ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း (မူဆယ်မဲဆန္ဒနယ်)
မူဆယ်မြို့ဒေသခံများ တရုတ်နိုင်ငံရွှေလီမြို့သို့ဝင်ရောက်ရန် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ် လျင်မြန်လွယ်ကူစွာရရှိရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ် နေသည့် နယ်စပ်မြို့ကြီးတစ်ခုဖြစ်ပါကြောင်း၊ မူဆယ်မြို့ပေါ်တွင် အခြေချနေထိုင်သူ လူဦးရေ ၁၂၀,၀၀၀ ကျော်ရှိပြီး ပတ်ဝန်းကျင်ကျေးရွာများနှင့်မူဆယ်မြို့အနီးနမ်းခမ်းမြို့တွင် နေထိုင်သူ များ အပါအဝင် လူဦးရေ ၁၇၀,၀၀၀ ခန့်ရှိပါကြောင်း။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရှမ်းမြောက်ဒေသတိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် မူဆယ်မြို့ သည် မြန်မာနိုင်ငံအတွင်း အခြားဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် သွားပြီး ဒေသခံ ပြည်သူလူထုသည် လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ကိစ္စအဝဝအတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့်သာ အဓိကဆက်သွယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ မူဆယ်မြို့ နှင့်နမ့်ခမ်းမြို့ အိမ်ထောင်စု စာရင်းရှိသောသူများသည်တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ သွားရောက်ရန် အတွက် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်အနီရရှိရန် မူဆယ်ခရိုင် လဝက ဦးစီးမှူး ရုံးတွင် လျှောက်ထားရပါကြောင်း၊ BP စာအုပ်အနီအသစ်စတင်လျှောက်ထားခြင်း၊ သက်တမ်း တစ်နှစ်ကုန်၍လျှောက်ထားခြင်း၊ သက်တမ်း မကုန်သေးသော်လည်း နေ့စဉ်အဝင် အထွက် ပြုလုပ်နေ၍ စာအုပ်ကုန်သွားသဖြင့် လျှောက်ထားခြင်း၊ စာအုပ်ပျက်စီးပျောက်ဆုံး၍ ပြန်လည် လျှောက်ထားခြင်းများရှိပါကြောင်း၊
ထိုသို့ စာအုပ်စတင်လျှောက်ထားသည့် နေ့မှစပြီး ရက်ချိန်းတိုကင်ပေးလိုက်ရာ ခန့်မှန်း ချိန် ၁၅ ရက်ခန့်ကြာမြင့်ပါကြောင်း၊ ရက်ချိန်းရရှိသောနေ့မှာ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ် ပြီး တစ်ပတ်ခန့် အကြာတွင် BP စာအုပ်အနီကိုထုတ်ယူရရှိကာ စတင် လျှောက်ထားသည့် နေ့မှ စပြီး ရရှိသည့်အချိန်ထိ တစ်လခန့်ကြာမြင့်ခဲ့ပါကြောင်း၊ အဲ့လိုအချိန်ကြာမြင့်မှုကြောင့် အရေးပေါ် လိုအပ်သူများအတွက် ပွဲစား များ၊ အကျိုးဆောင်များပေါ်ပေါက်လာ၍ မလိုလားအပ်သော လိမ်လည်မှုများ၊ အဂတိမှုများ ဖြစ်ပေါ်လာပါကြောင်း၊ နေ့စဉ် ဂိတ် ၂ ခုမှ စာအုပ်အနီဖြင့် ဝင်ထွက်မှုကတော့ တင်ပြပါအတိုင်းပဲ လူဦးရေ ၃,၀၀၀နှင့် ၄,၀၀၀ ကြားသည် နေ့စဉ် တရုတ် နိုင်ငံကို အဝင်အထွက်ရှိနေကြောင်း၊ အချိန်တစ်လခန့် ကြန့်ကြာရခြင်း ကိုလေ့လာ ကြည့်ရာ BP စာအုပ်များကို နေပြည်တော်ရုံးချုပ်မှ ထုတ်ယူရသည့်အတွက် လက်တလော လမ်းပန်း ဆက်သွယ်ရေးအခြေအနေအရ နေပြည်တော်မှ မူဆယ်ကို မော်တော်ယာဉ် ဖြင့်သယ်ယူနိုင်ခြင်း မရှိဘဲ နေပြည်တော်မှ မော်တော်ယာဉ်ဖြင့် မန္တလေးမြို့၊ မန္တလေးမြို့မှ ပြည်ပ လေကြောင်းလိုင်း ဖြင့် တရုတ်နိုင်ငံ မန်ရှီမြို့၊ မန်ရှီမြို့မှ မော်တော်ယာဉ်ဖြင့် ရွှေလီမြို့၊ ၎င်းမှမူဆယ်သို့ အဆင့် ဆင့်ရောက်ရှိခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ခက်ခဲစွာသယ်ယူရသည့်အတွက် တစ်ကြိမ်သယ် လျှင် BP စာအုပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ ခန့်သာ သယ်ယူနိုင်၍ သယ်ယူမှု ကုန်ကျစရိတ်ကလည်း တစ်ကြိမ်မှာ ကျပ် သိန်း ၄၀၀ ကျော်ကုန်ကျလျက်ရှိရာ ဒေသခံများထံမှအလှူခံ၍ ဒေသ အစီ အစဉ်ဖြင့် သယ်ယူနေရသည်ကို သိရှိရပါကြောင်း၊ တစ်နေ့ကို အုပ်ရေ ၃၅၀ ခန့် တစ်လကို အုပ် ရေ ၁၀,၀၀၀ ခန့်သာထုတ်ပေးနိုင်သည့်အတွက် BP စာအုပ်လျှောက်ထားသူ ဒေသခံ ပြည်သူ လူထုသည် တစ်လခန့် စောင့်ဆိုင်းနေရပြီး အခက်အခဲများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါကြောင်း။
ထို့အပြင် BP စာအုပ်နှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ် စာချုပ် လက်မှတ်ရေးထိုး စဉ်က နယ်စပ်ခရိုင်ဖြစ်သည့် မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင် အိမ်ထောင်စုဝင်များကို BP စာအုပ်ထုတ်ပေးရန် ခွင့်ပြုခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ခရိုင်အသစ်များ ဖွဲ့စည်းခဲ့သည့်အတွက် ကွတ်ခိုင်မြို့နယ်သည် ကွတ်ခိုင်ခရိုင်အဖြစ် သီးခြား ဖွဲ့စည်းခဲ့ခြင်းကြောင့် အဆိုပါ ဒေသခံများကို BP စာအုပ်ထုတ်ပေး နိုင်ခြင်းမရှိတော့ပါကြောင်း၊ ကွတ်ခိုင်ဒေသမှ ဒေသခံလူထုသည် တိုက်ပွဲဖြစ်စဉ်များကြောင့် လုံခြုံစိတ်ချရသည့် မူဆယ်မြို့ တွင် လာရောက်နေထိုင်လျက်ရှိရာ တရုတ်နိုင်ငံ နှင့် လက်မှတ်ရေးထိုးစဉ်က ခွင့်ပြုမြို့နယ် များ အတိုင်း ကွတ်ခိုင်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ရှိပြီး မူဆယ်မြို့တွင် လာရောက် နေထိုင် သူ များကို BP စာအုပ်ထုတ်ပေးနိုင်မည်ဆိုလျှင် ပြည်သူလူထုအတွက် ပိုမိုအဆင်ပြေမည် ဖြစ်ပါ ကြောင်း၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ရရှိရန် ခက်ခဲကြန့်ကြာနေခြင်း ဖြစ်သည့်အတွက် မူဆယ် လူထုသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေခဲ့ရခြင်းဖြစ်ပါကြောင်း၊ မူဆယ်မြို့သည် တိုက်ပွဲ၏ အကျိုးဆက်ကြောင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ပြီး ကုန်ဈေးနှုန်းကြီးမြင့် သည့်ဒဏ်ကို ခံစားနေကြရကြောင်း၊ ထို့ကြောင့် မူဆယ် နှင့် နမ့်ခမ်းဒေသမှ လူထုများအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ကူညီစောင့်ရှောက်မှုကို အထူးမျှော်လင့်နေကြကြောင်း။
