နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့သို့ လာရောက်လေ့လာသည့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား လက်ခံတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ (၆-၇-၂၀၂၆) မေးမြန်းခဲ့သော မေးခွန်းများနှင့် ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တင့် မြန်မာနိုင်ငံမိုဘိုင်းဖုန်းလုပ်ငန်းရှင်များအသင်း (MMIA) အဖွဲ့အား လက်ခံတွေ့ဆုံ
MY EN

(က)-ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်
Q&A Image
မေးခွန်း
မေးခွန်း

ဦးနေလင်းအောင်(မြောက်ဥက္ကလာပမဲဆန္ဒနယ်)

တရားသူကြီးနှင့် ရှေ့နေများလိုက်နာရမည့် Code of Conduct ကျင့်ဝတ်နီတိများ ပညာပေးခြင်းနှင့်တရားသူကြီးများနှင့်ရှေ့နေများပါဝင်သော Joint Training Program များ တရားလွှတ်တော်ချုပ်မှစီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

တရားစီရင်ရေးလုပ်ငန်းတွင် တရားသူကြီးများ၊ ဥပဒေအရာရှိများ၊ တရားရုံးစာရေးများအပြင် တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်းရှေ့နေများပါအမှုမှန်ပေါ်ပေါက်ရေး၊ အမှုမြန်ဆန်ရေး အတွက် ပူးပေါင်းပါဝင်လုပ်ကိုင် လျက်ရှိကြပါကြောင်း၊ ဥပဒေပညာရှင်တချို့က ရှေ့နေများသည် အမှုမှန်ပေါ်ပေါက်ရေးအတွက် တရားရုံးအရာရှိများသဖွယ် ဝိုင်းဝန်းဆောင်ရွက်နေကြသူများ ဖြစ်တယ်လို့ အဆိုရှိပါကြောင်း၊ တရားသူကြီးများအား Bar အဖြစ်လည်းကောင်း၊ ရှေ့နေများ Bench အဖြစ်လည်းကောင်း ခေါ်ဝေါ်သုံးစွဲကြပါကြောင်း၊ အဆိုပါ Bar and Bench တရားမျှတမှု အပြန်အလှန်အားဖြည့်ပေးသည့် ရထားဘီးနှစ်စီးကဲ့သို့ ပို့ဆောင်နေပါကြောင်း၊ တရားလွှတ်တော် ရှေ့နေများ၊ အထက်တန်းရှေ့နေများသည် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေး နေသည်ကိုလည်း အသိအမှတ်ပြုပေးရန် လိုအပ်ပါကြောင်း၊ တရားသူကြီးများဘက်မှ ရှေ့နေများ အပေါ်ဆက်ဆံရာတွင် ဘက်လိုက်မှုကင်းခြင်း၊ ခွဲခြားဆက်ဆံမှု မရှိခြင်းနှင့် ရှေ့နေများဘက်မှ ရုံးတော် ကိုလေးစားမှုရှိစေရေး၊ တရားခွင်ဆိုင်ရာ စည်းကမ်းများကို တိကျစွာလိုက်နာစေရေး လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထို့အတူ တရားသူကြီးများက ရှေ့နေများ အမှုသည်အတွက် ခုခံချေပပိုင်ခွင့်ကို အလေးထား တန်ဖိုးထားရန် လိုအပ်သလို ရှေ့နေများကလည်း တရားသူကြီးများ၏ဆုံးဖြတ်ချက်ကို စနစ်တကျလေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တရားသူကြီးများနှင့် ရှေ့နေများ အပြန်အလှန် လေးစားမှုရှိစေရေးအတွက် လိုက်နာရမည့် ကျင့်ဝတ်နီတိ (Code of Conduct) များ ကျယ်ပြန့်စွာ ပညာပေးရန်ကိုလည်း လိုအပ်ပါကြောင်း၊ ထို့အပြင် တရားသူကြီးနှင့် ရှေ့နေများ နှစ်ဖက်ပါဝင်သည့် Joint Training Program များနှင့် နှစ်ဖက်ယုံကြည်မှုတိုးတက်စေရေး၊ နားလည်လွဲမှားမှု မဖြစ်ပေါ်စေရေး အတွက် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။ 

