ကျော်ကို ကုမ္ပဏီတစ်ခုအား ခေတ်ကာလပေါက်ဈေးနှင့် မကိုက်ညီသည့်ဈေးနှုန်းနှင့် နှစ်ရှည်ငှားရမ်း ပြီး တခြားသီးနှံများ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ဝါထွက်ရှိ ရေးလုပ်ငန်းစဉ် လမ်းညွှန်မှုအတွက် တိုးတက်အောင်ငှားရမ်းမှုကို ပြန်လည်သုံးသပ်ရန် တင်ပြလိုပါ ကြောင်း၊ ဝမ်းတွင်းမြို့နှင့် သဲတောမြို့အပါအဝင် ကျေးရွာကြီးတချို့တွင် ရက်ကန်းလုပ်ငန်းကို တွင်ကျယ်စွာ ဆောင်ရွက်နေကြပါကြောင်း၊ ရက်ကန်းလုပ်ငန်းရှင်များသည် ယခုအခါ ဝါချည်ထည် နည်းပညာနှင့် သွင်းအားစုအထောက်အပံ့များ များပြားစွာ လိုအပ်နေကြသည့်အတွက် ဝန်ကြီးဌာန အကြီးအကဲများ ဝမ်းတွင်းမြို့နယ်သို့ ကွင်းဆင်းပြီး ရက်ကန်းလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံ ဆွေးနွေး၍ လိုအပ်သော ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ‌ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က 

         လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းချက်များသည် အောက်ခြေတွင် အမှန်တကယ် ဖြစ်နေပါကြောင်း၊ သို့သော် ဒေသများတွင် ဝမ်းတွင်းသည် ဝါကို အခြေခံ၍ ဝါထုတ်လုပ်ကြောင်း၊ ဝါလုပ်ငန်းရှင်များအသင်းမှလည်း ဝါစိုက်ပျိုးရန်အတွက် မြေနေရာလိုအပ်နေသည့် အခြေအနေရှိပါ ကြောင်း၊ သို့သော် အဆိုပါအသင်းအဖွဲ့မှ မိမိတို့ဝန်ကြီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ချိတ်ဆက်ပြီး ဆောင်ရွက်သည့် လုပ်ငန်းစဉ်မျိုးမရှိသေးပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့် ဌာနပိုင်ခြံစိုက်ကွင်းများနေရာသည် ရာသီသီးနှံအလိုက် ရေရရှိမှုအပေါ်မူတည်၍ စိုက်ပျိုးပြသ ဆောင်ရွက်ရသည့် အခြေအနေမျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် တစ်နှစ်ပတ်လုံး သီးနှံအနေဖြင့် ရှိချင်မှရှိပါလိမ့်မည်၊ သို့သော် သီးနှံစိုက်ပျိုးသည့် ရာသီအလိုက် နှမ်းချိန်တွင် နှမ်း၊ ဝါချိန်တွင် ဝါ ဆိုသည့် လုပ်ငန်းကို စိုက်ပျိုးပြသနေခြင်းဖြစ်ပါကြောင်း၊ အလားတူ ရွှေတောင်ခြံတွင် စိုက်ပျိုး လျက်ရှိသည့် ဧရိယာတွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ခြံ အစိုးရဌာနမှ ဧက ၂၀၀ ခန့် ဆောင်ရွက်နိုင်ပြီး ကျန်မြေကို သက်ဆိုင်ရာကုမ္ပဏီတစ်ခုသို့ ငှားရမ်းထားသည့် အနေ အထားမျိုးဖြစ်ပါကြောင်း၊ ထိုကိစ္စကိုလည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြန်လည်သုံးသပ်ပြီး အဆိုပါ ကုမ္ပဏီနှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်မှုအခြေအနေကို ပြန်လည်စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အလားတူ ရက်ကန်းလုပ်ငန်းရှင်များနှင့် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များတွင် လည်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့်အသေးစားအလတ်စားအငယ်စားဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဝန်ကြီးများနှင့် လုပ်ငန်းရှင်များ‌ ပေါင်းစပ်ညှိနှိုင်းမည့် အစည်းအဝေး ညှိနှိုင်းပွဲကို မကြာခင် ကျင်းပဖို့ရှိပါကြောင်း၊ ဤကိစ္စကိုလည်း စီမံဆောင်ရွက်ရေးနှင့် ရက်ကန်းဆောင်ရွက်သည့် လုပ်ငန်းရှင် များ၏ အခက်အခဲ၊ အကန့်အသတ်များကို အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။