ဦးမောင်မောင်စိုး (သာပေါင်းမဲဆန္ဒနယ်)
သာပေါင်းမြို့နယ်၊ ငှက်ပျောတော၊ မဲဇလီကွင်းပေါက်၊ ဆင်လမ်းနှင့် သပြေကုန်းကျေးရွာအုပ်စုများတွင် လျှပ်စစ်မီးရရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ၊ မရှိပါက ဆိုလာမီးကဲ့သို့ ရရှိနိုင်ရေးအတွက် ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သာပေါင်းမြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်တွင် ပါဝင်သည့် မြို့နယ် တစ်မြို့ နယ်ဖြစ်ပါကြောင်း၊ သာပေါင်းမြို့နယ်၏ အကျယ်အဝန်းဧရိယာမှာ ၇၇၆.၉၅၅ စတုရန်မိုင်ဖြစ်ပြီး မြို့ပေါ်အကျယ်အဝန်း၏ ဧရိယာမှာ ၀.၉၃၄ စတုရန်းမိုင်သာရှိသည့် မြို့နယ်ဖြစ်ပါကြောင်း၊ ကျေးရွာ အုပ်စုပေါင်း ၆၇ အုပ်စု၊ ရပ်ကွက် ၃ ရပ်ကွက်ရှိပြီး ကျေးရွာငယ်ပေါင်း ၃၉၄ ရွာနှင့် ဖွဲ့စည်းထားသည့် မြို့နယ်ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း နေထိုင်သည့် လူဦးရေပေါင်း ၁၂၀၀၀၀ ကျော်ရှိပြီး သာပေါင်း မြို့နယ်သည် ကျောင်းကုန်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်နှင့် ရခိုင် ပြည်နယ်၊ ဂွမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ဧရာဝတီတိုင်း၏ အစွန်ဆုံးကျပြီး သေးငယ် သည့် မြို့ဖြစ်သည့်အတွက် ဖွံ့ဖြိုးမှုအတော်နောက်ကျကျန်နေခဲ့သည့် မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ၎င်းမြို့နယ်သည် မြစ်၊ ချောင်း၊ အင်း၊ အိုင်ပေါပြီး မြေနိမ့်သည့် ဒေသဖြစ်သည့်အတွက် နှစ်စဉ်နှစ်တိုင်း မိုးရာသီတွင် ရေလွှမ်းမိုးမှုဒဏ်ကို ခံရသည့်မြို့နယ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့နယ်တွင် အဓိက လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ ပညာရေး၊ ကျန်းမာရေး အထူးသဖြင့် လျှပ်စစ်မီးကိစ္စရပ်များတွင် နိုင်ငံတော်မှ ဖြည့်တင်းပေးမှု မလုံလောက်သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှေးကွေးနေပါကြောင်း၊ တစ်မြို့နယ်လုံးတွင် ကျေးရွာပေါင်း ၃၉၄ ရွာရှိသည့်အနက် ယနေ့ထိ လျှပ်စစ်မီးရရှိသည်မှာ ၃၈ ရွာလောက်သာ ရှိပါကြောင်း။
လျှပ်စစ်မီးရရှိသည့် အခြေအနေသည် တစ်မြို့နယ်လုံး၏ ၁၀ ပုံ ၁ ပုံမပြည့်ပါကြောင်း၊ ထို့ကြောင့် မိမိတို့မြို့ရှိ သားငယ် သမီးငယ်များသည် မီးမရရှိသည့်ကြားမှ ဖယောင်းတိုင်ထွန်း၍ စာကျက်ရသည့် အခြေအနေမျိုးများ၊ ကိုယ်ထူကိုယ်ထကျောင်းများသို့ မိမိတို့စုပေါင်းအားနှင့် ဆောက်လုပ်၍ ကျောင်းတက်ရခြင်း၊ အထက်တန်းပညာကို မြစ်ကူး၊ ချောင်းကူးခက်ခဲပင်ပန်းစွာ သွားလာပြီး ၁၂ တန်းကို ပညာအောင်မြင်အောင်သင်ကြားရပြီး ဂုဏ်ထူးရရှိအောင် ကြိုးစားကြရခြင်း များသည် အခက်အခဲနှင့် ရင်ဆိုင်နေရသည် အခြေအနေများ ဖြစ်ပါကြောင်း။
လျှပ်စစ်မီးမရရှိသည့် ကျေးရွာများအနက် အထူးသဖြင့် ငှက်ပျောတောကျေးရွာအုပ်စု၊ မဲဇလီ ကွင်းပေါက်ကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုများသည် သာပေါင်း မြို့နယ်ဖြစ်သော် သာပေါင်းမြို့ရုံးစိုက်ရာမြို့နှင့်ဝေးကွာပြီး ကန်ကြီးထောင့်မြို့နယ် တစ်ဖက်ကမ်း၊ ဒါးကမြစ်တစ်ဖက်ခြမ်းမှာရှိသည့် ကျေးရွာအုပ်စုများဖြစ်ကြပါကြောင်း၊ ငှက်ပျောတောကျေးရွာ အုပ်စုတွင် ငှက်ပျောတော၊ ရှမ်းချောင်၊ ကုလားဝဲ၊ မယ်ဝန်းချောင်၊ တံခွန်တိုင်၊ ကန်လျားကုန်း၊ စာဖြူစု စသည့် ကျေးရွာ ၇ ရွာဖြင့်လည်းကောင်း၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စုမှာ အနောက်စု၊ ဆိပ်ကြီး၊ တပွတ်ချောင်း၊ ဖန်ခါးကုန်း၊ အညာတန်း၊ ကွင်းပေါက်စသည့် ကျေးရွာ ၆ ရွာဖြင့်လည်းကောင်း၊ ဆင်လမ်းကျေးရွာအုပ်စုတွင် အုန်းပင်စု၊ ဂျုံးဂျုံးကျ၊ အရှေ့ဆင်လမ်း၊ ရုံးချောင်း၊ ဒိုက်ကြီးကုန်း၊ ဘုရားကုန်း၊ အနောက်ဆင်လမ်း၊ ဗန်ဗွေးကုန်း စသည့် ကျေးရွာ ၈ ရွာဖြင့်လည်းကောင်း၊ သပြေ ကျွန်းကျေးရွာအုပ်စုတွင် သပြေကျွန်း၊ ခက်အုန်းချောင်၊ တကူကုန်၊ မကျီးပင် စသည့် စုစုပေါင်း ကျေးရွာအုပ်စု ၄ အုပ်စုနှင့် ကျေးရွာငယ်ပေါင်း ၂၅ ရွာတို့သည် ယနေ့ထိ လျှပ်စစ်မီးမရရှိပါကြောင်း။
