ဦးစန်းမြင့်(မြစ်သားမဲဆန္ဒနယ်)
ကူမဲမြို့-ရန်ကုန်-မန္တလေးလမ်းမှ ကင်းတားဆည်သို့ ဆက်သွယ်ထားသော ကတ္တရာလမ်းကြီး ပျက်စီး နေ၍ ထပ်ပိုးခင်းပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
ကူမဲ-ကင်းတား ၂၁ မိုင်လမ်းသည် ရန်ကုန်-မန္တလေးကားလမ်း၊ ကူမဲမြို့ အနီး ကင်းတားဆည် ဘက်စုံရေလှောင်တမံသို့ ဆက်သွယ်ဖောက်လုပ်ထားသည့်လမ်းဖြစ်ပါကြောင်း၊ ကင်းတားဆည် စီမံကိန်းမစတင်မီကပင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်ရှိ တချို့သောဒေသနှင့် မြစ်သားမြို့နယ်ကို ကုန်စည်ရောင်းဝယ်ဖောက်ကားသယ်ပို့ရာတွင် အသုံးပြုသည့် လမ်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဗဟိုချက်မ ဖြစ်သည့် ပြက္ခရွေတောင်နှင့် ရှေးဟောင်းယဉ်ကျေးမှု ကျောက်ခေတ်အမွေအနှစ်များရှိရာ ပြဒါးလင်းဂူသို့ သွားလာရသည့် လမ်းလည်းဖြစ်ပါကြောင်း၊ ကင်းတားဆည်စတင်ဖောက်လုပ်ပြီးသည့် ကာလရောက်ရှိမှသာ တည်ဆောက်ရေးပစ္စည်းများ သယ်ပို့ရန်၊ ဝန်ထမ်းများနှင့် တည်ဆောက်ရေး ယန္တရားများ သွားလာရန်နှင့် ဒေသခံပြည်သူများ အသုံးပြုနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းဖောက်လုပ်ခဲ့သည့် ဆည်မြောင်းပိုင်လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်း ကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁၂ မိုင်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၉ မိုင် စုစုပေါင်း ၂၁ မိုင်ကို ကတ္တရာလမ်း အဖြစ် ဆည်မြောင်းဦးစီးဌာနမှ အဆင့်မြှင့်တင် ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ကင်းတားဆည် ၂၁ မိုင်လမ်းသည် မြစ်သားမြို့နယ်၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေးအတွက် အသက်သွေးကြောပမာ အရေးကြီးပြီး အသုံးဝင်သည့် လမ်းမကြီး ဖြစ်ပါကြောင်း။
၎င်း ၂၁ မိုင်ကတ္တရာလမ်းကို ဆည်မြောင်းဦးစီးဌာန လုပ်ငန်းသုံးယာဉ်များ၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့ ၆ ဖွဲ့မှ တပ်မတော်ယာဉ်များ၊ ဒေသခံကျေးရွာ ၃၂ ရွာမှ ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ပို့ရေးစသည့် အသုံးပြုသည့်ယာဉ်များ၊ စီးပွားဖြစ် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်ထုတ်လုပ်သယ်ပို့သည့် ယာဉ်များ၊ ဂဝံမြေနှင့် မြစ်သဲထုတ်လုပ် သယ်ပို့သည့်ယာဉ်များ အများဆုံးအသုံးပြုခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အသုံးဝင်၍ တန်ဖိုးကြီး သော လမ်းလည်းဖြစ်ပါကြောင်း၊ သို့သော် ကင်းတားဆည် ၂၁ မိုင်လမ်းသည် ကတ္တရာခင်းပြီး ခေတ်ကာလရှည်လာသည့်နှင့်အမျှ ပျက်စီးလာခြင်း၊ အကြီးစားပြုပြင်ထိန်းသိမ်းမှု အားနည်း ခြင်း၊ ၂၀၂၄ ခုနှစ်၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် လမ်းပိုင်းရေကြီးရေဝင်မှုရှိခဲ့ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ ယခုအခါ လမ်းပိုင်းများ ပျက်စီးမှုရှိခဲ့ခြင်း ကြောင့် လမ်းကိုအသုံးပြုနေသည့် ဌာနဆိုင်ရာများအပါအဝင် ပြည်သူများ၏ ယာဉ်များသွားလာရေး သည် ခက်ခဲကြန့်ကြာမှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် အစိုးရဌာနဆိုင်ရာများအပါအဝင် ဒေသခံကျေးရွာပေါင်း ၃၂ ရွာမှ ပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့ ၆ ဖွဲ့မှ တပ်မတော်သားများ၊ ကုန်စည်သယ်ပို့မှုဆောင်ရွက်ကြသည့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် လမ်းအသုံးပြုရာတွင် ဘေးကင်းလုံခြုံချောမွေ့မြန်ဆန်စွာ ဆက်သွယ်သွားလာနိုင်ရေးအတွက် ကင်းတားဆည် ၂၁ မိုင်ကတ္တရာလမ်းကို အမြန်ဆုံးပြုပြင်၍ ကတ္တရာထပ်ပိုးခင်းပေးရန် အထူးအရေးကြီး လိုအပ်လျက်ရှိပါကြောင်း။
