ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)
အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထားမြေတွင် တည်ဆောက်ထားသော ဘောလုံးကွင်းအား အားကစား ဝန်ကြီးဌာနမှ အခမဲ့မြေလွှဲပေးရန် လျှောက်ထားလာပါက လွှဲပြောင်းပေးရန် အစီအစဉ်ရှိ မရှိ သိရှိလို ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အင်းစိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့နယ်တစ်မြို့နယ် ဖြစ်သော်လည်း ယနေ့အချိန်ထိ အားကစားရေးရာဝန်ကြီးဌာနပိုင် ဘောလုံးကွင်းတစ်ခု ခိုင်ခိုင်မာမာတည်ရှိခြင်း မရှိသောကြောင့် အားကစားရေးရာဝန်ကြီးဌာနပိုင် ဘောလုံးကွင်းအဖြစ် အခမဲ့လွှဲပြောင်းခွင့်ရရှိရေး မိမိအနေဖြင့် အချက် ၃ ချက်ဖြင့် အကျဉ်းချုပ်တင်ပြသွားမည်ဖြစ်ပါကြောင်း၊ လက်ရှိဘောလုံးကွင်းသည် မြန်မာ့မီးရထား အမည်ပေါက် ဘောလုံးကွင်းဖြစ်ပြီး ၁၉၉၃-၉၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဘောလုံးကွင်းဧရိယာ အလျား ၁၁၀ မီတာ x အနံ ၇၅ မီတာဖြင့် ဖောက်လုပ်ထားပြီး အလျား ၃၇ မီတာ x အနံ ၁၄ မီတာ x အမြင့် ၉ မီတာ ပွဲကြည့်စင်တစ်ခု၊ Transformer တစ်လုံး၊ ဈေးဆိုင်ခန်းတစ်ခန်း၊ အလေးမရုံတစ်ရုံ၊ ခန်းမငယ်တစ်ခုတည်ရှိပြီး ဟံသာဝတီယူနိုက်တက်ဘောလုံးအသင်းက မြန်မာ့မီးရထားထံမှ ငှားရမ်း သုံးစွဲလျက်ရှိပါကြောင်း၊ ခရိုင်အဆင့် ဘောလုံးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများအလိုက် ကျင်းပသော အားကစားပွဲစဉ်များကို မြန်မာ့မီးရထားထံမှ ခွင့်တောင်း၍ ကျင်းပရသောကြောင့် ဘောလုံးကွင်း အားလပ်သည့်အချိန်မှသာ ကစားပွဲများကို ကျင်းပနိုင်သည့် အခြေအနေရှိနေပါကြောင်း၊ ဌာနပိုင်မြေ မဟုတ်သောကြောင့် ပွဲကြည့်စင်နှင့် အားကစားကွင်းပြင်ဆင်ရန် ခွင့်ပြုရန်ပုံငွေမရရှိနိုင်သောကြောင့် ခရိုင်အဆင့်နှင့် လျော်ညီစွာ ပြင်ဆင်မွမ်းမံထိန်းသိမ်းနိုင်ခြင်း မရှိပါကြောင်း။
အင်းစိန်ခရိုင်တွင် အိမ်ခြေ၊ အိမ်ထောင်စု၊ လူဦးရေစုစုပေါင်း ၇၂၅,၄၅၂ ဦး နေထိုင်လျက်ရှိပြီး အင်းစိန်မြို့နယ်မှ ထူးချွန်ဘောလုံးအားကစားသမားများ ပေါ်ထွက်ခဲ့ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်းနှင့် ၁၉၀၀ ပြည့်နှစ်ဝန်းကျင်တွင် မြန်မာ့လက်ရွေးစင်အသင်း အာရှတွင် ဘုရင်ဖြစ်ခဲ့သည့် ခေတ်က ကွင်းလယ်ဗိုလ်ချုပ်ဟု တင်စားလောက်အောင် ထူးချွန်ခဲ့သည့် ကွင်းလယ်ကစားသမားကြီး ဦးအေးမောင်ကြီး၊ ဂိုးသမား ဦးတင်အောင်(အော်တိုတင်အောင်)၊ တိုက်စစ်မှူး မျိုးညွန့် (အင်းစိန် မျိုးညွန့်)၊ နောက်ခံလူ မောင်မောင်တင်(အင်းစိန်မောင်မောင်တင်) ယနေ့ခေတ်တွင် ရန်အောင်ကျော်၊ ကွင်းလယ်အားကစားသမား၊ မျိုးဝင်းထွန်း၊ ကွင်းလယ်အားကစားသမား နည်းပြတို့ဖြစ်ပါကြောင်း၊ အင်းစိန်မြို့နယ်သည် ရန်ကုန်တွင် အရေးပါသည့် မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါကြောင်း၊ လွတ်လပ် ရေးရပြီးစ မြန်မာနိုင်ငံ ပြိုခဲ့လုနီးပါးဖြစ်နေသည့်အခြေအနေ၌ အင်းစိန်တိုက်ပွဲတွင် အင်းစိန်မြို့ကို အခြေပြုပြီး ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ရန်ကုန်မကျသည့်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်လည်း လွတ်လပ်ရေးမဆုံးရှုံးခဲ့ရပါကြောင်း၊ ထို့ကြောင့် အင်းစိန်သည် နိုင်ငံရေး