ဦးအောင်ဝင်းဆွေ(မြန်အောင်မဲဆန္ဒနယ်)
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့တွင် ဆရာအတတ်သင်သိပ္ပံ/ပညာရေးကောလိပ် ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပညာရေးဆိုင်ရာ ကိန်းဂဏန်းများအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပညာသင်နှစ်များတွင် မူလတန်းကျောင်းပေါင်း ၃၅,၄၆၁ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၇,၂၇၄ ကျောင်း၊ အထက် တန်းကျောင်းပေါင်း ၃,၁၃၂ ကျောင်းရှိကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မူလတန်းအဆင့်တွင် ၂၀၀,၀၀၀ ကျော်၊ အလယ်တန်းအဆင့်တွင် ၈၀,၀၀၀ ကျော်နှင့် အထက်တန်းအဆင့်တွင် ၄၅,၆၉၀ ရှိကြောင်း၊ မူလတန်း ကျောင်းသားဦးရေသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၄,၆၈၆,၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သိန်း ၅၀ ကျော်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၄၃ သိန်းကျော်၊ အလယ်တန်းကျောင်းသားဦးရေသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၁,၃၅၀,၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၁,၃၃၀,၀၀၀ ကျော်၊ အထက်တန်းဦးရေသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ၄၂၉,၀၀၀ ကျော်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၅၉၂,၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၅၇၉,၀၀၀ ကျော် ရှိကြောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ၅၁ ကျောင်းရှိခဲ့ရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၇၅ ကျောင်းအထိ ဖွင့်လှစ်စီမံခဲ့ကြောင်း တွေ့ရပါကြောင်း။
ထို့အပြင် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းကိုလည်း တချို့ကို ယခုနှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး ယခင်ပညာရေးတက္ကသိုလ်နှစ်ခုတွင် ဖွင့်လှစ်ခဲ့သည့် B.Ed စာပေးစာယူသင်တန်းကို လည်း ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် တစ်နှစ်လျှင် နှစ်သုတ်နှုန်းအပြင် အခြားဒီပလိုမာ ဘွဲ့တန်းများကိုလည်း ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် လက်ရှိကာလတွင် ပညာသင်ကြားမှုနှင့် ပတ်သက်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များသည် ပြည်စုံလုံလောက်သည့် အခြေအနေ ရှိကောင်းရှိနိုင်ပါကြောင်း၊ နောင်တစ်ချိန်တွင် ထပ်မံဖွင့်လှစ်ရန် စီမံဖို့လိုအပ်လာသည့်အခါ ဧရာဝတီ တိုင်းဒေသကြီး(မြောက်ပိုင်း) ခရိုင်မြို့တစ်ခုဖြစ်သည့် မြန်အောင်မြို့နယ်သည် ရေလမ်း၊ ရထားလမ်း၊ ကားလမ်း၊ အဝေးပြေးလမ်းများနှင့် ဆက်သွယ်ရေးအချက်အချာကျပြီး သွားရေးလာရေးလွယ်ကူသည့် အပြင် ဧရာဝတီတိုင်းဒေသကြီး(အထက်ပိုင်း)မြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုလည်း လိုအပ်ပါသော ကြောင့် ထည့်သွင်းစဉ်းစားပေးနိုင်ပါရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ပညာရေး သို့မဟုတ် ပညာရေးနှင့် ပေါင်းစပ်သင်ကြားမှုများအတွက် လေ့ကျင့်ရန် ကောလိပ်သိပ္ပံများ ထပ်မံဖွင့်လှစ်သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိခဲ့လျှင် ဧရာဝတီုတိုင်းဒေသကြီး(အထက်ပိုင်း)၊ ခရိုင်မြို့တစ်ခုဖြစ်သည့် မြန်အောင်မြို့တွင် ပညာရေးကောလိပ်တစ်ခု ဖွင့်လှစ်ပေးနိုင်မည့် အခြေအနေ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က
