ဦးဝင်းမြင့်(အုတ်တွင်းမဲဆန္ဒနယ်)
ကျွဲပွဲမြို့မှ 33/11 kV 5 MVA လျှပ်စစ်ဓာတ်အားခွဲရုံအား 33/11 kV 10 MVA အဖြစ်သို့ အဆင့်မြှင့် တင်ရန်အစီအစဉ်ရှိ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
အထက်ဖော်ပြပါ ဓာတ်အားခွဲရုံသည် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ မြို့တွင်တည်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၁၇ အုပ်စု၊ ကျေးရွာပေါင်း ၉၅ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၅၅ ရွာနှင့် မြို့ပေါ် ၅ ရပ်ကွက်တို့ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဓာတ်အားပေး ဧရိယာကျယ်ပြန့်လာမှု၊ ဓာတ်အားသုံးစွဲသူဦးရေ တိုးတက်များပြားလာမှုတို့ကြောင့် ကျန်ရှိသော ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး များစွာလိုအပ်မှုရှိနေသည့်အတွက် ဓာတ်အားလိုအပ်ချက် ပိုမိုကြီးမားလာသောကြောင့် လျှပ်စစ်ဓာတ်အားရရှိရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကို လျှောက်လှမ်းရာတွင် အဓိကလိုအပ်ချက်တစ်ခု ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့ရှိ 33/11 kV 5 MVA (Outdoor) လျှပ်စစ်ခွဲရုံမှ 33/11 kV 10 MVA (Indoor) လျှပ်စစ်ခွဲရုံအဖြစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
အထက်ပါမေးခွန်းနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ဖြေကြားသွား မည်ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ရှိ 33/11 kV 5 MVA ဓာတ်အားခွဲရုံမှ ကျွဲပွဲမြို့ပေါ်ရှိ ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာပေါင်း ၆၆ ရွာရှိ အိမ်ထောင်စုပေါင်း ၇,၇၆၀ စုကို ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ အမြင့်ဆုံးသုံးစွဲဝန်မှာ ၃.၂ မဂ္ဂါဝပ် တပ်ဆင် အင်အား၏ ၈၀ ရာခိုင်နှုန်းခန့်သုံးစွဲလျက်ရှိပြီး ကျေးရွာပေါင်း ၂၉ ရွာ ထပ်မံဓာတ်အားဖြန့်ဖြူးပေးရန် ကျန်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ကျွဲပွဲမြို့ပေါ်ရပ်ကွက်များ မီးလင်းပြီးဖြစ်သောကျေးရွာများနှင့် မီးလင်းရန်ကျန်ရှိသော ကျေးရွာ ၂၉ ရွာတို့ကို တိုးချဲ့ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် 33/11 kV 5 MVA ဓာတ်အားခွဲရုံမှ 10 MVA ဓာတ်အားခွဲရုံသို့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန် ကျငွေ ကျပ် ၃,၇၄၂.၄၇ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။