MY EN

(ဈ)- ဦးအောင်ကျော်သူ(မလှိုင်မဲဆန္ဒနယ်)-မေးခွန်း

2026-07-06
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
Q&A Image
မေးခွန်း
မေးခွန်း

ဦးအောင်ကျော်သူ(မလှိုင်မဲဆန္ဒနယ်)

မလှိုင်မြို့နယ်၊ အ.ထ.က(ခွဲ)ဖက်ကုန်း၊ အ.မ.က(မူလွန်ရပ်-၁)နှင့် အ.ထ.က(မြို့သစ်)ကျောင်းတို့တွင် RC တစ်ထပ်ကျောင်းဆောင်တစ်လုံးစီ ဆောက်လုပ်ပေးရန်  အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း

မလှိုင်မြို့နယ်တွင် ရပ်ကွက်ကြီး ၄ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုနှင့် ကျေးရွာပေါင်း ၂၄၇ ရွာရှိပြီး ပညာရေးကဏ္ဍတွင် အထက်တန်းကျောင်း ၈ ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း ၂၄ ကျောင်း၊ အလယ် တန်းကျောင်း ၁၃ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၆ ကျောင်း၊ မူလတန်း(လွန်)ကျောင်း ၂၀ ကျောင်း နှင့် မူလတန်းကျောင်း ၁၁၅ ကျောင်း စုစုပေါင်း ၁၈၆ ကျောင်းရှိပြီး ကျောင်းများအားလုံးဖွင့်လှစ်နိုင်ပြီး လက်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၀,၇၉၇ ဦးတက်ရောက် စာပေသင်ကြားလျက်ရှိပါကြောင်း၊ မလှိုင်မြို့သည် ပညာရေးတွင် အထူးအားပေးအောင်မြင်လျက်ရှိ သော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စာပေသင်ကြားရာတွင် စာသင်ဆောင် နှင့် ကျောင်းသားကျောင်းသူအချိုး လုံလောက်ညီမျှမှုရှိမှသာ ကျောင်းသားကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ စာပေသင်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အနာဂတ်တွင် ထူးချွန်ထက်မြက် သည့် လူငယ်၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ မလှိုင်မြို့နယ်၊ ဖက်ကုန်းကျေးရွာ အ.ထ.က(ခွဲ)ဖက်ကုန်းနှင့် လက်ရှိပညာသင်နှစ်၌ ဖက်ကုန်းကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ ကျောင်းသားကျောင်းသူစုစုပေါင်း ၂၆၂ ဦး စာသင်ကြားလျက်ရှိပြီး အဆိုပါ ကျောင်းတွင် လက်ရှိ တစ်ထပ်စာသင်ဆောင် ၄ ဆောင်သာရှိသဖြင့် စာသင်ဆောင် လုံလောက်မှု မရှိဖြစ်နေခြင်း၊ အလားတူ အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(မြို့သစ်)တွင်လည်း လက်ရှိ ပညာသင်နှစ်၌ ကျောင်းသား ကျောင်းသူ ၁,၀၄၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး အဆိုပါ ကျောင်းတွင် လည်း တစ်ထပ်စာသင်ဆောင် ၆ ဆောင်သာရှိသဖြင့် စာသင်ဆောင်များလုံလောက်မှုမရှိဘဲ လိုအပ်နေ ခြင်း၊ အမှတ်(၁)ရပ်ကွက်ရှိ မူလတန်း(လွန်)ကျောင်း၊ ရပ်ကွက်ကြီး(၁)တွင်လည်း ယခု စာသင်နှစ်၌ ကျောင်းသား ကျောင်းသူ ၃၇၁ ဦး တက်ရောက်စာသင်ကြားလျက်ရှိပြီး အဆိုပါကျောင်းတွင်လည်း တစ်ထပ်စာသင်ဆောင် ၃ ဆောင်သာရှိသဖြင့် ကျောင်းသား ကျောင်းသူဦးရေနှင့် စာသင်ဆောင် အရေအတွက် မျှတလုံလောက်မှု မရှိခြင်း၊ နောင်လာမည့် စာသင်နှစ်များတွင် ယခုထက် ကျောင်းသား ကျောင်းသူများ ပိုမို များပြားလာနိုင်သည့်အတွက် ကျောင်းသား ကျောင်းသူ၊ ကလေးသူငယ်များ အေးချမ်းလုံခြုံစွာ စာပေသင်ကြားသင်ယူနိုင်ရေးအတွက် ယခုတင်ပြထားသည့် အ.ထ.က(ခွဲ)ဖက်ကုန်း နှင့် ၁၂၀ ပေ x ၃၀‌ ပေ RC တစ်ထပ်ကျောင်းဆောင်တစ်လုံး၊ အ.ထ.က(မြို့သစ်)တွင် ၁၂၀ ပေ x ၃၀‌ ပေ RC တစ်ထပ်ကျောင်းဆောင်တစ်လုံးနှင့် မူလတန်း(လွန်)ကျောင်း ရပ်ကွက်ကြီး(၁)တို့တွင် ၉၀ ပေ x ၃၀‌ ပေ RC တစ်ထပ်ကျောင်းဆောင်တစ်လုံးတို့အား ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က

          မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖက်ကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဆရာ ဆရာမဦးရေ အလယ်တန်းကျောင်းအုပ် ၁ ဦး၊ အထက်တန်းပြ ၉ ဦး၊ ဒုတိယအလယ်တန်းပြ      ၁ ဦး၊ မူလတန်းပြ ၁ ဦး၊ ဒုတိယမူလတန်းပြ ၁ ဦးနှင့် လက်ထောက်မူလတန်းပြ ၄ ဦး စုစုပေါင်း ၁၇ ဦး ရှိပြီး ကျောင်းသား ကျောင်းသူအနေဖြင့် KG မှ Grade-12 ထိ စုစုပေါင်း ၂၅၂ ဦးအပ်နှံခဲ့ဖြစ်ပြီးဖြစ်ပါ ကြောင်း၊ စာသင်ဆောင်အနေဖြင့် ၄၀ x ၂၀ ပေအုတ်ညှပ်တစ်ထပ်၊ ၉၀ x ၃၀ ပေ အုတ်ညှပ် တစ်ထပ်၊ ၈၀ x ၃၀ ပေ RCC တစ်ထပ်နှင့် ၆၀ x ၃၀ ပေ RCC တစ်ထပ် စုစုပေါင်း ကျောင်းဆောင် ၄ ဆောင်၊ စာသင်ခန်း ၁၂ ခန်းရှိပါကြောင်း၊ ကျောင်းသား ၂၅၂ ဦး၊ စာသင်ခန်း ၁၂ ခန်းရှိသည့်အတွက် ဖက်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျောင်းသားဦးရေအရ စာသင်ခန်းလုံလောက်မှု ရှိပါကြောင်း။

          မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရပ်(၁)အခြေခံ ပညာမူလတန်း(လွန်)ကျောင်းတွင် ဆရာ ဆရာမဦးရေ မူလတန်းကျောင်းအုပ် ၁ ဦး၊ ဒုတိယ အလယ်တန်းပြ ၃ ဦး၊ မူလတန်းပြ ၁ ဦး၊ ဒုတိယမူလတန်းပြ ၄ ဦးနှင့် လက်ထောက်မူလတန်းပြ ၄ ဦး စုစုပေါင်း ၁၃ ဦးရှိပြီး ကျောင်းသား ကျောင်းသူဦးရေအနေဖြင့် KG မှ Grade -12 ထိ စုစုပေါင်း ၃၄၈ ဦး ရှိပါကြောင်း၊ စာသင်ဆောင်များ အနေဖြင့် ၁၃၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်နှင့် ၆၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်ဆောင်နှစ်ဆောင် စုစုပေါင်းကျောင်းဆောင် ၃ ဆောင်နှင့် စာသင်ခန်း ၉ ခန်းရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူ ၃၄၈ ဦးနှင့် စာသင်ခန်း ၉ ခန်းရှိသည့်အတွက် လက်ရှိအခြေအနေအရ အဆိုပါ ရပ်(၁)အခြေခံပညာ မူလ တန်း(လွန်)ကျောင်းတွင်လည်း ကျောင်းသားဦးရေအရ စာသင်ခန်းလုံလောက်မှုရှိနေသေးကြောင်း၊ ထပ်မံတိုးလာသည့် ကျောင်းသားဦးရေပေါ် မူတည်၍ ၁၂၀ x ၃၀ ပေ ဒါမှမဟုတ် ၉၀ x ၃၀‌ ပေ RC တစ်ထပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွ၍ ငွေလုံးငွေရင်း တည်ဆောက်ရေးဘတ်ဂျက်ပေါ် မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

          ဆက်လက်၍ မြို့သစ်အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာဆရာမဦးရေ အထက်တန်းကျောင်းအုပ် ၁ ဦး၊ အထက်တန်းပြ ၁၂ ဦး အထက်တန်းပြ(ကာယ) ၁ ဦး၊ အလယ်တန်းပြ ၃ ဦး၊ ဒုတိယအလယ်တန်းပြ ၅ ဦးနှင့် မူလတန်းပြ ၄ ဦး၊ ဒုတိယမူလတန်းပြ ၅ ဦး၊ လက်ထောက်မူလတန်းပြ ၃ ဦး စုစုပေါင်း ၃၄ ဦးရှိပြီး ကျောင်းသား ကျောင်းသူအနေဖြင့် KG မှ Grade-12 ထိ စုစုပေါင်း ၉၂၆ ဦးရှိပါကြောင်း၊ စာသင်ဆောင်များအနေဖြင့် ၁၂၀ x ၃၀ ပေ အုတ်ညှပ် တစ်ထပ်ဆောင် ၄ ဆောင်၊ ၉၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်ဆောင် ၃ ဆောင်နှင့် ၁၀၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်ဆောင်၊ ဟောခန်းမတစ်ဆောင် စုစုပေါင်းကျောင်းဆောင် ၈ ဆောင်နှင့် စာသင်ခန်း ၂၁ ခန်းရှိပါကြောင်း၊ ကျောင်းသား ၉၂၆ ဦးရှိပြီး စာသင်ခန်း ၂၁ ခန်းရှိသည့်အတွက် အဆိုပါ မြို့သစ် အခြေခံပညာအထက်တန်းကျောင်းတွင် ထပ်မံလိုအပ်နေသည့် စာသင်ခန်းများအတွက် ၉၀ x ၃၀ ပေ RCC တစ်ထပ်ဆောင်လုပ်နိုင်ဖို့အတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက် ရေးဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေးအဆင့်ဖြင့် ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။