ဦးအောင်နိုင်(ဝေါမဲဆန္ဒနယ်)
ဝေါမြို့နယ်အတွင်းရှိ ထိန်တပင်-ဝင်းကဒက်ချောင်း ၁၇/၄ မိုင် ပြန်လည်တူးဖော်ခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
ဝေါမြို့နယ်တွင် လက်ရှိ စပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ မိုးစပါး ၁၇၅,၇၇၀ ဧကရှိပြီး နွေစပါး ခန့်မှန်း ၁၇,၅၀၀ ဧကခန့် လျာထားပါကြောင်း၊ ဝေါမြို့နယ်အနေအထားသည် ပဲခူး စစ်တောင်းတူးမြောင်းလည်း ဝေါမြို့နယ်အတွင်းဖြတ်၍ ဖောက်လုပ်ထားလျက်ရှိပါကြောင်း၊ မိုးယွန်း ကြီးအင်းနှင့်လည်း ဆက်စပ်နေပြီး နွေစပါးအတွက် ရေပေးဝေနေသည့်ကိစ္စများသည် သနပ်ပင် မြို့နယ်ချောင်းများထဲတွင် ဝေါမြို့နယ်ချောင်းများနှင့်လည်း ဆက်စပ်နေသည့် ချောင်းများပါကြောင်း၊ မိုးယွန်းကြီးဘေးမဲ့အင်းမှ ချပေးသည့် ရေနှင့် နွေစပါးစိုက်ပျိုးသည့် နေရာတွင် အသုံးပြုသည့် ချောင်း၊ မြောင်းများဖြစ်ပါကြောင်း၊ မိမိတင်ပြမည့် ထိန်တပင်-ဝင်းကဒက် ချောင်းသည် အရှည် ၁၇ မိုင်၊ ၄ ဖာလုံရှိပြီး စစ်တောင်းမြစ်နှင့် ပဲခူး-စစ်တောင်း တူးမြောင်းကို ဆက်စပ်နေသည့် ချောင်းဖြစ်ပါ ကြောင်း၊ အဆိုပါချောင်းထဲသို့ ပဲခူး-စစ်တောင်းတူးမြောင်းမှ ချောင်းငယ် နှစ်ခု လာပေါင်းစည်းပြီး စစ်တောင်းမြစ်ထဲသို့ ရေထုတ်လွှတ်နေသည့် ချောင်းဖြစ်ပါကြောင်း၊ ပထမချောင်းသည် ဝေါမြို့နယ်၊ ဝိုင်ရိုးဆိုသည့် ချောင်းတစ်ချောင်းနှင့်သနပ်ပင်မြို့နယ်၊ ရေတံခါးမှ ဆင်းလာသည့် သနပ်ပင်မြို့နယ်၊ ကျုံပါ ချောင်းဝအနီးမှ ဝေါမြို့နယ်၊ ကျုံရဲ့ကျေးရွာအနီးတွင် လာပေါင်းဆုံသည့် ချောင်းတစ်ချောင်း၊ အဆိုပါ ချောင်းနှစ်ချောင်းကလည်း ထိန်တပင်-ဝင်းကဒက်ချောင်းထဲသို့ ပေါင်းစည်းသည့် ချောင်းဖြစ် ပါကြောင်း၊ ချောင်းနှစ်ချောင်းပေါင်းသည့်ရေအားကို ထိန်တပင်-ဝင်းကဒက်ချောင်းတွင်သာ ရေထုတ် နုတ်နေရသည့် အနေအထားရှိပါကြောင်း၊ နောက်တစ်ခု ၎င်းချောင်းသည် စစ်တောင်းမြစ် ရေဝင်၊ ရေတက် ဆက်စပ်နေပြီး ရေတက်လာလျှင် နုန်းများပါပြီး ရေပြန်ဆင်းလျှင် နုန်းများ ကျန်ခဲ့ကြောင်း၊ နှစ်စဉ်ဖြစ်နေသည့်အတွက် ချောင်းကောနေခြင်း ဖြစ်ပါကြောင်း၊ ရေငန်ကိစ္စနှင့်စပ်လျဉ်း၍ ရေတံခါး လိုအပ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်ရော၊ ဝန်ကြီးဌာနကိုရော ဘတ်ဂျက်အနေအထားအရ နားလည်ပါကြောင်း၊ ရေတံခါးပါတွဲပြီး တစ်ခါတည်းတင်မည်ဆိုလျှင် ဘတ်ဂျက်များ သိပ်များ နေမည်ဖြစ်၍ ချောင်းတူးရန်သာ တင်ပြခြင်းဖြစ်ပြီး နောက်ပိုင်း ရေတံခါးသည် မဖြစ်မနေ လုပ်ရမည့် အနေအထားရှိပါကြောင်း၊ မိမိတို့တွင် ရေတံခါးနှင့်စပ်လျဉ်း၍ ရေငန်တားရန် မြစ်ကျိုးရေတံခါးနှင့် ရှမ်းကိုင်းရေတံခါးရှိပါကြောင်း၊ အဆိုပါဝင်းကဒက်ရေတံခါးသည် ရေငန်တားရန်အတွက် အင်မတန် လုံလောက်သည့်အနေအထားရှိကြောင်း၊ ၁၇ မိုင်၊ ၄ ဖာလုံ၏ အနေအထားကလည်း လယ်ဧက ၅၅၀၀ ကို အကျိုးပြုနေပါကြောင်း၊ ရေထုတ်နုတ်ခြင်း၊ နွေစပါးအတွက် မိုးယွန်းကြီးအင်းမှ ရေလွှတ်ခြင်းများကိုပါ သနပ်ပင်မြို့နယ်အထိ ဝေါမြို့နယ်တွင် အခြေခံချောင်း၊ မြောင်းများမှ အခြားမြို့နယ်များပါ အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ထို့ကြောင့် လက်ရှိ ၁၇ မိုင်၊ ၄ ဖာလုံ ရှည် သည့် ထိန်တပင်-ဝင်းကဒက်ချောင်းအား နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည့်အတွက် ပြန်လည် တူးဖော်ရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၎င်းချောင်းကို လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်တွင် ပြန်လည်တူးဖော်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် က