အပြန်အလှန်လေးစားမှုဆိုတာသည်မှ တရားဥပဒေစိုးမိုးရေး (Rules of Law) နှင့် ပြည်သူလူထု ၏တရားစီရင်ရေးအပေါ် ယုံကြည်ကိုးစားမှုကိုတည်ဆောက်သည့် အခါတွင်အရေးကြီးလှပါကြောင်း၊ ထို့ကြောင့် တရားသူကြီးနှင့် ရှေ့နေများ (Bar and Bench) အပြန်အလှန် လေးစားမှုရှိစေရေးအတွက် လိုက်နာရမယ့် Code of Conduct ကျင့်ဝတ်နီတိများ ကျယ်ပြန့်စွာ ပညာပေးခြင်းများနှင့် တရားသူကြီးများနှင့် ရှေ့နေများပါဝင်သည့် Joint Training Program များနှင့် နားလည်မှုများ လွဲမှားမှုမဖြစ်ပေါ်စေရန် တရားလွှတ်တော်ချုပ်မှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ ကိုသိလိုပါ ကြောင်းဖြင့် မေးမြန်းပါသည်။ 

အဖြေ
အဖြေ

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး၊ဦးသောင်းနိုင် က 

မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်များတွင် ရှေ့နေ ရှေ့ရပ်များသည် အမှုသည်၏ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသူသာမက တရားရုံး၏ ရုံးသဟာရ များ အဖြစ်လည်း ဆောင်ရွက်ရပါကြောင်း၊ ရှေ့နေရှေ့ရပ်များသည် မှုခင်းများဆုံးဖြတ် သည့်အခါ အမှန်တရားဖြစ်စေရန်အတွက် ဆောင်ရွက်ပေးရသည့် အများပြည်သူ၏ အကျိုးဆောင်များလည်း ဖြစ်သည့်အတွက် ရှေ့နေရှေ့ရပ်များအပေါ်တွင်လေးစားမှုရှိကြောင်းကို ပြသခဲ့ကြပါကြောင်း၊  အလားတူ ရှေ့နေရှေ့ရပ်များကလည်း အမှုသည်များ၏ အကျိုးအတွက်သာမက တရားရုံးများ၏ အမှုများမှန်မှန်နှင့်မြန်မြန် ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ရာတွင်လည်း အမှန်တရားသို့ ရောက်ရှိရေး အတွက် အစွမ်းကုန်လိုက်ပါဆောင်ရွက်ကြသည်ကိုလည်း လေးစားဖွယ်ရာ တွေ့ရှိရပါကြောင်း၊ ထို့သို့ ဆောင်ရွက်နေခြင်းသည် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ အပြန်အလှန်လေးစားမှုကို ပြသခြင်း ဖြစ်သည့်အတွက် ယခုလိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ရှေ့နေများစောင့်ထိန်းရမည့်ကျင့်ဝတ်များကို ယခင်ကသတ်မှတ်ပြဋ္ဌာန်းထားခဲ့ပြီး ခေတ်အဆက်ဆက် တရားစီရင်ထုံးများဖြင့်လည်း လမ်းညွှန်ပြသမှုများပြုလုပ်ခဲ့ပါကြောင်း၊ ရှေ့နေရှေ့ရပ်များ အနေဖြင့် မိမိတို့၏ကျင့်ဝတ်သိက္ခာများကို နားလည်စောင့်ထိန်းခြင်းအားဖြင့် တရားရုံး၊ အမှုသည်၊ သက်သေ တို့နှင့်လည်းကောင်း၊ ရှေ့နေရှေ့ရပ်များအချင်းချင်းကြားတွင်လည်းကောင်း အပြန်အလှန် လေးစားမှုကို တည်ဆောက်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သည့် ပြဿနာတွေကိုလည်း လျော့ပါးစေ နိုင်မည်ဖြစ်ပါကြောင်း။ 

