ဦးစိုင်းဆိုင်နော်(မောက်မယ်မဲဆန္ဒနယ်)
မောက်မယ်မြို့နယ်၊ ဈေးတန်း အ.လ.က(ခွဲ)မူလတန်းကျောင်း၏ ပင်မဆောင်အားဖျက်သိမ်း ခွင့်ပြုရန် နှင့် ၂ ထပ် စာသင်ကျောင်း ၁ ဆောင်တိုးချဲ့ရရှိရေးအတွက် မည်ကဲ့သိုပံ့ပိုးပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မောက်မယ်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ဈေးတန်းစာသင်ကျောင်း ဆောင် ဆောက်လုပ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ အ.လ.က (ခွဲ) ဈေးတန်းကျောင်းသည် ဈေးတန်းရပ်ကွက်အတွင်းတည်ရှိပြီး မောက်မယ်မြို့နယ်၏ မြို့ပေါ် ၇ ရပ်ကွက်ထဲနှင့် လူဦးရေ အများဆုံးနေထိုင်သောရပ်ကွက်ဖြစ်ပါကြောင်း၊ မြို့ပေါ် နှင့်အနီးအနား ကျေးရွာမှ မူလတန်းပြီးမြောက်သော ကျောင်းသားကျောင်းသူများမှီခိုအားထား ပညာသင်နေသော ကျောင်းဖြစ်ပါကြောင်း၊ မူလတန်းကျောင်း၏ပင်မဆောင် ၇၂ ပေ x ၂၄ ပေ ဟာ ၁- ၉- ၁၉၉၃ ခုနှစ်တွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဆောက်လုပ်ခဲ့ပြီး နှစ်ပေါင်း ၃၃ နှစ်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုကျောင်းသည် ခိုင်ခံ့မှုမရှိခြင်း၊ ဆွေးမြည့်ခြင်း၊ ငလျင်ဒဏ်ကြောင့် အက်ကွဲခြင်းများ ဖြစ်ပေါ်နေသဖြင့် ဖျက်သိမ်းခွင့်ပြုပါရန်နှင့် ၎င်းမြေနေရာတွင် ၂ ထပ်ကျောင်း ဆောင် ဆောက်လုပ် မည်ဆိုပါက ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းသာစွာပညာသင်ကြားနိုင်ပြီး ကျောင်းသူ၊ ကျောင်းသား များကိုလည်း ပိုမို လက်ခံနိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မူလတန်း အဆင့်ကျောင်းသားဦးရေ ၂၂၈ ဦး၊ အလယ်တန်းအဆင့်ကျောင်းသားဦးရေ ၁၅၇ ဦး ရှိပြီး စုစုပေါင်း ၃၈၅ ဦး ရှိသည့်အနက် ယခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသားဦးရေ ၂၂၂ ဦး၊ အလယ်တန်းအဆင့်ကျောင်းသားဦးရေ ၂၀၉ ဦး စုစုပေါင်း ၄၃၁ ဦး ရှိနေပြီး ဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေနှင့်စာသင်ခန်းလုံလောက်မှု မရှိသည်မှာ အမှန်တကယ်ဖြစ်ပါကြောင်း။
ကလေးများသက်တောင့်သက်သာစွာပညာသင်ကြားနိုင်ရေးအတွက် ပင်မဆောင်ကို ၂ ထပ် ဆောင်အဖြစ် ဆောက်လုပ်ပြီးတိုးချဲ့စာသင်ဆောင်များလိုအပ်လျက်ရှိပါကြောင်း၊ ငလျင်ဒဏ် သင့်ထား သော်လည်း ဌာနသို့တင်ပြပါက ပြင်ထိန်းမှာရရှိမည်ဖြစ်သဖြင့် မတင်ပြခဲ့သည်မှာ ၃၃ နှစ် ကြာမြင့်ပြီး ဟောင်းနွမ်းဆွေးမြည့်နေသောကြောင့် အဆောက်အဦးအား ဖျက်သိမ်း၍ အသစ် တည်ဆောက် လိုသော ကြောင့်မတင်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုစာသင်နှစ်တွင်မူ စာသင်ခန်း ၆ ခန်း ရှိရမည်ဖြစ်သော်လည်း ယင်းအဆောင်အား အခန်းကန့် သင်နေရခြင်း၊ စံမမှီအခန်းဖြစ်နေခြင်း၊ အခန်းမလုံလောက်သည့် အတွက် အလယ်အဆင့် Grade-9 ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွင်သင်ကြားနေရခြင်း၊ ယာယီဆောင် တဲများထိုးနေရခြင်းကြောင့် ယင်းအဆောင်သည် အပြင်ပန်းကြည့်လျှင် အန္တရာယ်ဆောင်ဟု မထင်ရ သော်လည်း မိမိကိုယ်တိုင် ကွင်းဆင်း ကြည့်ပြီးသည့် အခါ အုတ်နံရံများလှုပ်ခတ်ပြီး တိုင်များဆွေးမြည့် နေသည်ကိုတွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ အ.လ.က(ခွဲ) ဈေးတန်းကျောင်သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ မိဘ ပြည်သူများကိုယ်စား ၂ ထပ်စာသင်ဆောင် ၁ ဆောင်ရရှိရေးအတွက် မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ်၊ ဈေးတန်း အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ဆရာ ဆရာမ ဦးရေ မူလတန်းကျောင်းအုပ် ၁ ဦး၊ အလယ်တန်းပြ ၁ ဦး၊ ဒုတိယအလယ်တန်းပြ ၆ ဦး၊ မူလတန်းပြ ၂ ဦး၊ ဒုတိယမူလတန်းပြ ၃ ဦး၊ လက်ထောက်မူလတန်းပြ ၂ ဦး စုစုပေါင်း ၁၅ ဦး ရှိပြီး ကျောင်းသား ကျောင်းသူ KG မှ Grade-5 ထိ မူဆင့်သင် ကျောင်းသား ၂၂၈ ဦး၊ Grade-6မှ Grade-9 ထိ လယ်ဆင့်သင် ကျောင်းသား ၂၁၆ ဦး စုစုပေါင်း ကျောင်းသား ၄၄၄ ဦးရှိပါကြောင်း။
စာသင်ဆောင်များအနေဖြင့် ပညာပန်းခင်းဆောင် ၇၂ ပေ x ၂၄ ပေ တစ်ထပ်ဆောင်၊ ဇွဲလုံ့လဆောင် ၄၀ ပေ x ၂၀ ပေ တစ်ထပ်ဆောင်၊ အားမာန်သစ်ဆောင် ၉၀ ပေ x ၃၀ ပေ တစ်ထပ်ဆောင် စုစုပေါင်း ကျောင်းဆောင် ၃ ဆောင်ရှိပါကြောင်း၊ စာသင်ခန်း ၈ ခန်း၊ တန်းခွဲ ၉ ခုဖြင့် ပညာသင်ကြားလျက် ရှိပါကြောင်း၊ စာသင်ဆောင်များအနေဖြင့် ပညာပန်းခင်းဆောင် ၇၂ x ၂၄ ပေ တစ်ထပ်ဆောင်သည် သက်တမ်း ၃၃ နှစ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း အင်ဂျင်နီယာများ၏ စိစစ် ချက်အရ အန္တရာယ်ရှိကျောင်းဆောင်မဟုတ်ကြောင်း တွေ့ရှိရသည့်အတွက် အဆိုပါ ပညာ ပန်းခင်းဆောင်ကို အကြီးစားပြင်ဆင်မှုဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ဦးရေ တန်းခွဲအရ အလယ်တန်းအဆင့်အတွက် လိုအပ်နေသော စာသင်ခန်းတွေအတွက် ၆၀ ပေ x ၃၀ ပေ RC ၁ ထပ် ဆောက်လုပ်နိုင်ရန် အတွက်ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည် ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ် ပြည်နယ်၏ ဦးစားပေးအဆင့်ဖြင့် ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်းဖြေကြားခဲ့ပါသည်။