ဖြစ်စဉ်နှင့်စပ်လျဉ်း၍ သမိုင်းကြောင်းရှိခဲ့သည့် မြို့နယ်တစ်မြို့နယ်လည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အင်းစိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့နယ်တစ်မြို့နယ်ဖြစ်သကဲ့သို့ ဘောလုံးသမိုင်းနှင့် နိုင်ငံရေး ဖြစ်စဉ်များတွင်လည်း ထင်ရှားခဲ့သည့် မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး မြို့နယ်တွင် အားကစားရေးရာ ဝန်ကြီးဌာနပိုင် ဘောလုံးကွင်းတစ်ခု ယနေ့တိုင်မရှိသည်မှာ သမိုင်းဖြစ်စဉ်နှင့်မကိုက်ညီသော မြို့နယ် တစ်မြို့နယ်အဖြစ် အားကစားဝါသနာရှင် ပြည်သူများမှလည်း ခံစားနေကြရပါကြောင်း။
အားကစားရေးရာဝန်ကြီးဌာနပိုင် ဘောလုံးကွင်းတစ်ခုဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြံဆ ရာတွင် ၁၀ ဧကကျယ်ဝန်းသည့် မြေနေရာသည် အင်းစိန်မြို့နယ်၌ မရှိပါကြောင်း၊ ဤကဲ့သို့ လွှဲပြောင်း ပေးလိုက်ခြင်းသည်လည်း နိုင်ငံတော်ဘတ်ဂျက်မှ ဘီလီယံချီ၍ မကုန်ကျနိုင်အောင် သက်သာခြင်း၊ မြေနေရာရှိသည့် ဝန်ကြီးဌာနများမှ လွှဲပြောင်းပေးနိုင်ရန် ဖြစ်နိုင်သည့်အခြေအနေကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပါ၍ အားကစား အဆင့်အတန်းမြင့်မားတိုးတက်စေရေးအတွက် အင်းစိန်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင် သာယာ(အနောက်ပိုင်း)မြို့နယ်တို့မှ အားကိုးအားထားပြုနိုင်သည့် အားကစားကွင်းသစ်ကြီး အင်းစိန် မြို့နယ်တွင် အားကစားရေးရာဝန်ကြီးဌာနပိုင် ဘောလုံးကွင်းတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် အားကစားရေးရာဝန်ကြီးဌာနမှ ဘောလုံးကွင်းအဖြစ် အသုံးပြုနေသော မီးရထားပိုင်မြေအား အခမဲ့ လွှဲပြောင်းပေးရန် လျှောက်ထားပါက မြန်မာ့မီးရထားမှ လွှဲပြောင်းပေးရန်အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က
မြန်မာ့မီးရထား၏ အင်းစိန်ဘောလုံးကွင်းကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန် မြို့နယ်၊ ဈေးကုန်းအရှေ့ရပ်ကွက်၊ ဗဟိုလမ်းဘေးရှိ မြန်မာ့မီးရထားပိုင်မြေ အကျယ်အဝန်း ၄.၆၅ ဧက ပေါ်မှာ ၁၉၉၃-၁၉၉၄ ခုနှစ်မှစပြီး အကျယ်အဝန်း အလျား ၁၁၀ မီတာ x အနံ ၇၅ မီတာရှိသည့် ပြေးလမ်းအပါအဝင် ဘောလုံးကွင်းတစ်ကွင်း၊ အကျယ်အဝန်း အလျား ၃၇ မီတာ x အနံ ၁၄ မီတာ x အမြင့် ၉ မီတာရှိ ပွဲကြည့်စင်တစ်ခု၊ ဝန်ထမ်းနေအိမ်နှစ်လုံး၊ အလေးမရုံတစ်ရုံ၊ ခန်းမတစ်ခန်း၊ ဈေးဆိုင် ခန်းတစ်ခန်းနှင့် Transformer တစ်လုံးတို့ကို တည်ဆောက်ထားပါကြောင်း၊ အင်းစိန်မြို့နယ်တွင် အင်းစိန်ဘူတာနှင့် အင်းစိန်ဘူတာယာဒ်ဝင်း၊ မြို့ပတ်ဒီဇယ်စက်ခေါင်းစက်ရုံ၊ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (အင်းစိန်)၊ ခုတင် ၅၀ ဆံ့မီးရထားဆေးရုံ၊ ဝန်ထမ်းလိုင်းခန်း ၁,၆၂၂ ခန်းတွင် မြန်မာ့မီးရထားဝန်ထမ်း နှင့် မိသားစုဝင်များ ၅,၀၀၀ ကျော်ခန့်နေထိုင်လျက်ရှိပြီး ဝန်ထမ်းနှင့်မိသားစုဝင်များမှ ဘောလုံး အားကစား သမားများပေါ်ထွန်းလာစေရေး ယခင်ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဘောလုံးအသင်း၏ လေ့ကျင့်ရေးကွင်းနှင့် အိမ်ကွင်းအဖြစ်ဘောလုံးပွဲများ လက်ခံကျင်းပနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံများမှ နေ့ထူးနေ့မြတ်များတွင် ဝန်ထမ်းများအတွက် အားကစားပြိုင်ပွဲများ၊ ပျေိာ်ပွဲရွှင်ပွဲအခမ်းအနားများ ကျင်းပနိုင်ရေးကိုရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
