ဒေါ်ဆွေဆွေသင်း (ပေါင်းတည်မဲဆန္ဒနယ်)
မြန်မာနိုင်ငံအတွင်းရှိ လတ်တလောဖြစ်နိုင်ချေရှိသာ ဒေသများတွင် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များကဦးဆောင်၍ တိုင်းဒေသကြီး ပြည်နယ်အလိုက် ကျောင်းနေအရွယ် အသက် ၅ နှစ်ကလေး များ စာရင်းကောက်ယူခြင်း (Survey on School- Age Children (or) School Survey) ကို တွန်းအားပေးဆောင်ရွက်၍ စာသင်ခန်းအရောက် ပို့ဆောင်ရန် အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့် ပညာသင်နှစ်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး ပြည်နယ် အလိုက် ကျောင်းနေအရွယ်ကလေး ၅ နှစ်နှင့်အထက်ကလေးများ၏ စာရင်းကောက်ယူခြင်း၊ School Survey နှင့်စပ်လျဉ်းသော မေးခွန်းအား အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အသိပညာရှိသည့် ပြည်သူများ ဖြစ်ပေါ်လာ စေရေးကို ရည်ရွယ်၍မေးမြန်းရခြင်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်နိုင်ငံ၏အဆင့်အတန်းသည် အဆိုပါနိုင်ငံ၏ ပညာရေးကဏ္ဍအပေါ်များစွာ အမှီ သဟဲပြုလျက်ရှိပါကြောင်း၊ နိုင်ငံ၏အနာဂတ် လူ့စွမ်းအားအရင်းအမြစ် လူကောင်းလူတော်များ ပေါ်ပေါက်စေရန်နှင့် အဆိုပါကလေးငယ်များ ယုံကြည်ချက်၊ ခံယူချက်ခိုင်မာ၍ အသိပညာ ပြည့်စုံ စေရန် ပြုစုပျိုးထောင်ရာတွင် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်နေပါကြောင်း၊နိုင်ငံတော်အတွင်း KG+9 ပညာရေးကို ကျောင်းနေအရွယ်ကလေးအားလုံး တက်ရောက်သင်ကြားနိုင်ရန်အတွက် အခမဲ့ပညာရေး စနစ်ကို ချမှတ်ထားပြီး နိုင်ငံတော်အစိုးရမှ အရှိန်ဟုန်မြှင့် အကောင် အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ အခမဲ့ပညာရေးစနစ်ဖြ်စရန်နိုင်ငံတော်က အုတ်မြစ်ချ အကောင် အထည်ဖော်ဆောင်ရွက် သကဲ့သို့ ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆရာ ဆရာမများ ကလည်း ကောင်း၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရန်အတွက် မိဘများ ကလည်းကောင်း တက်ညီလက်ညီ အားသွန်ခွန်စိုက်ပေါင်းစပ် ပါဝင်ကြရ မည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အတွင်း တချို့ဒေသများတွင် နေရပ်စွန့်ခွာရသော ကျောင်းနေ အရွယ် ကလေးများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအရ မိသားစုစားဝတ်နေရေး အတွက် လုပ်ငန်းခွင် ဝင်နေရသော ကျောင်းနေအရွယ်ကလေးများအနေဖြင့် ပညာသင်ကြား ခွင့်မရရှိဘဲ အခွင့်အရေးဆုံးရှုံး လျက်ရှိသူများ ကျန်ရှိနေနိုင်ပါကြောင်း၊ ကျောင်းနေ အရွယ်ကလေး များ၏ ဘဝအနာဂတ်မပျောက်ဆုံး စေရေးကို နိုင်ငံတော်မှ အထူးကိစ္စတစ်ရပ်အဖြစ် အလေးအနက် ထားကာ ကျောင်းပြင်ပ ပညာရေးစနစ်နှင့် Placement Test များ ဖြေဆို လက်ခံခွင့်ပြု သည့် စနစ်များဖြင့် အားသွန်ခွန်စိုက် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းအပေါ်တွင်လည်းအားပေးထောက်ခံပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်တွင် ယုံကြည်ချက်၊ ခံယူချက်ခိုင်မာသည့် ပြည်သူများ ဖြစ်ပေါ်လာစေရန် ပညာရေးကဏ္ဍသည် အဓိကအရေး ပါသော ကဏ္ဍတစ်ခု ဖြစ်သည့် အတွက် အခြေခံအကျဆုံးဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းသို့ ရောက်ရှိ စေရေးနှင့် မြေပြင်စာရင်းဇယားအမှန်ရရှိရေးသည်လည်း အထူးပင်အရေးကြီး လှပါကြောင်း၊ မြေပြင်စာရင်းအမှန်ရရှိမှသာလျှင် စာသင်ကြားခွင့်ရရှိသည့်စာရင်းနှင့် မြေပြင်စာရင်း ကွာဟချက် မည်မျှရှိနေမည်ကို သိရှိနိုင်မည်ဖြစ်ပါကြောင်း။
ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် Placement Test ဖြေဆို၍ ကျောင်းတက်ရန် အဆင်မပြေသည့် လုပ်ငန်းခွင်ရောက် ကလေးများအတွက် ကျောင်းပြင်ပ ပညာရေးစနစ်ဖြင့် သင်ကြား နိုင်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သင်ကြားရန်နေရာ ဆရာ ဆရာမတို့ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ကကွပ်ကဲ၍ ဆောင်ရွက်မှသာလျှင် အဆင်ပြေစွာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအတွင်း ကျောင်းနေ အရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိစေရေး အတွက် အဓိကလိုအပ်ချက်ဖြစ်သော မြေပြင် စာရင်းအရေအတွက် တိကျမှန်ကန်မှုရှိစေရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျောင်းနေအရွယ်ကလေး အသက်ငါးနှစ်နှင့်အထက် ကလေးများ၏စာရင်း ကောက်ယူခြင်း၊ School Survey ကိုကောက်ယူ၍ စာသင်ကျောင်းသို့အရောက် တွန်းအားပေး၍ ပို့ဆောင်ခြင်းအစီအစဉ်ကိုဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ၊ ကျောင်းပြင်ပပညာရေးစနစ်ဖြင့် သင်ကြားရန် အတွက် လိုအပ်လျက်ရှိနေသော မြို့နယ်များ အလိုက် ဆောင်ရွက်ထားမှုအစီအစဉ်ရှိ မရှိ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် Placement Test ဖြေဆို၍ အတန်းပြန်တက်ကာ အရပ်ဖက်ဝန်းကျင် အလေ့အထများရှိနေသော ကလေးများနှင့် ကျောင်းပုံမှန်တက်လျက်ရှိသော ကလေးများ၏အကြား ကွာဟလျက်ရှိနေသော စာသင်ခန်း ယဉ်ကျေးမှုနှင့် ပတ်သက်၍ သင်ကြားရေးတွင်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ဖြေရှင်း ဆောင်ရွက်မည့်ကြိုတင်အစီအမံများရှိ မရှိ၊ အသက်အရွယ်နှင့်ညီမျှသည့် အတန်းတက်ရန် Placement Test ဖြေဆိုရာတွင် ဖြေဆိုခဲ့သည့်အတန်းမှ စတင်တက်ရောက်ရာ၌ ကင်းကွာကျန်ခဲ့ သော မသင်ကြားခဲ့ရသည့်အတန်းများမှ သင်ခန်းစာများကို အချိတ်အဆက်မိစေရန် ဖြေရှင်းဆောင် ရွက်မည့် ကြိုတင်အစီအမံများရှိ မရှိ၊ သင်ကြားရေးလုပ်ငန်းစဉ်များတွင် ဆရာ ဆရာမ လုံလောက် စွာ ရရှိစေရန်အတွက် စီမံဆောင်ရွက်ထားမှုအစီအစဉ်များရှိ မရှိ၊ အထက်ပါအစီအစဉ် များရှိပါက မည်သို့ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်းနှင့် အစီအစဉ်မရှိသေးပါက မည်သည့် အချိန်တွင် ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင်
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့်နှစ်စဉ်ပညာသင်နှစ် တစ်နှစ်မစမီတွင် ဧပြီလနှင့် မေလအချိန်များတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင်သက်ဆိုင်ရာ ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အသက် ၅ နှစ်ပြည့်သူများစာရင်းကို တောင်းခံရယူပါကြောင်း၊KG တွင် ကျောင်းစတင်အပ်နှံနိုင်ရေး နှိုးဆော်ဆောင်ရွက်ပါကြောင်း၊ စနစ်သစ်ပညာရေးအစီအစဉ်အရ အသက် ၅ နှစ်ပြည့်ပြီး KG မတက်ခဲ့ရသည့်ကလေးများအနက်မှ အသက် ၆ နှစ်ပြည့်ပြီး ကလေး များ ကို လည်း Grade-1 မှ ကျောင်းအပ်နှံနိုင်ရေးအတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိ ပါ ကြောင်း၊ ထို့အပြင် အသက် ၆ နှစ်ပြည့်ပြီး ကျောင်းမနေရ သေးသည့် ကလေးများ စာရင်း ကို လည်း ကောက်ယူပြီး ကျောင်းကို ရောက်ရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နှစ်စဉ် မေလ၏နောက်ဆုံး ရက်သတ္တ ပတ်ကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်ပြီး ကျောင်းအပ်နှံရေးဆိုင်ရာ သတင်း အချက်အလက်များကို မြေစိုက်ပိုစတာ၊ နံရံကပ်ပိုစတာများ ရိုက်နှိပ်ဖြန့်ဝေခြင်း၊ TV Sport နှင့် New Sport အဖြစ် ထည့်သွင်းဖော်ပြပေးခြင်း၊ Short Massage(SMS)များကို ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပါကြောင်း၊ Myanmar Education Channel ရုပ်သံလိုင်းတွင်လည်း ထည့်သွင်း ဖော်ပြပြီးကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးအတွက် ကျောင်းသား ကျောင်းသူ၊ မိဘပြည်သူများကို တိုက်တွန်း နှိုးဆော်တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောင်းအပ်နှံရေးသီတင်းပတ်မတိုင်မီ ကျောင်းအလိုက် ကျောင်းအပ်နှံမည့် ကျောင်းနေ အရွယ်ကလေးစာရင်းပြုစုခြင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်းတွင် ကျောင်းအပ်နှံရန်မှာ ကျန်ရှိသည့်ကလေးများ၏ စာရင်းများကိုလည်း ကောက်ယူပြီး ကျောင်းကိုရောက်ရှိနိုင်ရန်အတွက် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်မိရပ်ဖများ၊ မိဘဆရာအသင်းများနှင့် ပူးပေါင်းပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး အလေးထားဆောင်ရွက်ရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်ထားပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးရုံးများ၏ ကြီးကြပ်မှုနှင့် အလေးထားဆောင်ရွက်လျက်ရှိသည်ကို တင်ပြလိုပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း မေလ ၂၅ ရက်ကစပြီး နှစ်စဉ် ကျောင်းအပ်နှံရန်စာရင်းကောက်ယူလျက်ရှိရာမှာ ကျောင်းအပ်နှံမှုအခြေအနေသည် ၃-၇-၂၀၂၆ ရက် အထိ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် KG ကျောင်းသား ၆၁၀,၀၀၀ ကျော်ကို အပ်နှံပြီး ဖြစ်ပါကြောင်း၊ ကျောင်းအပ်ရန်ကျန်ရှိသည့် ကလေးများ ကျောင်းကိုရောက်ရှိရန်အတွက်တိုင်း ဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ပူးပေါင်းပါဝင်မှုနှင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာတွင် အပ်နှံရန်ကျန်ရှိသည့် သူများကို ကျောင်းအပ်နှံရေးနှိုးဆော်ပြီး ဩဂုတ်လကုန်အထိ ကျောင်း အပ်နှံမှုကို ပညာရေးဝန်ကြီး ဌာနအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် လက်ခံ ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အပြင် ကျောင်းပြင်ပပညာရေးအစီအစဉ်နှင့် ဆက်လက်ပြီးပညာသင်ကြားနိုင်ရန် အတွက်ပညာသင်ကြားမှုမဆုံးရှုံးစေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ကြီးကြပ်မှုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆက်လက်ပြီး ဖွင့်လှစ်သွားနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊၂၀၂၇-၂၀၂၈ ပညာသင်နှစ် မတ်လမှစပြီး တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၏ ကြီးကြပ်မှုနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနနှင့် အမျိုးသမီးရေးရာဝန်ကြီးဌာန၊ သက်ဆိုင်ရာရပ်/ကျေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး အသက် ၅ နှစ်ပြည့်ပြီးသူကလေးများစာရင်းနှင့် အသက် ၆ နှစ် ပြည့်ပြီး KG မတက်ရေသေးသည့် ကလေးများကို စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီး၏ ပူးပေါင်းပါဝင်မှုနှင့် စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ကိုယ်စားလှယ်တော်ကြီးပြောသွားသည့် Placement Test အစီအစဉ်နှင့်ဝင်လာသည့်ကလေးများအတွက် ပညာသင်ကြားမှုအစီအစဉ်တွင် အနှောင့် အယှက် မဖြစ်စေရန်မည်သို့စီစဉ်ထားသည်ဆိုသည့်အခြေအနေမှာ စာသင်ကျောင်းများ၊ စာသင်ခန်း များထဲတွင် Guardian စနစ်ကိုလည်း ထားရှိထားပါကြောင်း၊ မိဘဆရာ အသင်းအဖွဲ့များကိုလည်း ဖွဲ့စည်းထားရှိပြီး ထိုအပေါ် တွင်အခြေအနေစောင့်ကြည့်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။