MY EN

(ည)- ဦးအောင်လင်းလှိုင်(ဘုတ်ပြင်းမဲဆန္ဒနယ်)-မေးခွန်း

2026-07-10
တတိယအကြိမ်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်လင်းလှိုင်(ဘုတ်ပြင်းမဲဆန္ဒနယ်)

ပင်လယ်ကမ်းဝေး ငါးဖမ်းစက်လှေများသည် ကမ်းနီးတွင် လာရောက်ဖမ်းဆီးနေခြင်းများအတွက် ဥပဒေအရမည်ကဲ့သို့ တားဆီးဆောင်ရွက်မည်ကို အသေးစိတ်ရှင်းလင်းပေးရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်သည် ပင်လယ်နယ်နိမိတ်အတွင်းရှိ ကမ်းဝေးငါးဖမ်း စက်လှေများဖြစ်သည့် ဒရွတ်တိုက်ဆွဲငါးဖမ်းစက်လှေ အရပ်အခေါ် ဝါးလက်၊ ဝိုင်းချုပ် ငါးဖမ်း စက်လှေ အရပ်အခေါ် ဝါးဒန်းတို့သည်ကမ်းနီးတွင် ဝင်ရောက်ပြီးငါးသယံဇာတများကို ဖမ်းဆီး နေသည်မှာ အချိန်အားဖြင့် အတော်ကြာခဲ့ပြီဖြစ်ပါကြောင်း၊ အချုပ်အားဖြင့်ပြောရလျှင် လွန်ခဲ့ သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ယခု ပြည်သူ့ လွှတ်တော် ၃ ကြိမ်စလုံးတွင်ယခုမေးခွန်းကို မေးမြန်းခဲ့တာဖြစ် ပါကြောင်း၊ထိုသို့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းစက်လှေများမှာ ကမ်းနီးတွင် ဝင်ရောက်ဆွဲသည်ကို မိမိကိုယ်တိုင်၂၀၂၅ခုနှစ်၏နှောင်းပိုင်းကာလများတွင် ပင်လယ်ခရီးထွက်ခွာသည့် နေရာကိုယ်တိုင်ကိုယ်ကျမြင်တွေ့ ခဲ့ရတာဖြစ်ပါကြောင်း။

အထက်ဖော်ပြပါ ကမ်းဝေးငါးဖမ်းပိုက်လှေများဖြစ်သည့် ဒရွတ်တိုက်ဆွဲ ငါးဖမ်းပိုက်လှေ များသည်သားငါးပေါက်ဖွားရာနေရာဖြစ်သည့် ကမ်းနီးတွင်ဝင်ရောက်ဖမ်းဆီးသည့် အတွက် ကြောင့်ငါးသားပေါက်ရာပင်လယ်ကြမ်းပြင်ကို ဒရွတ်တိုက်ဆွဲဖမ်း သည့် အတွက်ကြောင့် ကမ်းနီး ရှိပင်လယ်ကြမ်းပြင်ဂေဟစနစ်များ ပျက်စီးတာနှင့်အညီ ငါးသားပေါက်ရာ နေရာများ သည်လည်းခိုလှုံရာ မရှိဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ငါး၊ ပုစွန်များသည်မျိုးတုန်းပျက်ဆီး လုနီးပါးဖြစ် သည်ကိုရင်ဆိုင်နေကြရပါကြောင်း၊ အလားတူကမ်းဝေးငါးဖမ်းပိုက်လှေဖြစ်သည့် ဝိုင်းချုပ် ငါးဖမ်း ပိုက်လှေ အရပ်အခေါ် ဝါးဒန်းလှေများကြောင့် ပိုက်သေးသည့်အတွက်သေးသေး မွှားမွှား လေးများမှအစငါး၊ ပုစွန်များသည်မျိုးတုန်းပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ကြရပါကြောင်း၊ ထို့ပြင် ကမ်းနီးငါးဖမ်းပိုက်လှေများ ဖြစ်သည့်ပုစွန်ပိုက်လှေ၊ ကင်းမွန်ပိုက်လှေ၊ ပလာတူး ပိုက်လှေ တို့သည်လည်းသက်ဆိုင်ရာမှ ကမ်းနီးတွင် ခွင့်ပြုထားသည့် ပေ ၄၀ အောက်နှင့်မြင်းကောင်ရေ ၅၀ Horse Power ရှိမှသာ ကမ်းနီးမှ ဖမ်းဆီးခြင်းပြုနိုင်ကြောင်း သိရှိထားသော်လည်း ၎င်း ခွင့်ပြုချက်နှင့်မညီပဲ ၎င်းသတ်မှတ်ထားသည့် အတိုင်းအတာထက်ပိုသော လှေကြီးများ ပေ ၄၀ အထက် မြင်ကောင်ရေအား ၅၀ အထက် စက်တပ် ယာဉ်များသည်လည်း ကမ်းနီးတွင် လာရောက် ၍ တရားမဝင်ဖမ်းဆီးနေတာကို လေ့လာသိရှိခဲ့ရ ပါကြောင်း။

