ဒေါက်တာအောင်ကြီး (ကျိုက်လတ်မဲဆန္ဒနယ်)
ရေထွက်ပစ္စည်းများ တိုးချဲ့မွေးမြူမည့် စီမံချက်၊ တန်ဖိုးမြှင့်ပစ္စည်း(Value Added) ပြုလုပ်မည့် အစီအစဉ်နှင့် ဘဏ္ဍာရေးနှစ်တစ်နှစ်ချင်း ထုတ်လုပ်မှုလျာထားချက်၊ ငါးနှစ်တစ်ကြိမ် ထုတ်လုပ်မှု အစီအမံ စသည်တို့အား မည်သို့တိုးချဲ့ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုး တိုးတက်ရေးမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပိုမိုထုတ်လုပ်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပကိုတင်ပို့ရောင်းချခြင်းဖြင့် ပြည်ပဝင်ငွေပိုမိုရရှိအောင် ဆောင်ရွက်ရန် အထူးအရေးကြီးပါ ကြောင်း၊ လက်ရှိအခြေအနေသည် နိုင်ငံတော်မှ ရေလုပ်ငန်းကဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်၊ ကဏန်း များကို ပြည်ပသို့ တင်ပို့ရောင်းချခြင်းဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါလာ သန်း ၇၀၀ ခန့် ရရှိနေပါကြောင်း၊ ရေလုပ်ငန်းမှ ရရှိသည့်ဝင်ငွေသည် အဓိကအားဖြင့် ဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်မှ ရရှိခြင်းဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံသည် မြစ်ကြီး ၅ သွယ်၊ မြစ်ငယ် ၅၀၀ ဆိုသလို နိုင်ငံတစ်လျှောက် မြောက်မှ တောင်သို့ ဖြတ်သန်းစီးဆင်းလျက်ရှိသည့် မြစ်ကြီး ၄ သွယ်အပြင် ချောင်း၊ မြောင်းပေါများသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ တည်ရှိသည့်နိုင်ငံဖြစ်ပါကြောင်း၊ ဖမ်းဆီးရရှိသည့် ငါး၊ ပုစွန်သည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသည်ကို သုတေသနပြုချက်များအရ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သဘာဝသယံဇာတများကိုသာ ရသလောက်ဖမ်းစီးနေခြင်းထက် မွေးမြူရေးကဏ္ဍကို တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိငါးမွေးမြူရေးဧရိယာ ၃၃,၂၅၇ ဧက၊ ပုစွန်မွေးကန် ၁၄၀,၀၀၀ ဧကနှင့် ကဏန်း ၂,၄၉၁ ဧက စုစုပေါင်း ၄၇၅,၀၁၁ ဧက မွေးမြူထားကြောင်း၊ နိုင်ငံတော် တွင် လက်ရှိ မြစ်ချောင်းများ၊ ဆည်တာမံများသည် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူရေး တိုးချဲ့ ဆောင်ရွက် သင့်ပါကြောင်း၊ ထို့အပြင် ပြည်ပဈေးကွက်တွင် ဈေးကောင်းရသည့် ငါး၊ ပုစွန်၊ ကဏန်း အမျိုးအစားများကို တိုးချဲ့မွေးမြူသင့်ပါကြောင်း။
ဆက်လက်၍ ပြည်ပကိုရေထွက်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အေးခဲပြီးရောင်းချခြင်း အပြင် တန်ဖိုးမြှင့်ထွက်ကုန်ပစ္စည်း (Value Added) ပြုလုပ်ရောင်းချရန်လိုအပ်ပါကြောင်း၊ အထူး သဖြင့် ဆူရှီငါးအသားလုံး၊ ငါးအသားချောင်း၊ ငါးအသားပြား၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးချဉ်၊ ပုစွန်ချဉ်၊ ငါးဆားနယ် စသဖြင့် တန်ဖိုးမြှင့်ပြီး ကြာရှည်ခံသည့် ကျန်းမာရေးနှင့်ညီညွတ်သော ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချဖြင့် ပြည်ပဝင်ငွေပိုမိုရရှိနိုင်ပြီး နိုင်ငံစီးပွားဖွံ့ဖြိုးတိုး တက်စေမည်ဖြစ်ပါကြောင်း၊ ယခုလို ရေထွက်ပစ္စည်း ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံ ဆောင်ရွက်ရာတွင် နှစ်အလိုက်လျာထားသည့် စီမံချက်နှင့် ၅ နှစ်ပြည့်လျှင် ဖြစ်ပေါ်လာမည့် အနေအထားကို လျာထားစီမံဆောင်ရွက်ထားမည်ဟု ယုံကြည်ပါကြောင်း၊ ထိုအတွက် နှစ်အလိုက် တိုးတက်အောင် မည်သို့ဆောင်ရွက်ထားသည်၊ ၅ နှစ်ပြည့်လျှင် မည်သို့ဖြစ်လာမည်ဆိုသည့် ရည်မှန်းထားရှိမှုကိုပါ သိရှိလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ နိုင်ငံတော် သမ္မတကြီးလမ်းညွှန်ထားသည့် မျိုး၊ မြေ၊ ရေ၊ နည်းဆိုပြီး အချက် ၄ ချက်နှင့်စပ်လျဉ်း၍ ရေထွက် ပစ္စည်း ငါး၊ ပုစွန်၊ ကဏန်း၊ ကင်းမွန် စသည့် မျိုးများဖွံ့ဖြိုးတိုးတက်ရန်၊ မျိုးသစ်များရရှိရန် မည်သို့ ဆောင်ရွက်မည်၊ မွေးမြူသူများကို မည်သို့ဖြန့်ဖြူးပေးမည်၊ မွေးမြူသူများ အတည်တကျမွေးမြူ ဆောင်ရွက်နိုင်ရန် မြေယာကဏ္ဍ မည်သို့ဆောင်ရွက်ပေးမည်၊ ရေသတ္တဝါများ အကောင်းဆုံး ရှင်သန် ပွားများရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ပေးသည်၊ မွေးမြူသည်မှသည် ကုန်ချော ထုတ်လုပ် သည်အထိ နည်းပညာပိုင်းကို မည်သို့ပညာပေးမည်၊ လက်တွေ့မည်သို့လေ့ကျင့်သင်ကြား ပေးမည် ဆိုသည်ကို ရေလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး မည်သို့ဆောင်ရွက် လျက်ရှိကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်း က
မြန်မာနိုင်ငံ၏ ရေသတ္တဝါမွေးမြူရေးလုပ်ငန်း ငါးမွေးမြူရေးလုပ်ငန်းသည် ၂၀၂၅-၂၀၂၆ ခုနှစ် ၃၁-၃-၂၀၂၆ ရက်နေ့တွင် အမှန်မွေးမြူနေသည့် ငါးမွေးကန်ဧရိယာ ၃၃၂၀၅၇.၈၇၁ ဧက၊ ပုစွန်မွေး ကန်ဧရိယာ ၁၄၀၄၆၃.၄၆၀ ဧက၊ ကဏန်းမွေးကန်ဧရိယာ ၂၄၉၁.၅၇ ဧက စုစုပေါင်း ငါး၊ ပုစွန်၊ ကဏန်းမွေးကန်ဧရိယာ ၄၇၅၀၁၂.၉၀၁ ဧက မွေးမြူထုတ်လုပ်လျက်ရှိပါကြောင်း၊ ငါးမွေးမြူခြင်း လုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်း ပုဂ္ဂလိကကဏ္ဍဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဌာနမှငါးမွေးမြူရေး လုပ်ငန်းအား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျစီမံကြီးကြပ်ကွပ်ကဲခြင်း၊ ငါးသားပေါက်လို အပ် ချက်များအပေါ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးခြင်း၊ ငါးသယံဇာတများ ပေါများစေရေးအတွက် ငါးမျိုးစိုက်ထည့်ပေးခြင်းနှင့် နည်းပညာအကူအညီပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ၂၀၂၆-၂၀၃၀ ကို ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း။
တိုးပွားလာသည့် လူဦးရေနှင့်အညီ ငါးရိက္ခာဖူလုံစေရန်နှင့် လူတစ်ဦးချင်း ငါးစားသုံးမှု မြင့်မားလာစေရန်၊ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ငါးမွေးမြူခြင်း ဆိုင်ရာ လိုင်စင်လျှောက်ထားရေး၊ မြေယာပိုင်ဆိုင်မှုလုပ်ပိုင်ခွင့်နှင့် အခြားနည်းအသုံးပြုခွင့်ရရှိ စေရေး၊ ငါးမွေးမြူရေးကဏ္ဍမှ ငါးထုတ်လုပ်မှု တိုးတက်စေရန်ရည်ရွယ်ပြီး စီမံချက်များကို အောက် ဖော်ပြပါ နည်းလမ်းနှစ်ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း-
(က) ငါး၊ပုစွန်မွေးမြူရေးကန်မှ မွေးမြူရေးနည်းစနစ်ပြောင်းပြီး အထွက်နှုန်းတိုးတက် ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ထပ်ဆင့် ရလဒ် ၂.၁၀.၂ ဖြစ်ပါကြောင်း။
(ခ) တည်ရှိပြီးသော ရေပြင်အရင်းအမြစ်အားလုံးအသုံးချပြီး ငါး၊ပုစွန်မွေးမြူထုတ်လုပ်မှု တိုးတက်စေခြင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ထပ်ဆင့်ရလဒ် ၁.၂.၁၀၊ ထပ်ဆင့်ရလဒ် ၂.၇.၂ နှင့် ဖော်ပြထားခြင်းဖြစ်ပါကြောင်း။
ငါး၊ ပုစွန်၊ ကဏန်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် ၈ ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ထုတ်လုပ်မှုတိုးတက်စေရေးဆောင်ရွက်ခြင်း၊
(စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ထပ်ဆင့်ရလဒ် ၂.၇.၉)
( ခ) ထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချခြင်း၊
(စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ထပ်ဆင့်ရလဒ် ၂.၁၀.၁)
( ဂ) ဈေးကွက်ချဲ့ထွင်ခြင်းနှင့် ဈေးကွက်အသစ်များရှာဖွေခြင်း၊
(ဃ) တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ခြင်း၊
( င) သွင်းကုန်အစားထိုးလုပ်ငန်းများကို အားပေးခြင်း၊
