ဦးအောင်နိုင်(ဝေါမဲဆန္ဒနယ်)
ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာ အ.ထ.က ကျောင်းတွင် RC ၂ ထပ် ကျောင်းဆောင် တိုးချဲ့ဆောက်လုပ် ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
ဝေါမြိုနယ်၊ ဖိုးဦးစိန်ကျေးရွာမှာ အိမ်ထောင်စု အိမ်ခြေပေါင်း ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၅၀၀၀ ကျော်ခန့်နေထိုင်၍ တိုက်နယ်ဆေးရုံ ၁ ရုံရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်းပေးနေသည့် ကျေးရွာဖြစ်ပါကြောင်း၊ ဖိုးဦးစိန် အ.ထ.က ကျောင်း ၁ ကျောင်းရှိပါကြောင်း၊ ထိုကျောင်းတွင် KG မှ Grade-12 ထိ အစအဆုံး ပညာသင်ကြားနိုင်သည့်အတွက် နှစ်စဉ်တိုးနေသည့် ကျောင်းသားဦးရေ သည်လည်း စဉ်ဆက်မပြတ်ရှိနေသည့်အတွက် စာသင်ကျောင်းလိုအပ်ပါကြောင်း၊ စာသင်ဆောင် ပေါင်း ၄ ဆောင်ရှိပြီး စာသင်ခန်း ၁၁ ခန်းသာရှိသည့်အတွက် ကျောင်းသားပေါင်း ၉၅၀ ကျော်ရှိပါ ကြောင်း၊ ထို့ကြောင့် စာသင်ခန်းအချိုးနှင့် ကျောင်းသား မမျှတသည့်အနေအထားရှိပါကြောင်း၊ ဆောင်ပုဒ်အရ ကျောင်းနေပျော်မှ စာတော်မည့်ကလေးများအတွက် စာသင်ရာတွင် သက်တောင့် သက်သာရှိရန် စာသင်ခန်းနှင့် ကျောင်းသားအချိုး ညီမျှရန် အင်မတန်လိုအပ်ပါကြောင်း၊ လိုအပ်နေသော စာသင်ဆောင် ၁၄၀ x ၃၀ ပေ RC နှစ်ထပ်ဆောင်ဆောက်လုပ်ပေးမည်ဆိုလျှင် ဖိုးဦးစိန်ကျေးရွာ အ.ထ.က အတွက် အင်မတန်မှ အဆင်ပြေချောမွေ့စွာ စာသင်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိပညာသင်နှစ်တွင် Grade-12 အောင်ချက် ၃၇ ရာခိုင်နှုန်းကျော် အောင်မြင်သည့်ကျောင်းလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် စဉ်ဆက်မပြတ် ပညာရေးကိုမြှင့်တင်သည့်အနေဖြင့် ကျောင်းသူ ကျောင်းသားများ သက်တောင့်သက်သာနှင့် စာပေပညာများသင်ကြားနိုင်ရန်အတွက် ဝေါမြို့နယ်၊ ဖိုးဦးစိန်ကျေးရွာတွင် လိုအပ်လျက်ရှိသည့် RC နှစ်ထပ်ဆောင် ၁၄၀ x ၃၀ ပေအား လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဝေါမြို့နယ်တွင် တိုးတက်လာသည့် ကျောင်းသားဦးရေအရ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းတစ်ခု၊ သိပ္ပံဆောင်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းနှစ်ခု၊ စာကြည့်တိုက်များအတွက် အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းနှစ်ခု စုစုပေါင်း လုပ်ငန်း ၅ ခုအတွက် ခွင့်ပြုငွေ ကျပ်သန်း ၁၀၈၃,၀၀၀ သန်းပါဝင်ပြီး ယခုနှစ်တွင် ဆောင်ရွက်ရန် လျာထားပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ဝေါမြို့နယ် ဖိုးဦးစိန် အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း ကျောင်းသား ၄၈၉ ဦး၊ အလယ်တန်းကျောင်းသား ၃၂၆ ဦး၊ အထက်တန်းကျောင်းသား ၁၁၇ ဦး စုစုပေါင်းကျောင်းသား ၉၃၂ ဦးရှိပြီး ဆရာ ဆရာမ စုစုပေါင်း ၂၉ ဦးရှိပါကြောင်း၊ စာသင်ဆောင်များ အနေဖြင့် ၁၂၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်၊ ၁၅၀ x ၃၀ ပေ အုတ်ညှပ်တစ်ထပ်နှင့် ၈၀x ၃၀ ပေ အုတ်ညှပ်တစ်ထပ်၊ ၁၈၀ x ၃၀ ပေ RC တစ်ထပ်၊ ၆၀ x ၃၀ ပေ RC တစ်ထပ်(သိပ္ပံဆောင်) စုစုပေါင်း ကျောင်းဆောင် ၅ ဆောင်နှင့် စာသင်ခန်း ၁၅ ခန်း၊ တန်းခွဲ ၂၃ ခုရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူ ၉၀၀ ကျော်အတွက် တန်းခွဲ ၂၃ ခုရှိသည့်အတွက် ကျောင်းသားတန်းခွဲအရ စာသင်ခန်း ၈ ခန်းလိုအပ်လျက်ရှိသည်ကို တွေ့ရပါကြောင်း၊ လိုအပ်နေသည့် စာသင်ခန်း ၈ ခန်းအတွက် ၁၄၀ x ၃၀ RC နှစ်ထပ်ကျောင်းဆောင်ကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတည်ဆောက်ရေး ဘတ်ဂျက် ရရှိမှုအပေါ် တိုင်းဒေသကြီး၏ ဦးစားပေးမှုအဆင့်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။