သို့ပါ၍ ထိုကမ်းဝေးဒရွတ်တိုက်ဆွဲငါးဖမ်းပိုက်လှေများ၊ ဝိုင်းချုပ်ပိုက်လှေများသည် ကမ်းနီးတွင်ဝင်ရောက်ဖမ်းဆီးလုပ်ကိုင်နေသော်လည်းကောင်း၊ ကမ်းနီးတွင် သတ်မှတ်ထားသော မြင်းကောင်ရေအရွယ်ထက် ပိုမိုသောစက်လှေများကိုသော်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနမှဖြစ်စေ၊ တားဆီးအရေးယူရသည့် အဖွဲ့အစည်းများမှဖြစ်စေ၊ မည်ကဲ့သို့တားဆီးကာကွယ် နေခြင်း၊ အရေးယူဆောင်ရွက်ခြင်း ရှိ မရှိ သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲထွန်းဝင်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက် နှင့်အတူ ပေါင်းစပ်ဖြေကြား သွားမည်ဖြစ်ပါကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်းငါးဖမ်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသောကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ကိုင်ဆောင်ရွက် စေ ရေး နှင့် စနစ်တကျ စစ်ဆေးကြပ်မတ်နိုင်ရန်အတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေကို ၂၅--၁၉၉၀ ရက်စွဲပါ ဥပဒေအမှတ် (/၉၀ဖြင့်လည်းကောင်း၊ အဆိုပါဥပဒေကို ပြင်ဆင်သည့် ဥပဒေကို ၂၈-၁၀-၁၉၉၃ ရက်စွဲပါ ဥပဒေအမှတ် (၁၆/၉၃ဖြင့်လည်းကောင်း ထုတ်ပြန်၍ စနစ်တကျဆောင်ရွက် ပေးလျက်ရှိပါကြောင်း။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ကမ်းနီးငါးလုပ်ငန်း ရေပြင်သတ်မှတ်ခြင်းကိုမြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ ကမ်းရိုးတန်းဒေသတစ်လျှောက် တိုင်းဒေသကြီး ပြည်နယ် အားလုံး တစ်ပြေးညီဖြစ်စေရန်အတွက် ကမ်းနီးဒေသကို မြန်မာ့ပင်လယ် ကမ်းရိုးတန်းတစ် လျှောက်ကမ်းခြေမှ ရေမိုင် ၁၀ မိုင်အတွင်းနှင့် ကမ်းဝေးဒေသကို ကမ်းနီးဒေသ၏ သတ်မှတ်ထား သော နေရာဒေသ၏ ပြင်ပမှသီးသန့်စီးပွားရေးဇုန်အဆုံးအထိသတ်မှတ်ခြင်းကို၆--၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (/၂၀၁၃ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့ပြီး၊ မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ဥပဒေအရ ကမ်းနီးငါးဖမ်းလှေများအား ၁၃--၂၀၂၀ ရက်စွဲပါစာအမှတ် (၂၉၆ဖြင့် အလျား ၉၆ ပေ ဖြင့် ၅ တန်အောက်နှင့် မြင်းကောင်ရေ ၅၀ Horse Power သတ်မှတ်ထားရှိခဲ့ပြီးဖြစ်ပါကြောင်း။