သို့ဖြစ်ပါ၍ တရုတ်နိုင်ငံနှင့် ၁၉၉၇ ခုနှစ် စာချုပ်ချုပ်ဆိုစဉ်က ပါဝင်ခဲ့သော နယ်စပ်ခရိုင် မြို့နယ်များဖြစ်သည့် မူဆယ်၊ နမ့်ခမ်းအပြင် ကွတ်ခိုင်မြို့နယ်တွင် အိမ်ထောင်စုစာရင်း ကိုင် ဆောင်ထားပြီး မူဆယ်မြို့တွင် လာရောက်နေထိုင်သည့် ပြည်သူများကိုပါ BP စာအုပ်အနီ ထုတ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မူဆယ်မြို့တွင် BP စာအုပ်အနီလွယ်ကူစွာရရှိစေရေးအတွက် မူလထုတ်ပေးထားသည့် BP စာအုပ်ကို စာအုပ်မကုန်သေးဘဲ စာအုပ်ခွင့်ပြုချက် သက်တမ်း တစ်နှစ်ပြည့်သွားသည့်သူများကို ၎င်းစာအုပ်တွင်ပါ သက်တမ်းတိုးမြှင့်ပေးခြင်း သို့မဟုတ် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် BP စာအုပ်များကို လားရှိုမြို့သို့ ပို့ဆောင်ပေးထားပြီး ကား အကြုံဖြင့် သယ်ယူစေခြင်းစသည့် နည်းလမ်း ၂ ခုနှင့် မည်သည့်နည်းလမ်း ဖြင့် ဆောင်ရွက် ပေးနိုင်ရန် အစီအစဉ်ရှိ မရှိ သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင်
မူဆယ်မြို့နယ်တွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်BP စာအုပ်ထုတ်ပေးရန်အချက်နှင့်
စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ တို့ အကြား ၁၉၉၇ ခုနှစ်၊ မတ်လ ၂၅ ရက်၌ ချုပ်ဆိုခဲ့သော မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံ ခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ပါဝင်ပြီး အထက်ပါစာချုပ် အပိုဒ် (၂၀) အရ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ဖြင့် သွားလာ ဝင်/ထွက်ခွင့်ကို နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များ၊ နယ်စပ် တွင် နေထိုင်သူများအား ဒေသထုတ်ကုန်ပစ္စည်းများဖလှယ်နိုင်ရန်၊ နယ်စပ်တစ်လျှောက် စီးပွား ရေး၊ ယဉ်ကျေးမှုနှင့်အားကစားများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဘာသာရေးဆိုင်ရာ ပွဲလမ်း သဘင်များ၊ လူမှုရေးဆိုင်ရာလည်ပတ်မှုများ၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ၊ စီးပွားရေး ဆောင်ရွက်မှုများ၊ တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များအတွက် မူဆယ်နယ်စပ် ဒေသခရိုင် နေထိုင်သူများကိုသာ သတ်မှတ်ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့်ဖြစ်ပါကြောင်း၊ အလျဉ်းသင့် လို့တင်ပြလို