( စ) တန်ဖိုးမြှင့်ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်ခြင်း၊
(စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ထပ်ဆင့်ရလဒ် ၃.၄.၇)
(ဆ) မွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ၊ Agro-Industrial Zone များ အားပေးဆောင်ရွက်ခြင်း၊
(စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာထပ်ဆင့်ရလဒ် ၃.၄.၃)
( ဇ) စီးပွားရေးဝန်းကျင်ကောင်းများဖန်တီးပေးခြင်းဖြစ်ပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနမှ မြေအသုံးချမှုနှင့်စပ်လျဉ်း၍ အခြားနည်း အသုံးပြု ခွင့်ရရှိစေရေး ကူညီဆောင်ရွက်ပေးခြင်း၊ ထုတ်လုပ်မှုတိုးတက်စေမည့် ငါးမွေးမြူရေးနည်းပညာ များ ငါးကန်များအရောက် သွားရောက်၍ ပံ့ပိုးကူညီပေးခြင်း၊ ငါးသားပေါက်၊ ငါးအစာများရရှိ စေရေး ချိတ်ဆက်ဆောင်ရွက်ပေးခြင်း အပါအဝင် တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သော အရင်းအနှီးများ ပံ့ပိုးကူညီမှုရရှိရန်နှင့် မွေးမြူထုတ်လုပ်သော ရေထွက်ကုန်များ ပြည်တွင်း၊ ပြည်ပ ဈေးကွက်တိုးတက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးခြင်းဖြင့် မွေးမြူရေးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာထပ်ဆင့်ရလဒ် ၁.၅.၁၅၊ ၃.၅.၄ အရမြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်း များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လျက်ရှိသည့် စက်ရုံ ၁၁ ရုံရှိပြီး တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးအစား ၁၃ မျိုးကို နိုင်ငံတကာဈေးကွက်သို့ ထုတ်လုပ်တင်ပို့လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ရေထွက်ကုန်ပစ္စည်းများကို အီးယူနိုင်ငံများ၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတြေးလျ၊ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိရာ နှစ်အလိုက် တင်ပို့မှုတန်ချိန်၊ တန်ဖိုးများမှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း ၅၂၂၅၆၅.၈၁၄၊ အမေရိကန်ဒေါ်လာ တန်ဖိုးငွေ ၇၂၉.၄၂၂ သန်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တန်ချိန် ၅၅၃၈၉၃.၂၂၆၊ တန်ဖိုးအားဖြင့် အမေရိကန် ၇၂၂.၄၆၇ သန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အလေးချိန်အားဖြင့် တန်ချိန် ၄၆၃၇၈၈.၃၉၀ နှင့် တန်ဖိုး ငွေအားဖြင့် အမေရိကန် ဒေါ်လာ ၆၈၉.၁၅၀ သန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ထုတ်ကုန်အမည်သစ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ A & N Foods (Myanmar) ကုမ္ပဏီမှ ငါးအသားလွှာများကို အခြေခံပြီး ကဏန်းအသားချောင်းများ ထုတ်လုပ်၍ ဥရောပသမဂ္ဂ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ အဓိကထားတင်ပို့လျက်ရှိပြီး Okamura Trading Myanmar ကုမ္ပဏီမှလည်း ဆော်လမွန် (Salmon) ငါးများကို ပြည်ပမှတင်သွင်းပြီး တန်ဖိုးမြှင့်ရေထွက်ပစ္စည်းများဖြစ်သော ဆူရှီ(Sushi)များထုတ်လုပ်ပြီး ဂျပန်နိုင်ငံကို တန်ဖိုးမြှင့် ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်သည့်အတွက် ပြည်ပဝင်ငွေများ ပိုမိုရရှိစေပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ (စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်မှု မဟာဗျူဟာ ထပ်ဆင့် ရလဒ် ၃.၄.၈)