         ထိုသို့သတ်မှတ်ပေးထားခြင်းမှာ ကမ်းနီးငါးလုပ်ငန်းများအား ကမ်းရိုးတန်း တစ်လျှောက် နှင့် ကျွန်းပေါ်နေထိုင်သော အခြေခံလက်လုပ်လက်စားရေလုပ်သားများ မိသားစုဘဝ ရပ်တည် ရေး၊ ကမ်းနီးဒေသရှိ ငါး၊ ပုစွန်ပေါက်ပွားရာနေရာများ ပျက်စီးမှုမရှိစေရေးနှင့် ဂေဟစနစ် မပျက်စီးစေရေး တို့အတွက် ရေယာဉ်မဲ့ငါးဖမ်းကိရိယာများဖြင့် စက်မဲ့လှေငယ်များဖြင့် လည်း ကောင်း၊ စက်တပ်ရေယာဉ်ဖြစ်ပါက စက်အားကို ငါးဖမ်းကွက်သို့ သွားလာရန် အတွက်သာ အသုံးပြု၍ နေ့ချင်းပြန် ခရီးသွားသယ်ယူပို့ဆောင်ရေးအတွက်ဖြစ်ပြီးစက်အင်အား ကို အသုံးပြု အတင်အချလုပ်၍ ငါးဖမ်းဆီးခြင်းမဖြစ်စေရန်မိရိုးဖလာငါးဖမ်းဆီးသောနည်းစနစ်ဖြင့်သယံဇာတ မထိခိုက်စေဘဲ လုပ်ကိုင် စေသောလှေဖြစ်ရန် သတ်မှတ်ပေးထားခြင်းဖြစ်ပါကြောင်း။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ကမ်းဝေး ငါးဖမ်း ငါးသယ် ရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်ထောက်လှမ်းရန်အတွက် (Vessel Monitoring System – VMS) ကိရိယာကိုတပ်ဆင်နိုင်ရန် ၂၃--၂၀၁၈ရက်စွဲပါ ညွှန်ကြားချက်အမှတ် (/၂၀၁၈ကိုထုတ်ပြန် ကြေညာခဲ့ပြီး ၁--၂၀၁၉ ရက်မှစပြီး ကမ်းဝေးငါးဖမ်း ငါးသယ် ရေယာဉ်များ တွင် VMS ကိရိယာ စတင်တပ်ဆင်စေခဲ့ရာ ၃၁--၂၀၂၀ ရက်တွင် ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ် ၃၅၁၇ စီးအား VMS ကိရိယာကို တပ်ဆင်ဆောင်ရွက်ခဲ့ပြီး မြန်မာ့ ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်း လုပ်ကိုင်နေသော ကမ်းဝေးငါးဖမ်း၊ ငါးသယ် ရေယာဉ်များအား ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးစနစ် VMS ကိရိယာဖြင့် ငါးလုပ်ငန်း ဦးစီး ဌာန(ရုံးချုပ်) VMS Control Center အပါအဝင် ၆ နေရာ၊ တပ်မတော်(ရေ) VMS Center ၈ နေရာ၊ ရေကြောင်းရဲတပ်ဖွဲ့မှ VMS Center ၂ နေရာ၊ ကမ်းခြေစောင့်တပ်ဖွဲ့မှ VMS Center ၂ နေရာစုစုပေါင်း ၁၈ နေရာမှ စောင့်ကြပ်ကြည့်ရှုစစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း။

         တနင်္သာရီတိုင်းဒေသကြီးအတွင်း ကမ်းနီး၊ ကမ်းဝေးလုပ်ငန်းရေပြင်သတ်မှတ်ခြင်းအား GIS Coordinate Points ၇၀မှ ၈၀ အထိ သတ်မှတ်ထားပြီး ကျွန်းများမှ ကမ်းနီးရေပြင်အတွင်း ထည့်သွင်းရေးဆွဲထားရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ကမ်းဝေးရာသီပိတ်ကာလအဖြစ် ဧပြီ၊ မေ၊ ဇွန်လတွင် သတ်မှတ်ထားရှိပါကြောင်း၊ ကမ်းဝေးရာသီဖွင့်ကာလဖြစ်သည့် ဇူလိုင်လမှ မတ်လ အထိ ဘုတ်ပြင်း မြို့နယ်တွင် အလယ်မန်ကျွန်း၏ အနောက်ဘက်၊ အောင်ဘာလေ ကျွန်းအနီး၊ ပါဝယ် ကျွန်းအနီး၊ သင်္ကန်းကျွန်းအနီး၊ လငန်းကျွန်းအနီး၊ ကော့ရဲကြီးကျွန်း အနောက်ဘက်၊ လန်းပိကျွန်းအနီး၊ ကော့ရဲငယ်ကျွန်းနှင့်ဆင်ကျွန်းအကြားစသည့်နေရာများတွင် ကျွန်းစုမြို့နယ်၊ မင်းကြီးကျွန်း၊ ကျားကြီးအော်၊ ဒုံးပုလဲအော်၊ သမီးလှကျွန်း စတဲ့နေရာတွေမှာလည်းကောင်း တရားမဝင်ကမ်းနီး ဝင်ရောက်ငါးဖမ်းဆီးမှုများ အဓိကဖြစ်ပေါ်လျက်ရှိသဖြင့် အရေးယူ ဆောင် ရွက်ခဲ့မှုများရှိပါကြောင်း။

၂၀၂၁-၂၀၂၂ မှ ၂၀၂၅-၂၀၂၆ အထိ လိုင်စင်မဲ့တရားမဝင် ဖမ်းဆီးသော ပြည်တွင်းရေယာဉ် ၁၈၈ စီး၊ ပြည်ပရေယာဉ် ၉ စီး၊ စည်းကမ်းပျက်ရေယာဉ် ၁၉၃ စီး စုစုပေါင်း ၃၉၀ ကို အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း။