သည်မှာ (TBP) မူဆယ်ခရိုင်မှ လွဲ ၍ ကျန် သည့် မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် မြန်မာနိုင်ငံသားများ ခေတ္တခဏ တရုတ်နိုင်ငံကိုသွားလည်မည်ဆိုလျှင် အဆိုပါ (TBP) နှင့် သွားရမည် ဖြစ်ပါကြောင်း၊ Boder Pass နှင့် Temporary Boder Pass ကွာခြားချက်မှာ Boder Pass သည် တစ်နှစ်တိတိသုံးစွဲခွင့် ရှိ၍ (TBP) မှာ တစ်ကြိမ်သာသုံးစွဲခွင့်ရှိကြောင်း ၊
အဆိုပါ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ကို နယ်စပ်ဒေသတွင် တာဝန်ထမ်း ဆောင်နေသည့် ပုဂ္ဂိုလ်များ၊ နယ်စပ်တွင်နေထိုင်သူများမှ သတ်မှတ်လျှောက်ထားရမည့် ပုံစံများတွင် ဖြည့်စွက်လျှောက်ထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်၊ ခရိုင် ဝန်ထမ်းများမှ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဧည့်နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသား ပြုခွင့် စိစစ်ရေးကတ်ပြား၊ UID ကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းတို့ဖြင့် အချက်အလက်များမှန်ကန်ခြင်း ရှိ မရှိ ကာယကံရှင်နှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ အမည်မည်း စာရင်းနှင့် တရားခံပြေးစာရင်းတွင် ပါဝင်ခြင်း ရှိ မရှိကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းစိစစ်၍ အချက်အလက်မှန်ကန်သူ တရားခံပြေး စာရင်းနှင့် အမည်မည်းစာရင်း ကင်းရှင်းသူများကိုသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Boder Pass (BP) စာအုပ်ထုတ်ပေးခြင်းဖြစ်ပါကြောင်း။
မူဆယ်နယ်စပ်ဒေသခရိုင်အတွင်း နေထိုင်သူ ၃၇ဝ,ဝဝဝ ဦးခန့်ရှိပါကြောင်း၊ မူဆယ် နယ်စပ် ဒေသခရိုင်အတွင်းနေထိုင်သူများမှ ၂၀၂၃ မှ ၂၀၂၆ ခုနှစ်အတွင်း တစ်နေ့လျှင် ၃၅၀ မှ ၅ဝဝ ဦးခန့် အထိ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်များ ထုတ်ပေးခဲ့ပြီး ၁၇-၁-၂၀၂၃ ရက်မှ ၈-၆-၂ဝ၂၆ ရက်အထိ နယ်စပ်ဖြတ်သန်းခွင့် BP စာအုပ် ထုတ်ပေးခဲ့သူပေါင်းမှာ ၃၄ဝ,ဝဝဝ ကျော်ရှိပါကြောင်း၊ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ဖြင့် မူဆယ်မှရွှေလီသို့ နယ်စပ်နေပြည်သူများ တစ်နေ့လျှင် ၃၅၀၀ ဦးခန့် ထွက်ခွာပြီး ပြန်ဝင်လာသည့်ဦးရေ ၂၉ဝဝ ဦးခန့်သာ ပြန်လည်ဝင်ရောက်ပါကြောင်း။