ပညာရေးဝန်ကြီးဌာနအနေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ၂ နှစ်သင်ပညာရေး ကောလိပ် ၂၅ ကျောင်းကို ၄ နှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ် ၂၀၁၉ ခုနှစ်တွင် အဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ မြောင်းမြ ပညာရေးဒီဂရီကောလိပ်နှင့် ဘိုကလေးပညာရေးဒီဂရီကောလိပ်တို့ကို ဖွင့်လှစ်ထားပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့သည် ၆၉ မိုင် ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် ၂ နာရီခွဲခန့် ခရီးအတွင်းတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် ကြောင်း၊ ပြည်မြို့တွင် ပြည်ပညာရေးဒီဂရီကောလိပ်ကို ဧက ၇၀ ကျယ်ဝန်းသည့် မြေပေါ်တွင် ဖွင့်လှစ်ထားရှိပြီး ကျောင်းသား ကျောင်းသူများမှ ပြည်ပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်ခွင့် လျှောက်ထားပါက တက်ရောက်ခွင့်ပြုလျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ် သင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များပါဝင်သော မြန်အောင်ခရိုင်မှ ဝင်ခွင့်ရဦးရေမှာ ပုသိမ်ပညာရေးဒီဂရီကောလိပ်သို့ ၆၄ ဦး၊ မြောင်းမြပညာရေးဒီဂရီကောလိပ်သို့ ၂၉ ဦး၊ ဘိုကလေး ပညာရေးဒီဂရီကောလိပ်သို့ ၃၅ ဦးနှင့် ပြည်ပညာရေးဒီဂရီ ကောလိပ်သို့ ၅ ဦး စုစုပေါင်း ၁၃၃ ဦး ဖြစ်ပါကြောင်း၊ ပြည်ပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်၏ စာသင်ဆောင်နှင့် အိပ်ဆောင်ဝင်ဆံ့အင်အားအရ လက်ရှိအခြေအနေတွင် Full Capacity ပြည့်မီရန် ကျောင်းသား အင်အားထပ်မံ လက်ခံသင်ကြားပေးနိုင်သော အနေအထားရှိပါကြောင်း။
နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါများရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အဆင်ပြေစေရေး၊ ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေးအတွက် ဒေသအလိုက်၊ ကျောင်းအလိုက် မျက်ခြေပြတ် မခံဘဲ လိုအပ်သလို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ နိုင်ငံတော်သည် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းအနက် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပြည်ပညာရေးဒီဂရီ ကောလိပ်အပါအဝင် ကျောင်းတချို့ကို ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အသစ်အသစ်သောကျောင်းများ အရေအတွက်တိုးဖွင့် ရန်လိုအပ်သလို ဖွင့်ပြီးသားကျောင်းများ အရည်အသွေးမြင့်ရန်၊ ဘက်စုံထောင့်စုံပြည့်စုံရန်၊ ကျောင်းသား ကျောင်းသူများ ထူးချွန်ရန်လည်း လိုအပ်သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အရေအတွက်နှင့် အရည်အသွေးကို ဟန်ချက်ညီအောင် စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထည့်သွင်းတင်ပြလိုသည်မှာ ပညာရေးဒီဂရီကောလိပ်များတည်ရှိရာ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့ခံကျောင်းသား ကျောင်းသူများဖြစ်စေ၊ နယ်ဝေးမှ လာတက်သော ကျောင်းသား ကျောင်းသူများဖြစ်စေ သက်ဆိုင်ရာ ဒီဂရီကောလိပ်တွင် ကျောင်းအိပ်၊ ကျောင်းစား နေထိုင်ပညာသင်ယူကြပါကြောင်း။
သို့ဖြစ်ပါ၍ မြန်အောင်မြို့တွင် ဆရာအတတ်သင်သိပ္ပံ/ပညာရေးကောလိပ်ဖွင့်လှစ်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်းနှင့် နောင်တွင် မြန်အောင်ခရိုင်မှ ဆရာအတတ် ပညာ ဆည်းပူးလိုသော ကျောင်းသားကျောင်းသူအရေအတွက်နှင့် နောင်ဖြစ်ပေါ်လာမည့် ခန့်မှန်း ကျောင်းသားဦးရေ (Projection) အရေအတွက်များပြားလာပြီး ပညာရေးဒီဂရီကောလိပ်အသစ်တစ်ခု တည်ထောင်ရန် လိုအပ်လာချိန်တွင် စီစဉ် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။