ငါးကဏ္ဍအနေဖြင့် ရေချို၊ ရေငန် ငါး၊ပုစွန်၊ကဏန်းထုတ်လုပ်မှုရည်မှန်းချက်များအား စိုက်ပျိုး ရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာပါထပ်ဆင့်ရလဒ်(၁.၁)နှင့် စီမံကိန်းရေးဆွဲခြင်းကို နှစ်စဉ်၊ ကာလ တို၊ ကာလရှည်စီမံကိန်းများရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာလတို ၅ နှစ် စီမံကိန်းဖြစ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၀-၃၀၃၁ ခုနှစ်အထိ စီမံကိန်းရည်မှန်းချက်များကို အခြေခံရေးဆွဲရာတွင်အခြေခံနှစ်ဖြစ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်အပေါ် အခြေခံ၍ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ပိဿာချိန် သိန်းပေါင်း ၃၈၅၈၄.၃၂ ၊ ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ပိဿာချိန် သိန်းပေါင်း ၃၈၆၁၈.၄၄၊ ၂၀၂၈-၂၀၂၉ ခုနှစ်တွင် ပိဿာချိန် သိန်းပေါင်း ၃၈၆၅၀.၄၈၊ ၂၀၂၉-၂၀၃၀ ခုနှစ်တွင် ပိဿာချိန် သိန်းပေါင်း ၃၈၆၇၈.၂၉ နှင့် ၂၀၃၀-၂၀၃၁ ခုနှစ်တွင် ပိဿာချိန် သိန်းပေါင်း၃၈၇၁၂.၁၄ တို့ဖြင့် ထုတ်လုပ်မှု တိုးတက်သွားရန် ရည်မှန်းရေးဆွဲထားပြီးဖြစ်ပါကြောင်း။
စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံဆောင်ရွက် ရာတွင် ငါးဖမ်းဆီးထုတ်လုပ်ရေးသည် သယံဇာတအရင်းအမြစ်ပေါ် မူတည်နေသည့်အတွက် မွေးမြူရေးကို တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍမှ ငါး၊ ပုစွန်၊ ကဏန်း ထုတ်လုပ်မှုတိုးတက်လာစေရေးအတွက် ငါးမွေးသူတောင်သူများအား ခေတ်မီငါးမွေးမြူ နည်းစနစ်များ ဖြန့်ဝေပေးခြင်း၊ သင်တန်းများပို့ချခြင်း၊ စီးပွားဖြစ် ဈေးကွက်ဝင်ငါးမျိုးစိတ်သစ်များ မွေးမြူထုတ်လုပ်နိုင်ရေးဆောင်ရွက်ခြင်း၊ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးသည့် တိုင်းဒေသကြီး ပြည်နယ် များတွင် ငါး၊ ပုစွန်မွေးမြူရေးကန်များ တိုးချဲ့ဖော်ဆောင်နိုင်စေခြင်း၊ ရေငန်ပုစွန်တိုးချဲ့ မွေးမြူ ထုတ်လုပ်ခြင်းများအတွက် သိပ္ပံနည်းကျကျအဆင့်မြင့် မွေးမြူနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ မွေးမြူ ထုတ်လုပ်ရာတွင် သက်တမ်းတိုမွေးမြူထုတ်လုပ်နိုင်မည့် ငါးများမွေးမြူနိုင်ရေးဆောင်ရွက်စေခြင်း ဖြင့် ကုန်ထုတ်လုပ်မှုကို တိုးတက်စေမည်ဖြစ်ပါကြောင်း။
ငါးမွေးမြူရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်မည့် ဧရိယာများအတွက် လိုအပ်သည့် သွင်းအားစု များရရှိနိုင်ရေးအတွက် ဒေသအတွင်းရရှိနိုင်သည့် အစာကုန်ကြမ်းများ အသုံးပြုမွေးမြူ ထုတ်လုပ် နိုင်ရေး နည်းပညာများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာဈေးကွက်လိုအပ် ချက်များဖြစ်သည့် GAqP၊ BAP စနစ်များနှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရေး၊ ပြည်ပဈေးကွက်ဝင် ငါးမျိုးစိတ်များ မွေးမြူထုတ်လုပ်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားခြင်းဖြင့် ပြည်တွင်း စားသုံးမှုကို ဖူလုံစေရုံသာမက ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင့်မီသော ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ပိုမိုရောင်းချလာနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝေစုပိုမိုရရှိလာနိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့အပြင်ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံလိုသူများရရှိနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ မွေးမြူရေးမြေနေရာ လိုအပ်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့်မွေးမြူရေးဇုန်များ ဖော်ဆောင်နိုင်ရေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး ပြည်နယ် ငါး၊ ပုစွန်မွေးကန်များ တိုးချဲ့မွေးမြူနိုင်ခြင်းဖြင့် ဒေသတွင်း ငါးရိက္ခာဖူလုံစေမည့်အပြင် ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် ဝင်ငွေများပိုမို ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။