အဆိုပါမေးခွန်းအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနမှ ပဲခူးတိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ထိန်တပင်-ဝင်းကဒက်ချောင်းသည် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဝေါမြို့နယ်အတွင်းတည်ရှိပြီး အဗျား-ရှမ်းကိုင်း ချောင်းမှတစ်ဆင့် ဘုရားပျိုကျေးရွာအုပ်စု၊ ထိန်တပင်ကျေးရွာအုပ်စု၊ ကမာကဘန်ကျေးရွာအုပ်စု၊ ဘိုကတော်ကျေးရွာအုပ်စု၊ ကျုံရဲ့ကျေးရွာအုပ်စု၊ ကဒွတ်ကျေးရွာအုပ်စုနှင့် ဝင်းကဒက်ကျေးရွာ အုပ်စုများရှိ လယ်ယာမြေ ၂၅,၆၀၀ ဧကကို ဖြတ်သန်းစီးဆင်းပြီး စစ်တောင်းမြစ်အတွင်းစီးဝင်ပြီး အလျား ၁၇ မိုင်၊ ၄ ဖာလုံ ရှည်လျားသည့် ချောင်းတစ်ခုဖြစ်ပါကြောင်း၊ ဝေါမြို့နယ်အတွင်း ရေကြီး ရေလျှံမှုလျှော့ချနိုင်ရန်အတွက် ပဲခူး-စစ်တောင်းတူးမြောင်း၊ အဗျား-ရှမ်းကိုင်းချောင်းနှင့်ထိန်တပင်-ဝင်းကဒက်ချောင်းတို့မှ ရေကောင်းမွန်စွာ ထုတ်နုတ်နိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါ ပင်မရေနုတ် မြောင်းကြီး ၃ ခုအနက် ပဲခူး-စစ်တောင်းတူးမြောင်းတွင် မြစ်ကျိုးရေတံခါး၊ အဗျား-ရှမ်းကိုင်းချောင်း တွင် ရှမ်းကိုင်းရေတံခါး တည်ဆောက်ထားသည့်အတွက် ပင်လယ်ဒီရေတက်လာသည့်အခါ ဒီရေနှင့် အတူပါလာသော သဲနုန်းများကို ရေတံခါးမှ တားဆီးနိုင်သဖြင့် ချောင်းတစ်လျှောက် သဲနုန်းပို့ချမှု နည်းပါးပါကြောင်း၊ ထိန်တပင်-ဝင်းကဒက်ချောင်းတွင် ရေငန်တားရေထိန်တံခါး တည်ဆောက်ခြင်း မရှိသည့်အတွက် သဲနုန်းများ ချောင်းတစ်လျှောက် ပို့ချ၍ ချောင်းတိမ်ကောမှုများ ဖြစ်ပေါ်လျက် ရှိပါကြောင်း။
ထိန်တပင်-ဝင်းကဒက်ချောင်း တိမ်ကောနေ၍ ကျေးရွာအုပ်စု ၇ အုပ်စုရှိ လယ်မြေဧရိယာ ၉,၅၀၀ ဧကခန့် ရေကြီးနစ်မြုပ်ခြင်း၊ သီးနှံများပျက်စီးခြင်း၊ သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ စိုက်ဧက လျော့နည်းခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် ချောင်းတူးဖော်ခြင်းနှင့် ရေငန်တားရေထိန်းတံခါး တစ်ခုတည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ထိန်တပင်-ဝင်းကဒက်ချောင်းကို ပျမ်းမျှအောက်ခြေအကျယ် ၂၃ ပေနှင့် အနက် ၈ ပေ ရရှိအောင်တူးဖော်ရန် လိုအပ်လျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးမြေဧရိယာ ၉,၅၀၀ ဧကခန့်အား ရေကြီးနစ်မြုပ်မှုမှ လျော့နည်း သက်သာစေမည့်အပြင် နွေစပါးစိုက်ပျိုးချိန်တွင်လည်း ရေချိုသိုလှောင်ပြီး စိုက်ပျိုးမြေ ဧရိယာ ၈၀၀ ခန့် ရေရယူစိုက်ပျိုးလုပ်ကိုင်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝေါမြို့နယ် အတွင်းရှိ ထိန်တပင်-ဝင်းကဒက်ချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေ သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရေတံခါးတည်ဆောက်ခြင်း လုပ်ငန်းများအတွက်လည်း အသေးစိတ် စူးစမ်းလေ့လာခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီး ဆက်လက်လျာထား စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။