နယ်စပ်ဒေသနေသူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်ဖြင့် တရုတ်နိုင်ငံ တွင် သတ်မှတ်နေခွင့်ကာလ ၆ ည အိပ် ၇ ရက် စနစ်တကျ ဝင် ထွက်သွားလာ ခွင့်ပြုထား သော် လည်း သတ်မှတ်ကာလထက် ကျော်လွန်နေထိုင်ပြီး တစ်ဖက်နိုင်ငံတွင် တရားမဝင်နေထိုင် လုပ်ကိုင် အလုပ်လုပ် နေကြောင်း၊ နယ်စပ်ကော်မတီအစည်းအဝေးများတွင် တင်ပြချက်များအရ စိစစ်တွေ့ရှိရပါကြောင်း၊ အထက်ပါစာအုပ်ထုတ်ပေးခဲ့သည့်ကာလအတွင်း တရုတ်နိုင်ငံတွင် ရက်ကျော်လွန်နေထိုင်၍ ပြန်လည် ဝင်ရောက်ခြင်းမရှိသူမှာ ၅၀,၀၀၀ ဦးကျော်ခန့် ရှိကြောင်း တရုတ်နိုင်ငံတင်ပြချက်အရ သိရှိရပါကြောင်း၊ သို့ဖြစ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနမှလည်း သတ်မှတ်ရက် ကျော်လွန်ပြီး တရားမဝင် နေထိုင်သူများ ပြား ခြင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ ဝင်ထွက်မှု များအား ကန့်သတ်စိစစ်ပေးနိုင်ပါရန် ညှိနှိုင်း ဆွေးနွေးချက်များအရ တရုတ်နိုင်ငံတွင် တရားမဝင် နေထိုင်သူများ လျော့နည်းပ ပျောက်ရေး အတွက် ဝင်/ထွက်မှုများကို စနစ်တကျကန့်သတ်ပေးပါရန် ညှိနှိုင်းချက်များအရ နေ့စဉ် ၃၅၀ မှ ၅၀၀ ဦးခန့်အတွင်းသာ ထုတ်ပေးခြင်းဖြစ်ပါကြောင်း။
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ် ထုတ်ပေးခြင်းနှင့်စပ်လျဉ်း၍ မသမာမှုများ
လုပ်ဆောင်နေကြောင်းတွေ့ရှိပါက နစ်နာတိုင်ကြားသူများအနေဖြင့် အမည်၊ မှတ်ပုံတင်အမှတ်၊
နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ ပြည့်စုံစွာဖြင့် မသမာမှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ၊ နေ့ရက်၊ အချိန်၊တာဝန်ကျ ဝန်ထမ်းအမည်တို့ကို ဖော်ပြတိုင်ကြားနိုင်ပြီး မိမိတို့ဝန်ကြီးဌာနမှ စိစစ် ဖော်ထုတ်၍မှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးမှ ကွတ်ခိုင်မြို့နယ် (တာမိုးညဲအပါအဝင်) သည် ကွတ်ခိုင်ခရိုင်အတွင်း ပါဝင်ခဲ့ သောကြောင့် အဆိုပါ ဒေသခံများအား နယ်စပ်ဖြတ်သန်းခွင့် BP စာအုပ်ထုတ်ပေးခြင်း မရှိနိုင် တော့ ကြောင်းနှင့် အဆိုပါ ကွတ်ခိုင်ဒေသမှ ဒေသခံပြည်သူများသည်လည်း တိုက်ပွဲ ဖြစ်စဉ်များ ကြောင့် မူဆယ်ဒေသတွင် လာရောက်နေထိုင်နေလျက်ရှိသဖြင့် ကွတ်ခိုင်မြို့နယ် (တာမိုးညဲ အပါ အဝင်)ဒေသမှ ပြည်သူများကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ထုတ်ပေးပါက ပိုမို အဆင်ပြေနိုင်မည်ဖြစ်ကြောင်း အကြံပြုချက်နှင့်စပ်လျဉ်း၍ ၂၅-၃-၁၉၉၇ ရက်တွင် ချုပ်ဆိုခဲ့ သော မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများစီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်အပိုဒ် ၂ဝ အရ မူဆယ်နယ်စပ်ဒေသခရိုင်အတွင်း နေထိုင်သူများကို သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ထုတ်ပေး နေခြင်း ဖြစ်သဖြင့် ကိုယ်စားလှယ်ကြီး အကြံပြု ချက်တွင် ဖော်ပြပါရှိသော တိုက်ပွဲဖြစ်စဉ်များကြောင့် လုံခြုံစိတ်ချရသည့် မူဆယ်မြို့သို့လာရောက်နေထိုင်သောကွတ်ခိုင်(တာမိုးညဲအပါ အဝင်) ဒေသမှ ဒေသခံပြည်သူများသည်လည်း သတ်မှတ်ချက် များနှင့်အညီ ကွတ်ခိုင်မှ မူဆယ်သို့ အိမ်ထောင်စု စာရင်း ပြောင်းရွှေ့နေထိုင်ပါက နယ်စပ်ဖြတ်သန်း ခွင့်လက်မှတ် BP စာအုပ်ကို လုပ်ထုံးလုပ်နည်း နှင့်အညီ ထုတ်ပေးရန် ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း။
နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်BPစာအုပ်၏စာရွက်မ ကုန်သေး ဘဲ စာအုပ်သက်တမ်း ၁ နှစ်ကုန်သွားသူများကို၄င်းစာအုပ်တွင်ပင်၁နှစ်သက်တမ်း တိုးမြှင့် ပေးရန် အကြံပြုချက် နှင့် စပ်လျဉ်း၍ ၂၅-၃-၁၉၉၇ရက် တွင်ချုပ်ဆိုခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက် နယ်စပ်ဒေသ အစည်းအဝေး မှတ်တမ်းများအရ လုပ်ပိုင်ခွင့်မရှိကြောင်း။ ထို့အပြင် နယ်စပ်ဖြတ် သန်းခွင့်လက်မှတ် BP စာအုပ်များကို လတ်တလောလမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသော ကာလအတွင်း မူဆယ်မြို့ တွင်ပင် ပုံနှိပ်ခွင့်ပြုပေးရန် သို့မဟုတ် ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဒေသ အတွင်း လိုအပ်သော နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Border Pass (BP) စာအုပ်များကို လားရှိုး မြို့သို့ ပို့ဆောင် ပေးထားပြီး(ပ)ကြုံဖြင့်သယ်ယူစေ၍ အချိန်မီပို့ဆောင်ပေးရန် အကြံပြုချက်နှင့် စပ်လျဉ်း ၍ နယ်စပ်ဖြတ်သန်းခွင့် BP စာအုပ်သည် နှစ်နိုင်ငံသဘောတူညီချက်အရ လုံခြုံရေးနှင့် သက်ဆိုင်သည့် ကြီးကြပ်ကန့်သတ်ပစ္စည်းအဖြစ် သတ်မှတ်ထားသောကြောင့် ကာကွယ်ရေး ဝန်ကြီး ဌာန၊ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ညွှန်ကြားရေးမှူးရုံးသို့ အပ်နှံပုံနှိပ်ရခြင်း ဖြစ်သဖြင့် မူဆယ်တွင် ပုံနှိပ်ထုတ်ဝေခွင့်မရှိပါကြောင်းနှင့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် BP စာအုပ်များကို ယခင်က လားရှိုးမှ မူဆယ်သို့သယ်ယူပို့ဆောင်လျက်ရှိရာမှ ၁ဝ၂၇ အကြမ်းဖက် ဖြစ်စဉ်များဖြစ်ပွားစဉ်ကာလအတွင်းတွင်သာ အနည်းငယ်အခက်အခဲဖြစ်ခဲ့ပြီး ယခုအချိန်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်၏ ယာဉ်တန်း၊ ရဟက်ယာဉ်အစီအစဉ်ဖြင့် လားရှိုး မှတစ်ဆင့် မူဆယ် သို့ ပို့ဆောင်ပေးလျက်ရှိပါကြောင်း ၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ အကျဉ်းချုပ် တင်ပြရ မည်ဆို လျှင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်ထိ မူဆယ်ခရိုင်တွင် BP စာအုပ် ၈၇,၅၆၉ အုပ် လက်ကျန် ရှိပြီး ယခုစာအုပ်ထပ် ပေးရန် ၉၀,၀၀၀ အား ယာဉ်တန်းကြုံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ဖြင့် ညှိနှိုင်းပို့ဆောင်စီစဉ်လျက်ရှိကြောင်း ဖြေကြားခဲ့ပါသည်။