သို့ပါ၍ အဆိုပါကင်းတားဆည် ၂၁ မိုင်လမ်းအား ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအတွက်လည်းကောင်း၊ တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက်လည်းကောင်း၊ မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက် ပြက္ခရွေတောင်နှင့် ရှေးဟောင်းယဉ်ကျေးမှု ကျောက်ခေတ်အမွေအနှစ်ဖြစ်သည့် ပြဒါးလင်းဂူသို့သွားရာ အဓိကလမ်းမကြီးဖြစ်သောကြောင့် လည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့အဆင်ပြေစေရေးအတွက် ယင်းကင်းတားဆည် ၂၁ မိုင်ကတ္တရာလမ်းအား ပြုပြင်ပြီးကတ္တရာထပ်ပိုးခင်းပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အဆိုပါမေးခွန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ကူမဲမြို့ ရန်ကုန်-မန္တလေးလမ်းမကြီးမှ ကင်းတားဆည်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ၂၁ မိုင်ကတ္တရာ လမ်းကြီးသည် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကူမဲမြို့အနီးမှ ကင်းတားဘက်စုံရေလှောင်တမံသို့ ဆက်သွယ်ထားသောလမ်းဖြစ်ပြီး အရှည် ၂၁ မိုင်၊ အကျယ် ၁၈ ပေရှိသည့် ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ ကင်းတားစီမံကိန်းမတိုင်မီ ရှမ်းပြည်နယ်၊ ရွာငံဒေသနှင့် မြစ်သားမြို့နယ်တို့အား ကုန်စည်ရောင်းဝယ်ဖောက်ကားရာလမ်းအဖြစ် အသုံးပြုခဲ့ပါကြောင်း၊ စီမံကိန်းစတင်သည့်ကာလတွင် တည်ဆောက်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရန်နှင့် လုပ်ငန်းခွင်သို့ သွားလာနိုင်ရန်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စီမံ ကိန်းပြီးစီးသည့်ကာလမှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရေလှောင်တမံနှင့် ရေသောက်စနစ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအတွက်လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ရေအားလျှပ်စစ်စက်ရုံ ထိန်းသိမ်းလည်ပတ်ရေး လုပ်ငန်းများအတွက်လည်းကောင်း တမံအဝင် လမ်းအဖြစ် အသုံးပြုလျက်ရှိပါကြောင်း။
ထို့အပြင် ကူမဲ-ကင်းတားတမံလမ်းဘေးရှိ ကံဆည်၊ ကျီတိုင်၊ မောင်းကွေး၊ ရေအေးဆိပ်၊ ကံဆွယ်နှင့် မိုင်းမောစသည့် ကျေးရွာများမှ ပြည်သူများအပြင် သံချပ်ကာတပ်ရင်း အမှတ်(၂) အသက်မွေးမှု အတတ်ပညာသင်စခန်း၊ အမှတ်(၂) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထား ရေးတပ်တို့ အတွက် အရေးပါသည့်လမ်းမကြီးအဖြစ် အသုံးပြုလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် ကူမဲ-ကင်းတားတမံလမ်းအား ၂၀၁၃-၁၄ ဘဏ္ဍာနှစ်နှင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်များတွင် အကြီးစား ပြင်ပြင်မှုများဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာ နှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အထိ အပိုင်းလိုက် သာမန် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုသာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်များတွင် အကြီးစားပြင်ဆင်မှု ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အထိ အပိုင်းလိုက် သာမန်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါလမ်း၏ မိုင်တိုင် ၆ မိုင်မှ ၇ မိုင်အကြားတွင် အနီးပတ်ဝန်းကျင် ကျောက်တောင်များမှ မြစ်သားမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့ရှိ ကျေးရွာများသို့ ကျောက်ထုတ် လုပ်ငန်းအတွက် သယ်ယူပို့ဆောင်ခြင်း၊ ဂဝံမြေ များသယ်ပို့ခြင်း၊ ချောင်းရိုးထဲမှ သဲထုတ်ခြင်း လုပ်ငန်းများအတွက် အများဆုံးအသုံးပြုလျက်ရှိခြင်းကြောင့် တချို့နေရာများတွင် လမ်းမျက်နှာပြင် နိမ့်ကျ၍ ချိုင့်ခွက်များဖြစ်ပေါ်နေခြင်း၊ ကတ္တရာလမ်းများ ပေါက်ပြဲခြင်းတို့ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ ကွင်းဆင်းစစ်ဆေးမှုအရ ကူမဲမြို့မှ သဲဖြူချောင်းတံတားအထိ မိုင်တိုင်အစမှ ၇ မိုင် အတွင်းတွင် လမ်းအရှည် စုစုပေါင်း ၆ မိုင်၊ ၇ ဖာလုံ ခန့်သည် ပြုပြင်ရန်လိုအပ်လျက်ရှိပြီး ကျန် ၁၄ မိုင် လမ်းပိုင်းသည် ကောင်းမွန်လျက်ရှိကြောင်း၊ ပြုပြင်ရန်လိုအပ်သည့် ၆ မိုင်၊ ၇ ဖာလုံ ကို နှစ်အလိုက် ဆက်လက်ပြုပြင်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ကူမဲမြို့မှ ကင်းတားရေလှောင်တမံသို့ ဆက်သွယ်ဖောက်လုပ်ထားသော ၂၁ မိုင် ကတ္တရာလမ်းမကြီး ပြုပြင်ရန်လိုအပ်သည့် ၆ မိုင်၊ ၇ ဖာလုံကို လမ်းမျက်နှာပြင်အကျယ် ၁၈ ပေဖြင့် ကတ္တရာလမ်းအဖြစ် ပြုပြင်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၇-၂၈ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီးရန်ပုံငွေတွင် ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေး၍ တင်ပြတောင်းခံသွားမည် ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အရ အပိုင်းလိုက်ပြုပြင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။