ထိုနည်းတူ တရားသူကြီးများဘက်ကလည်း မိမိတို့၏ကျင့်ဝတ်သိက္ခာနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ပြုမူနေထိုင်ခြင်းအားဖြင့် ရှေ့နေရှေ့ရပ်များ၊ အမှုသည်များအပါအဝင် တရားရုံး အသုံးပြု သူများ၏ ယုံကြည်လေးစားမှုကိုလည်း ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျင့်ဝတ်နီတိများ ကျယ်ပြန့်စွာ ပညာပေးခြင်းသည် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သတိပြုမိခဲ့ပါကြောင်း၊ ယခင်က အထက်တန်းရှေ့နေလိုင်စင်ပေးခြင်းများကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း ၃၁--၂၀၂၆ ရက်နေစပြီး အထက်တန်းရှေ့နေလက်မှတ်လက်ခံယူရမည့် အလုပ်သင်ရှေ့နေ ၉၄ ဦးကို ရှေ့နေကျင့်ဝတ်သိက္ခာနှင့်ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အသိပညာပေးသင်တန်း ၄ ကြိမ် ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းသင်တန်းများတွင် ဘာသာရပ်ဆိုင်ရာသာမက ရှေ့နေများ အမေးများသည့် မေးခွန်းများကိုလည်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးက ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ဖြေကြား ဆောင်ရွက် ပေးခဲ့ခြင်းများလည်းရှိပါကြောင်း၊ သင်တန်းများကိုလည်း ဆက်လက်ပြီး တိုးမြှင့်ဆောင်ရွက်သွားရန် လည်း စီစဉ်ထားရှိပါကြောင်း။

တရားသူကြီးများအတွက် ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ် ဘာသာရပ်အား တရားသူကြီးများ လုပ်ငန်းခွင်သင်တန်းများနှင့် မွမ်းမံသင်တန်းများတွင်လည်း သင်ရိုး ညွှန်းတမ်းအဖြစ် ထည့်သွင်းပို့ချခြင်း၊ တရားရုံးသို့ လာရောက်သူများကို ယဉ်ကျေးပျူငှာစွာ၊ လေးစားစွာဆက်ဆံပြောဆိုတတ်စေရန် တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများအတွက် ဝန်ဆောင်မှု သင်တန်းပေးခြင်းတို့ကို တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း(၅ နှစ်စီမံကိန်း) ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ နှစ်အလိုက်ထည့်သွင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ တရားရုံးများ အနေဖြင့် ရှေ့နေရှေ့ရပ်ကဲ့သို့သော အကျိုးသက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်အပြန်အလှန် နားလည်၍ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်လည်း တရားရုံးနှင့်ရှေ့နေရှေ့ရပ်များအပါအဝင် အခြားသူများကို ဖိတ်ကြားပြီး ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်နိုင်ရန်အတွက် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာအစီအစဉ်တစ်ရပ်ကိုလည်း ထည့်သွင်းထားပါကြောင်း၊ ၎င်းအစီ အစဉ်အရ ၂၀၂၅ ခုနှစ်မှ လက်ရှိအချိန်အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ကြီးမှူးပြီး ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဆွေးနွေးပွဲ ၁၀ ကြိမ်၊ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ ၁ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ကြီးမှူးပြီး ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ ၂ ကြိမ်၊ ၂၀၂၄ ခုနှစ် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က ကြီးမှူးကျင်းပပြီး အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲ၁ ကြိမ် ကျင်းပခဲ့သည့်အခါတွင် ပြင်ပရှေ့နေရှေ့ရပ်များပါ ပါဝင်တက်ရောက်ပြီး ဆွေးနွေး ခဲ့ကြပါကြောင်း။ 

ထို့ကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းပါ ကျင့်ဝတ်ဆိုင်ရာ အသိပညာပေးမှုအစီအစဉ်များနှင့် တရားသူကြီးများနှင့် ရှေ့နေရှေ့ရပ်များ ပါဝင်သည့် ပူးပေါင်း လေ့ကျင့်သင်ကြားမှုအစီအစဉ်(Joint Training Program)များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်ပေးလျက်ရှိပြီး ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။