ဒေါက်တာအောင်ကြီး(ကျိုက်လတ်မဲဆန္ဒနယ်)
မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေး၊ကုန်ဈေးနှုန်း ကျဆင်းရေးနှင့် ပြည်သူအများအသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားသည့်နိုင်ငံဖြစ်ပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြပါကြောင်း၊ ထို့ကြောင့် နိုင်ငံသား များ ၏တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုးရေး သည် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ရေလုပ်ငန်း ကဏ္ဍအပေါ်တွင် အဓိကတည်မှီနေကြောင်း ၊ စိုက်ပျိုးရေးသည် ရေ၊ မြေ၊ ရာသီဥတုနှင့် အချိန်ကာလ ကန့်သတ်ချက်များအပေါ်တွင် မူတည်နေပြီး မွေးမြူရေးမှာ ရာသီမရွေး အချိန်တိုတိုနှင့် စီးပွားဖြစ်ထွန်းနိုင်သည့်အတွက် မွေးမြူရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် အလေးထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် မွေးမြူရေး မှထွက်ရှိ သည့် အသား၊ နို့၊ ဥ စသည့် မွေးမြူရေးထွက်ကုန်များသည် ပြည်သူလူထု ကျန်းမာရေး အတွက် အာဟာရတန်ဖိုးမြင့်မားသည့်အပြင် အများပြည်သူကြိုက်နှစ်သက်သော ထွက်ကုန်များ ဖြစ်သည့် အတွက် မွေးမြူရေးဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူပြီးဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးထွက်ကုန်များဖြစ်သည့် အသား၊ နို့၊ ဥများ ကို ပြည်သူလူထု ပေါပေါများများစားနိုင်အောင် သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းနှင့်ဝယ်ယူနိုင် အောင်၊ မွေးမြူရေးသမားများ၏ဝင်ငွေတိုးတက်ပြီး လူနေမှုအဆင့် အတန်းမြင့်မားအောင်မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်ကို၎င်း၊ အထူးသဖြင့် ရေ၊ မြေ၊ တောတောင် ရာသီဥတု မတူကွဲပြားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မွေးမြူရေးဇုန်များ မည်သို့ အကောင်အထည်ဖော်ဆောင်ရွက် နေသည်ကို သိရှိလိုပါကြောင်းနှင့် အထူးသဖြင့် နိုင်ငံတော်အကြီးအကဲလမ်းညွှန်နှင့် စိုက်ပျိုးရေး နှင့် မွေးမြူရေး တွင် အခြေခံ ထားပြီး ဆောင်ရွက်ရမည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် အချက် ၄ ချက် နှင့် စပ်လျဉ်း၍ မွေးမြူရေးကဏ္ဍ တွင် မည်ကဲ့သို့လိုက်နာဆောင်ရွက်လျက်ရှိသည်ကို သိလိုပါ ကြောင်းဖြင့်မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ဒုတိယဝန်ကြီး၊ ဒေါက်တာရဲထွန်းဝင်း
စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၂၀၂၆-၂၀၃၀ အရ မွေးမြူရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေး အစီအမံကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း-
(က) တိရစ္ဆာန်ကာကွယ်ဆေးများ ထုတ်လုပ်ခြင်း၊ လိုအပ်ပါက ကာကွယ်ဆေးသစ်များ ဖော်ထုတ်ခြင်း၊ ဓာတ်ခွဲခန်းများကို GMP စံချိန်စံညွှန်းများနှင့်အညီ ပြင်ဆင်၍ ကာကွယ်ဆေးထုတ်လုပ်ခြင်း၊ ရောဂါစောင့်ကြည့်စစ်ဆေးခြင်းနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်း၊
(ခ) ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် တန်ဖိုးမြှင့်မွေးမြူရေး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် မွေးမြူရေးထုတ်ကုန်ပစ္စည်းဆိုင်ရာ စံချိန် စံညွှန်းများ ရေးဆွဲထားရှိပြီး၊ ပျားရည်၊ နို့စံချိန်စံညွှန်းများ ဆက်လက်ထုတ်ပြန်နိုင် ရေး ဆောင်ရွက်ခြင်း၊
(ဂ) မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊
(ဃ) တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးဆိုင်ရာ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်(GAHP) လမ်း ညွှန်ချက်များပြုစုခြင်းနှင့် လက်တွေ့လိုက်နာကျင့်သုံးခြင်း၊
(င) ကျေးလက်ဒေသ တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျေးရွာအခြေပြု တိရစ္ဆာန် ကျန်းမာရေးလုပ်သားများ ပေါ်ထွက်လာရေး အားပေးဆောင်ရွက်ခြင်း၊
(စ) စားကျက်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိစားကျက်မြေကို စနစ်တကျပြန် လည် တိုင်းတာ၍ စားကျက်မြေများ ပြန်လည်ဖော်ထုတ်ခြင်း၊ နေပီယာနှင့် ပဲရင်း မျိုးဝင် အာဟာရမြင့် စားကျက်မျိုးစေ့/ပျိုးပင်များအား တောင်သူများထံ ဖြန့်ဝေ စိုက်ပျိုးခြင်း၊ အစာရှားပါးချိန်တွင် မြက်ချဉ်ဖတ်နှင့် မြက်ခြောက်ပြုလုပ်နည်း စနစ် များကို လက်တွေ့ သင်ကြားပေးခြင်း၊
(ဆ) အသေးစားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသမျိုးရင်းကြက်၊ ဘဲ၊ ဝက်၊ ဆိတ်များကို စနစ်တကျမွေးမြူနိုင်ရန် ဇီဝလုံခြုံမှုရှိသော မွေးမြူရေး စံပြကွက်များ တည်ထောင်ပြသခြင်း၊ ဒေသအစာကုန်ကြမ်းများကို အခြေခံသည့် အာဟာပြည့်ဝသောအစာဖော်စပ်နည်းနှင့်စနစ်တကျကျွေးမွေးမှုဆိုင်ရာနည်းပညာရပ်များနှင့်သက်ဆိုင်သောလက်စွဲစာစောင်များကိုတောင်သူများလက်ဝယ် ရောက်အောင် ဖြန့်ဝေခြင်း၊
