ဒေါက်တာကျော်ဦး(တောင်ငူမဲဆန္ဒနယ်)
တောင်ငူမြို့နယ်၊ သရက်တောအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျောင်းဆောင်သစ်နှင့် သန့်စင်ခန်းဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ အဝီစိတွင်းတူးခြင်း၊ အဝင်လမ်းခင်းခြင်းများ ဆောင်ရွက် ပေးရန်အစီအစဉ်ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ငူမြို့နယ်၊ ထိုးသောင်ကျေးရွာအုပ်စုရှိ သရက်တောအခြေခံ ပညာမူလတန်း(လွန်)ကျောင်း သည် စစ်တောင်းမြစ်နံဘေးတွင် တည်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီဒဏ်ကြောင့် စစ်တောင်းမြစ်ရေလျှံပြီး ကမ်းပါးတိုက်စား၍ စာသင်ကျောင်း၏ ခြံစည်းရိုးထောင့်တိုင် ပြိုကျခဲ့သဖြင့် ၆၀ ပေ x ၂၃ ပေရှိသည့် သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင်၊ ၆၀ ပေ x ၃၀ ပေရှိသည့် သွပ်မိုးအုတ်ညှပ်တစ်ထပ်ဆောင်နှင့် ၁၆ ပေ x ၁၅ ပေရှိသည့် ယာယီကျောင်းဆောင် တစ်ဆောင် စုစုပေါင်း ကျောင်းဆောင် ၃ ဆောင်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပညာရေးဝန်ကြီး ဌာနမှ ဖျက်သိမ်းခဲ့ရကြောင်း၊ ၈.၁၀.၂၀၂၄ ရက်နေ့တွင် သရက်တောကျေးရွာရှိ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများအားလုံး၏ သဘောဆန္ဒအရ စစ်တောင်းမြစ် နှင့် ပေ ၁,၅၀၀ ကျော်ဝေးသည့် အသုံးပြုခြင်း မရှိသော ကျေးရွာဘုံပိုင်စာကျက်မြေ ၁.၄၅ ဧကကို ကျောင်းမြေအဖြစ် လွှဲပြောင်းပေးကမ်းလှူဒါန်းခဲ့ကြောင်းသိရှိရပါကြောင်း၊ သရက်တော အခြေခံပညာ မူလတန်းကျောင်းတွင် စာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၉၈ ဦးနှင့် ဆရာ ဆရာမ ၇ ဦးတို့သည် ယခုအချိန်အထိ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ အဆင်ပြေသလို စာသင်ကြား လျက်ရှိပါကြောင်း။
မိမိတင်ပြခဲ့သည့် မူလတန်း(လွန်)ကျောင်းသည် ၂၀၂၄ ခုနှစ်တွင် သဘာဝဘေးကြောင့် ဖြစ်ပေါ်ခဲ့သည့် ကျောင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုလျာထားချက်စာရင်း၌ မပါဝင်သည့်အတွက် တင်ပြရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူမြို့နယ်၊ ထိုးသောင်ကျေးရွာအုပ်စုရှိ ရာဂီမုန်တိုင်းဒဏ်ကြောင့် မြစ်ရေလျှံပြီး ကမ်းပါးတိုက်စား၍ ဖျက်သိမ်းခဲ့ရသည့် ကျောင်းဆောင် ၃ ဆောင်အစား ကျေးရွာမှလှူဒါန်းထားသော ကျောင်းမြေနေရာအသစ်တွင် ၁၅၀ ပေ x ၃၀ ပေ RC ကျောင်းဆောင်သစ်နှင့် ကျောင်းခြံစည်းရိုး၊ အုတ်တံတိုင်းကာရံခြင်း၊ အဝီစိတွင်းတူးခြင်း၊ ကျောင်း အဝင်လမ်းခင်းခြင်းနှင့် သန့်စင်ခန်းများဆောက်လုပ်ပေးနိုင်ခြင်းရှိ မရှိနှင့် ရှိပါကလည်း မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ တောင်ငူမြို့နယ်၊ သရက်တောအခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ဆရာဆရာမ စုစုပေါင်း ၇ ဦးရှိပြီး မူအဆင့်သင်ကျောင်းသား ၆၄ ဦး၊ Grade-6 မှ Grade-7 ထိ လယ်အဆင့်သင်ကျောင်းသား ၃၄ ဦး စုစုပေါင်း ကျောင်းသား ၉၈ ဦးရှိပါကြောင်း၊ ပဲခူး တိုင်းဒေသကြီး(အရှေ့)၊ တောင်ငူမြို့နယ်၊ သရက်တောအခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် မြစ်ကမ်းပါးအန္တရာယ်ကြောင့် ဖျက်သိမ်းခဲ့သည့် ကျောင်းဆောင် ၃ ဆောင်အစား ၉၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောက်လုပ်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချက်ရရှိပြီးဖြစ်ပါ ကြောင်း။
အဆိုပါ ၉၀ ပေ x ၃၀ ပေ RC တစ်ထပ်ဆောက်လုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုနှင့် တင်ဒါခေါ်ယူခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ စာချုပ်ချုပ် ဆိုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ခြံစည်းရိုး ၃၃၇ ပေ အုတ်တံတိုင်းကာရံခြင်းနှင့် ကျောင်း အဝင်တံခါး ၁၂ ပေပြုလုပ်ခြင်းအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီး၏ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၂ လက်မ အဝီစိတွင်းတူးဖော်ခြင်းနှင့် ကျောင်းအဝင်လမ်း ၂၂၀ ပေ x ၄ ပေ x ၃ ပေ ခင်းခြင်း လုပ်ငန်းနှင့် နှစ်ခန်းတွဲ သန့်စင်ခန်း ၂ လုံး ဆောက်လုပ်ခြင်းလုပ်ငန်းတွေကို ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။