၎င်းကျေးရွာအုပ်စုများသည် ဒါးကမြစ်ကမ်းတစ်ဖက်ကမ်းရှိ ကန်ကြီးထောင့်မြို့တွင် လျှပ်စစ်မီး များ ထိန်ထိန်လင်းရရှိနေသော် မိမိတို့၏ ကျေးရွာအုပ်စုတွင် နေထိုင်ကြသည့် ပြည်သူများမှ မြင်သာ မြင်ရ မကြင်ရလို့ဆိုဆို၊ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန်လို့ပြောပြော မိမိတို့ နိုင်ငံတော်သီချင်းထဲတွင်ပါသည့် ခွင့်တူ ညီမျှ ဝါဒဖြူစင်သည့် မြေဆိုထားသည့်အတွက် အားလုံး တစ်ပြေးညီ ခံစားခွင့်တူစေချင်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများထံ စုံစမ်းကြည့်သည့်အခါ ကန်ကြီးထောင့်မြို့မှ မြို့နယ်ကျော်ပြီး မီးသွယ်တန်း၍ မရကြောင်း၊ ဒါးကမြစ်ကူးတိုင် တည်ဆောက် ပြီးမှသာ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း မိမိတို့ကြားသိရပါကြောင်း၊ ထို့ကြောင့် ကန်ကြီး ထောင့်မြို့နယ်နှင့် နီးစပ်လျက်ရှိသည့် သာပေါင်းမြို့နယ်အတွင်းရှိ ငှက်ပျောတော ကျေးရွာအုပ်စု၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုရှိ ဖော်ပြပါ ကျေးရွာများ လျှပ်စစ်မီးရရှိခံစားနိုင်ရေးအတွက် မည်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/ မရှိ၊ ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့် မဆောင်ရွက်ပေး နိုင်ပါက ဆိုလာမီးကဲ့သို့သော ကျေးလက်မီးရရှိရေးအတွက် မည်သည့်ဘဏ္ဍာနှစ်တွင် ထည့်သွင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ /မရှိ မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
သာပေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဆင်လမ်း ကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုများ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် လက်ရှိဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဘဲဂရက်ဓာတ်အားခွဲရုံရဲ့ ၁၁ ကေဗွီ ဒါးကဖီဒါမှ ၁၁ ကေဗီဓာတ်အားလိုင်းများ အဆင့်အဆင့် ချိတ်ဆက်ဓာတ်အားရယူရန် အောက်ဖော်ပြပါ လုပ်ငန်း များအား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သပြေကုန်းကျေးရွာအုပ်စု၊ မန်ကျည်းပင်စု ကျေး ရွာအုပ်စုတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၂၄၀ ပေ (မြစ်ကျော် ပေ ၅၀၀) အပါအဝင် ဖြစ်ပါကြောင်း၊ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျ စရိတ် ကျပ် ၂၁၅.၆၉၃ သန်း၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၀၀၀ ပေနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက် ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ်ကျပ် ၁၈၄.၆၃၆ သန်း၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာတွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၃၉၈၀ ပေနှင့် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော် မာ ၁ လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၁၈၃.၅၉၁ သန်း၊ မဲဇလီကွင်း ပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅၆၀၀ ပေနှင့် ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံး တည်ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ် ၂၆၁.၄၅၅ သန်းကို လက်ရှိ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၃၃/၁၁ ကေဗွီ ဘဲဂရက်ဓာတ်အားခွဲရုံ၊ ၁၁ ကေဗွီ ဒါးကဖီဒါမှ Tap Off ရယူ၍ အဆင့်ဆင့် ဓာတ်အား ရယူ တည်ဆောက်ရန်လိုအပ်ပြီး ကျေးရွာအတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းကို ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ သပြေကုန်းကျေးရွာအုပ်စု၊ မန်ကျည်းပင်စုကျေးရွာ၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာ၊ မဲဇလီကွင်းပေါက်ကျေးရွာအုပ်စု၊ ဖန်ခါးကုန်းကျေးရွာ များ ဓာတ်အားရရှိရေးအတွက် စုစုပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၅၈၂၀ ပေ၊ ၂.၉၉၇ မိုင်၊ ၁၁/၀.၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၃ လုံးနှင့် ၁၁/၀.၄ ကေဗွီ၊ ၁၀၀ ကေဗွီ၊ ထရန်စဖော်မာ ၁ လုံးတည်ဆောက်ခြင်း လုပ်ငန်းများအတွက် ခန့်မှန်းကုန်ကျငွေ စုစုပေါင်းကျပ် ၈၄၅.၃၇၅ သန်းနှင့် ၂၀၂၇-၂၈ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်တွင် ထည့်သွင်းလျာထားပေးမည်ဖြစ်ပြီး၊ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာများမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက် ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။