ဦးမြင့်ကို(တနိုင်းမဲဆန္ဒနယ်)
တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့မှ စစ်ကိုင်းတိုင်းနယ်ခြားအထိ တောင်ပေါ်လမ်း ၁၅ မိုင်အား ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ရန်အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
တနိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့နှင့်အတူ ၁၀.၅.၂၀၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့နှင့်အတူ တနိုင်းမြို့နယ်၊ နန်းယွန်းမြို့နယ်တို့မှ တာဝန်ရှိသူများ လိုက်ပါ၍ မိုးတွင်းကာလတွင် နှစ်စဉ်ခက်ခဲသော ရှင်ဗွေယန်မြို့မှ နန်းယွန်းမြို့နယ်နှင့် နယ်စပ် ၁၅ မိုင် ဝေးသော တကားခပ်ချောင်းအထိ လမ်းပိုင်းအား သွားရောက်ကြည့်ရှုခဲ့ပါကြောင်း၊ ရှင်ဗွေယန်မြို့မှ အစ ၉ မိုင် အထိ တောင်ပေါ်အတက်လမ်းဖြစ်ပြီး ၎င်းအတက်လမ်းပိုင်းသည် နှစ်စဉ်ရာသီမရွေး မိုးရွာသွန်း မှု ကြောင့် လမ်းခင်းထားသည့်ကျောက်များသည် ရေနှင့်မျှောပါသွားပြီး လမ်းဘေး သို့ ကျရောက် ပြီး လက်ရှိလမ်းမှာလည်း မြေသားလမ်းဖြစ်ပေါ်နေပါကြောင်း။
၎င်းလမ်းသည် မည်သည့်အချိန်မဆို မိုးအနည်းငယ်ရွာသွန်းသည်နှင့် အမြဲတမ်းပြေးဆွဲနေသည့် (4WD)ကားအငယ်များသည် ၁၅ မိုင်ခရီးကို နှစ်ရက်တိတိကြာသည်ဟု ယာဉ်မောင်းများ ၏ပြောဆိုမှုကို ကြားသိရပါကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီကာလတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၎င်း ၉ မိုင် တောင်တက်လမ်းသည် တောင်ပြိုပြီး လမ်းပိတ်ဆို့မှုကြောင့် တစ်လခွဲခန့်ကြာမြင့် သွားပါကြောင်း၊ မိမိတို့ကိုယ်စားလှယ်အဖွဲ့သွားသည့်အချိန်တွင် မိုးမရွာတာကြောင့် ၁၅ မိုင်ခရီး အသွားအတက် နှစ်နာရီ ခွဲ၊ အပြန်အဆင်း ၂ နာရီကြာမြင့်ခဲ့ပါကြောင်း ထို့ကြောင့် မိမိတို့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့မှ နယ်စပ် ၁၅ မိုင်ထိလမ်းအား ရာသီမရွေးလွယ်ကူစွာ သွားလာနိုင်ရေးအတွက် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးစေလိုပါကြောင်း၊ ကချင်ပြည်နယ်နှင့် နယ်စပ် စစ်ကိုင်း တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင်ရှိသည့်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်း များ အားလုံး၏ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို မြစ်ကြီးနား-တနိုင်း-နန်းယွန်းဆက်သွယ်မှုလမ်းကို အဓိကထားသွားလာနေတာ ကြောင့် မဖြစ်မနေ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်မည်ဆိုပါက ရှင်ဗွေယန်မြို့မှ နန်းယွန်းမြို့ ကို ရာသီမ ရွေးသွားလာနိုင်သည့်အပြင် လက်ရှိပြေးဆွဲနေသည့်ကားငယ်၊ ဆိုင်ကယ်များအပြင် ကုန်တင် ကားကြီး တို့ကိုပါ ပြေးဆွဲနိုင်တော့မည်ဖြစ်သလို နန်းယွန်းမြို့မှပြည်သူများမှာလည်း ကုန်ဈေးနှုန်းကြီးမှု ဒဏ်မှ လွတ်မြောက်သွားမည်ဖြစ်ပါ၍ တနိုင်းမြို့နယ်မဲဆန္ဒရှင်ပြည်သူများနှင့် နန်းယွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်ပြည်သူများကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ၎င်း ၁၅ မိုင်အတွင်း ပျက်စီးနေသောနေရာများအား ပြုပြင်ပေးရန်အစီအစဉ်ရှိ/ မရှိ မေးမြန်းတင်ပြရခြင်း ဖြစ်ပါကြောင်း၊ အကယ်၍ ယခုဘဏ္ဍာရေးနှစ် ၂၀၂၆-၂၇ တွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အချိန်အခါတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည် ။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဦးမျိုးသန့် က
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး၏ ကြယ်ပွင့်ပြမေးခွန်းမှာပါရှိသည့်လမ်းသည် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ယခင်လီဒိုလမ်း၏ကချင်ပြည်နယ် အပိုင်းရှိ နမ္မတီးမြို့မှ တဂတ်ခအထိ ၁၄၄ မိုင်၊ ၁ ဖာလုံ အရှည်ရှိသည့် လမ်းအပိုင်းတွင် ပါဝင်မည်ဖြစ်ပါကြောင်း၊ လက်ရှိ လမ်းအခြေအနေမှာ ကတ္တရာ ကွန်ကရစ်လမ်း ၂၀ မိုင်၊ ကွန်ကရစ်လမ်း ၃၂ မိုင်၊ ၄ ဖာလုံ၊ ကတ္တရာလမ်း ၆ မိုင်၊ ၅ ဖာလုံနှင့် အမာခံလမ်းအဆင့်ရှိပြီး ၈၅ မိုင်သာရှိပါကြောင်း၊ တောင်ပေါ်လမ်း ၁၅ မိုင်လမ်းဆိုလျှင် အတက် အဆင်းလည်း Gradient ဖြစ်ပြီး လမ်းလည်းကြမ်းပါကြောင်း၊ ကချင်ပြည်နယ်တွင် လမ်းမိုင်ပေါင်း ၂,၆၃၅ မိုင်ရှိပြီး လက်ရှိကျောက်ခမ်းလမ်းအဆင့်ဖြစ်သည့်လမ်းမှ ၂၆၉ မိုင်၊ ၁ ဖာလုံ၊ အမာခံလမ်း အဆင့်ရှိသည်လမ်းမှ ၄၂၁ မိုင်၊ ၂ ဖာလုံနှင့် မြေသားလမ်းအဆင့် ၇၃၂ မိုင်၊ ၂ ဖာလုံရှိနေပါကြောင်း၊ မိမိတို့ အဆင့်တဖြည်းဖြည်းမြှင့်တင်ပြီး ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် လီဒိုလမ်း၏ ကချင်ပြည်နယ်အပိုင်းတွင် တနိုင်းမြို့နှင့် ရှင်ဗွေယန်မြို့ကြား ၂၀၂၆-၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရမှနေပြီး မြို့အဝင် အထွက်လမ်း ၁ မိုင်၊ ၁ ဖာလုံ၊ ၁၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း၊ ကျောက်ခင်းလမ်းခင်းခြင်း ၄ မိုင်၊ မြေသားတာဘောင်မြှင့်တင်ခြင်း ၂ မိုင်၊ ၃ ဖာလုံ၊ Box Culvert ၁၀ ခုတည်ဆောက်ခြင်း၊ ဘေလီတံတား ၉၀ ပေ တစ်စင်းတည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် မြေပြန့်ပိုင်းကို ယခင်က ဆင်နှင့် ဆွဲရသည့်အဆင့်၊ ချိန်းဘလော့များနှင့် ဆွဲရသည့်အဆင့် ဖြစ်ပါကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစီးပြီး ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အောက်ပိုင်းကို တဖြည်းဖြည်းဆောင်ရွက်လာြခင်း ဖြစ်ပါကြောင်း၊ တနိုင်း-ရှင်ဗွေယန်လမ်းကို စစ်ကိုင်းလမ်း အထိ အပေါ်က တောင်ပေါ်လမ်း ၁၅ မိုင်မပါသေးပါကြောင်း၊ အောက်ပိုင်းကို ကားသွားလို့ရအောင် လုပ်ပေးနေပါကြောင်း၊ ကျန်ရှိသည့် တောင်ပေါ်လမ်း ၁၅ မိုင်ကို ကျောက်ချောလမ်း အဆင့်မြှင့်တင်ရေးအတွက်လည်း ယနေ့ ဝန်ကြီးချုပ် နှင့် ညှိခဲ့ပါကြောင်း၊ ဦးစားပေး ဆောင်ရွက်ပေးဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်ပြီး ရန်ပုံငွေရရှိသည့် အပေါ် မူတည်ပြီး စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။