လက်ရှိတွင် မြန်မာ့မီးရထားမှကျင်းပသည့် နေ့ထူးနေ့မြတ်များတွင် ဝန်ထမ်းများ၏ အားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားများကျင်းပခြင်း၊ ဌာနဆိုင်ရာများနှင့် လူမှုရေး၊ ဘာသာရေးအသင်း အဖွဲ့များ၏ အားကစားပြိုင်ပွဲများ၊ အခမ်းအနားများကို အခမဲ့ခွင့်ပြုဆောင်ရွက်ပေးခြင်းနှင့် ဟံသာဝတီ ယူနိုက်တက်ဘောလုံးအသင်းကို လေ့ကျင့်ရေးကွင်းအဖြစ် ငှားရမ်းခ တစ်နှစ်လျှင် ကျပ် သိန်း ၄၀၀ ဖြင့် ငှားရမ်းခွင့်ပြုထားသဖြင့် ဌာနမှ ဝင်ငွေရရှိလျက်ရှိပါကြောင်း၊ အင်းစိန်မြို့နယ်သည် ခရိုင်ရုံးစိုက်ရာ မြို့နယ်တစ်ခုဖြစ်သလို မြန်မာ့မီးရထားသမိုင်းတွင် အရေးပါသည့် မီးရထားနယ်မြေ မြို့တစ်မြို့ဖြစ်ပါ ကြောင်း၊ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ(အင်းစိန်)ကို ၁၈၇၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၅၀ ကျော်ပြီဖြစ်ပါကြောင်း၊ ၎င်းဘောလုံးကွင်းကို တည်ဆောက်ခဲ့သည့် အချိန်က ၂၀၁၀ ခုနှစ်အထိ မြန်မာမီးရထားမှ ခေတ်အဆက်ဆက် ထူးချွန်အားကစားသမားများ ပေါ်ထွက်ခဲ့ပြီး အလေးမအားကစား တွင် စုစုပေါင်း ပြည်တွင်းပြည်ပ ရွှေ ၈၂ ခု၊ ငွေ ၉၂ ခု၊ ကြေး ၇၅ ခုထိ ရရှိခဲ့ပါကြောင်း၊ ထို့အပြင် လက် ရွေးစင်ဘောလုံးသမားများလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများမှ ဘောလုံးအားကစားနှင့် အခြားသောအားကစားများ လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေး မွေးထုတ်ပေးရန် အင်းစိန်ဘောလုံးကွင်းသည် အရေးပါနေသဖြင့် မြန်မာ့မီးရထားပိုင်အဖြစ် ဆက်လက်ထားရှိပြီး အင်းစိန်ခရိုင်နှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပမည်ဆိုပါက အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထားပိုင်ဘောလုံးကွင်းအား အားကစားရေးရာဝန်ကြီး ဌာနမှ အခမဲ့လွှဲပြောင်းပေးပါက ရယူလိုကြောင်း ဖြေကြားထားသော်လည်း မြန်မာ့မီးရထားဝန်ထမ်းများ နှင့် မိသားစုဝင်များ ဘောလုံးအားကစားနည်းအပါအဝင် အားကစားလေ့ကျင့်မှုများ ဆောင်ရွက်နိုင်ရေး နှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားများ ကျင်းပပြုလုပ်ရေးအတွက် တည်ဆောက်ထား ခြင်းဖြစ်၍ အားကစားရေးရာဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် အင်းစိန်ခရိုင်နှင့် မြို့နယ်အဆင့်အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဆိုပါက အခမဲ့အသုံးပြုခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးငြိမ်းထွေး(အင်းစိန်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အားကစားရေးရာဝန်ကြီးဌာနပိုင်အဖြစ် အခမဲ့လွှဲပြောင်းပေးနိုင်ခြင်း မရှိပါက အားကစား ပြက္ခဒိန် အလိုက် ဆောင်ရွက်နေသော ပွဲစင်များအတွက် သီးသန့်အချိန်ထားပြီး အားကစားရေးရာဝန်ကြီးဌာန အတွက် မြေနေရာပေးအပ်ထားနိုင်ရေး ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းခဲ့ပါသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင် က
မြေနေရာပေးနိုင်မှုနှင့်စပ်လျဉ်း၍ အင်းစိန်မြို့နယ်၊ မီးရထားနယ်မြေတွင် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။