VMS Control Center များမှ စစ်ဆေးတွေ့ရှိချက်များအရလည်းကောင်း၊ တပ်မတော် (ရေ)နှင့် တပ်မတော်(ကြည်း)၊ တပ်ရင်း တပ်ဖွဲ့များမှ ဖမ်းဆီးရမိမှုများအရလည်းကောင်း တရား မဝင် စည်းကမ်းပျက်ငါးဖမ်းငါးသယ်ရေယာဉ်များအား အရေးယူဆောင်ရွက်ရာတွင် ထိရောက် သော ပြစ်ဒဏ်များချမှတ်နိုင်ရေး ဥပဒေရေးရာဝန်ကြီးဌာန၏ သဘောထား အကြံပြုချက် များရယူပြီး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေပါ အခန်း (၇)၊ ပုဒ်မ ၂၃ အရ ယခင်ချမှတ်ခဲ့သော ပြစ်ဒဏ်ထက် ပိုမို ထိရောက်သောပြစ်ဒဏ်များသတ်မှတ်ချက်များကို ၁၇-၇-၂၀၂၃ ရက်စွဲပါ ညွှန်ကြားချက် အမှတ် (၃/၂၀၂၃) ဖြင့် ထုတ်ပြန်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။

         မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေပါ ပုဒ်မ ၃၀ တွင် ပြဋ္ဌာန်းထားသည့် စစ်ဆေးရေးမှူး၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရ အဖွဲ့မှ တပ်မတော် (ကြည်း)၊ တပ်မတော်(ရေ)တို့အား ၁၀-၁၀-၁၉၉၁ ရက်စွဲပါ အမိန့် ကြော်ငြာ စာအမှတ် (၂၁/၁၉၉၁) ဖြင့်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်း အဝေး အမှတ် (၁/၂၀၂၄) ခွင့်ပြုချက်အရ အဆိုပါ အမိန့်ကြော်ငြာစာကိုပယ်ဖျက်ခဲ့ပြီးတော့ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေပုဒ်မ ၆၁ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)၊ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ် ၁ ဦးစီဖြင့် စစ်ဆေးရေးမှူး လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက် နိုင်ရေးအတွက် ၂၆-၂-၂၀၂၄ ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ် (၆၁/၂၀၂၄) ဖြင့် ထုတ်ပြန်တာဝန် ပေးအပ်ခဲ့ပြီး စနစ်တကျအရေးယူလျက်ရှိကြောင်း ၊ ၎င်းအပြင်မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေကို ခေတ်နှင့်အညီဖြစ်စေရေးအတွက် ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး အသစ်ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးအောင်လင်းလှိုင်(ဘုတ်ပြင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

၂၀၁၁-၂၀၁၅ ခုနှစ် ပြည်သူ့လွှတ်တော် ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် ဒုတိယအကြိမ်၊ အခုအချိန်အထိ ရှိနေဆဲ ဖြစ်သည့်အတွက်ကြောင့် ထိုသို့ဖမ်းဆီးခြင်းနှင့် လုံလောက်မှုရှိလား၊ မရှိလား၊ တကယ်လို့မရှိလျှင် မည်သို့ထပ်ပြီးနောက်နောင်တွင် မဖြစ်လာအောင် မည်သို့ လုပ်ရမလဲဆိုသည့်စီမံချက်မျိုးနှင့်တားဆီးမည်ဆိုသည့်အစီအစဉ်ထပ်မံပြီးရှိနိုင်လား၊မရှိနိုင်လားဆိုသည်ကို ဆက်စပ်မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲထွန်းဝင်း

ပင်လယ်ငါးဖမ်း လုပ်ငန်းဥပဒေ ပုဒ်မ ၃၀ တွင် ပြဋ္ဌာန်းထားသည့် အတိုင်းစစ်ဆေးရေး လုပ်ငန်းများဆောင်ရွက်သည့် အခါပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ် (/၂၀၂၄အရ စစ်ဆေးရေးမှူးလုပ်ပိုင်ခွင့်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ရေ)၊ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့မှ စစ်ဆေးရေးမှူးလုပ်ပိုင်ခွင့်များကျင့်သုံးဆောင်ရွက်နိုင်ရေး အတွက် ၂၆--၂၀၂၄ ရက် အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၂၄)နှင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ထိုသို့  စနစ်တကျ အရေးယူဆောင်ရွက်လျက်ရှိသည့်အတွက် ကြောင့် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တရားမဝင်ဆောင်ရွက်မှုများ၊ ဥပဒေမဲ့ဆောင်ရွက်မှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။