(ဇ) ပျားရည်နှင့် ပျားထွက်ပစ္စည်းများ အရည်အသွေးမီ ထွက်ရှိစေရန်နှင့် စိုက်ပျိုးသီးနှံ များ ဝတ်မှုန်ကူးခြင်းကို အထောက်အကူပြုစေရန် ခေတ်မီပျားမွေးမြူရေး နည်းပညာ များ သင်တန်းပို့ချခြင်း၊
(ဈ) နို့စားနွားမွေးမြူထုတ်လုပ်ခြင်းတွင် မျိုးရိုးဗီဇမြှင့်တင်ထားသော အရည်အသွေးမြင့် မျိုးရည်ခဲချောင်းများကို အသုံးပြု၍ မေထုန်မဲ့သားစပ်ခြင်းကြောင့် နို့ထွက်နှုန်းမြင့်မား သော မျိုးဆက်သစ်နွားမတမ်းများ တိုးပွားစေခြင်း၊ ခေတ်မီနို့စစ်ဆေးရေး ကိရိယာ များ ဖြင့် အအေးပေးစနစ်များ တပ်ဆင်ထားသည့် နို့စုဆောင်းရေးစင်တာများ တည် ထောင်ခြင်း၊ နို့စားနွားမွေးမြူရေးအတွက် လိုအပ်သော ခေတ်မီစက်ကိရိယာ များ၊ နည်းပညာများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများကို တောင်သူများ လက်ဝယ် သို့ ဖြန့်ဝေပေးခြင်း။
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥ များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် တင်ပြပါအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း-
(က) တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အသားကဏ္ဍထုတ်လုပ်မှုနှင့် စားသုံးမှုကို ခန့်မှန်း နိုင်ရန်နှင့် ဒေသတွင်း မွေးမြူထုတ်လုပ်မှုအခြေအနေနှင့် စားသုံးမှုအား ချိန်ညှိရန် ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေစာရင်းနှင့် အသားစားသုံးမှုစစ်တမ်းများ ကောက်ယူ ခြင်း၊ နို့နှင့်နို့ထွက်ပစ္စည်း ပိုမိုထုတ်လုပ်နိုင်ရန်အတွက် နို့စားနွား ၆၆,၀၀၀ တိုးချဲ့ မွေးမြူရေး စီမံဆောင်ရွက်လျက်ရှိခြင်း၊
(ခ) မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ တိုးပွားရေးအတွက် မေထုန်မဲ့သားစပ်လုပ်ငန်း ဆောင်ရွက်ခြင်း၊ ပြည်တွင်း၌ အသားတိုးဝက်ပေါက်၊ ဥစားကြက်ပေါက်၊ အသားတိုး ကြက်ပေါက်၊ ဥစားဘဲပေါက်များထုတ်လုပ်ခြင်းနှင့် ပြည်ပမှဘိုးဘွားမျိုးရိုမိဘ မျိုးရိုး တင်သွင်းနိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ အဖွဲ့ အစည်း များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ညှိနှိုင်းချိတ်ဆက် ပူးပေါင်း ဆောင်ရွက် ခြင်း။
(ဂ) မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ များပြားလာစေရေး၊ မျိုးတိရစ္ဆာန်များရရှိရေး၊ အစာ ကုန်ကြမ်းများ ပြည်တွင်းမှလုံလောက်စွာရရှိနိုင်ရေး၊ ဈေးကွက်စနစ် ကောင်းမွန်ရေး တို့အတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ) တိရစ္ဆာန်များ၏ အသား၊ နို့၊ ဥထုတ်လုပ်နိုင်စွမ်းမြင့်မားရန်အတွက် မျိုးကောင်း မျိုးသန့်များမွေးမြူ၍ လုံလောက်သည့်အစာအာဟာရ ဖြည့်ဆည်းပေးရန် လိုအပ်ပါ သဖြင့် အရည်အသွေးမြင့် အစာနှင့်ဆေးဝါးများကို အသုံးပြု၍ မွေးမြူထုတ်လုပ်ရန် ပုဂ္ဂလိကကဏ္ဍနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း၊
(င) နေပြည်တော်ဗဟိုပြု မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်တွင် စိုက်ပျိုး ရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပြီး အထူး ဖွံ့ဖြို ရေးဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ သိုး၊ ဆိတ်၊ အသားတိုးဝက်၊ ဥစားကြက်၊ ဒေသကြက် တိုးချဲ့မွေးမြူရေး၊ နို့နှင့် နို့ထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊
(စ) စီးပွားဖြစ်မွေးမြူသူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဝန်ကြီးဌာန၏ အရင်းမပျောက်မတည်ငွေဖြင့်အတိုးနှုန်းသက်သာစွာဖြင့်ထုတ်ချေးပေးပြီးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တစ်ပိုင်တစ်နိုင်မွေးမြူသူများ အတွက်မြစိမ်းရောင် (အသားကဏ္ဍ)ကျေးရွာများထူထောင်ပေးခြင်း၊သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကြီးများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အရင်းမပျောက်မတည်ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းဒေသများတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှအရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်းနှင့် ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသား ထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေး၊ ကုန်ဈေးနှုန်း ကျဆင်း ရေးနှင့် ပြည်သူအများ အသား၊ နို့၊ ဥများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ ပါသည်။