ဦးအောင်ဇော်မိုး (ခ) အောင်ဇော်မိုးထွန်း(မူဆယ်မဲဆန္ဒနယ်)ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ယခုတင်ပြထားခဲ့သည့်မေးခွန်းသည် ပထမပုံမှန်အစည်းအဝေး၌ ဧပြီလတွင် တင်ပြခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဖြေသွားသည်မှာ နောက်ဆုံးအခြေအနေ အမှန်ဖြစ်ပါ ကြောင်း၊ ယခုဆိုလျှင် စာအုပ်များ လွယ်လွယ်ကူကူရရှိနေပြီဖြစ်ပါကြောင်း၊ သို့သော် ထိုသို့ လွယ်လွယ် ကူကူ ရရှိအောင်လုပ်ခဲ့ရသည့် အခြေအနေကို အနည်းငယ်တင်ပြလိုပါကြောင်း၊ ၂၀၂၃ ခုနှစ် တိုက်ပွဲများဖြစ်ပွားပြီးနောက်တွင် BP စာအုပ်များကို လေကြောင်းခရီးနှင့် စတင်သယ်ယူ ခဲ့ရသည့် အခြေအနေကိုတင်ပြလိုကြောင်း၊ ၁-၁၀-၂၀၂၄ ရက်တွင် BP စာအုပ် အုပ်ရေ ၃၀,၀၀၀ကို စတင် သယ်ယူခဲ့ပြီး တစ်နေ့ကို အုပ်ရေ ၂၅၀ ခန့်ကိုထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၈-၂-၂၀၂၅ ရက်တွင် အုပ်ရေ ၄၀,၀၀၀သယ်ယူခဲ့ပြီးတစ်နေ့ကို၂၅၀ ခန့်သာထုတ်ပေးနိုင်ပါကြောင်း၊ ၃၁-၇-၂၀၂၅ ရက်တွင် အုပ်ရေ ၅၀,၀၀၀သယ်ယူပြီးတစ်နေ့ကို၂၅၀ ခန့်သာ ထုတ်ပေးနိုင်ပါကြောင်း၊ ၂၅-၃-၂၀၂၅ ရက်တွင် အုပ်ရေ ၅၀,၀၀၀သယ်ယူပြီးတစ်နေ့ကိုအုပ်ရေ ၃၅၀ ခန့် ပိုမိုထုတ်ပေးလာနိုင်ခဲ့ပါကြောင်း၊ ၁၄-၅-၂၀၂၆ ရက်တွင် BP စာအုပ် ၁၀၀,၀၀၀သယ်ယူခဲ့ခြင်းဖြစ်ပြီး သယ်ယူမှုတစ်ကြိမ်နှင့် တစ်ကြိမ်ကြား ၅ လခန့် ကြာမြင့်ခြင်း ဖြစ်ပြီး ၅ လကို တစ်ကြိမ်သယ်ယူခြင်းဖြစ်ပါကြောင်း၊ အစော ပိုင်း ၅ လတွင် စာအုပ် ၄၀,၀၀၀၊၅၀,၀၀၀ခန့် သာသယ်ယူနိုင်ပြီး နောက်ဆုံးအကြိမ်မှာ စာအုပ် ၁၀၀,၀၀၀သယ်ယူခဲ့ ခြင်းဖြစ်ပါကြောင်း၊ BP စာအုပ် ၁၀၀,၀၀၀သယ်ယူပြီးသည့်နောက်တွင် တစ်နေ့ကိုအုပ်ရေ ၅၀၀ ထုတ်ပေးနိုင်ပါကြောင်း၊ ထိုသို့ ထုတ်ပေးနိုင်သည့် အတွက်လည်း ပြည်ထောင်စုဝန်ကြီး ပြောသကဲ့သို့ အဆင်ပြေလွယ်ကူလျင်မြန်သွားခြင်းဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ၂၀၀ အုပ် လောက်သာ လာထုတ်သည့် အနေအထားဖြစ်ပါကြောင်း၊ ပြည်သူလူထုက စာအုပ်နည်းပါး နေသည်ကို သိသည့်အခါတွင် ၎င်းတို့လိုသည့်အချိန်တွင် စာအုပ်မရမည်ကို စိုးရိမ်သည့်စိတ်နှင့် လိုလိုမလိုလို Token လာယူ ၍တန်းစီသည့်အတွက် လူဦးရေများပြားပြီး မသမာမှု များ ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ လွယ်လွယ်ကူကူနှင့်စာအုပ်များရှိသည်ကိုလည်း ၎င်းတို့ သိ ကြောင်း၊ လွယ်လွယ်ကူကူနှင့်ရသွားသည့်အတွက် ပြဿနာမရှိသော်လည်း အောက်ခြေ ဝန်ထမ်း များနှင့် မြို့မှ ပြည်သူလူထုအတွက်တော့ စာအုပ်သယ်ယူမှုကုန်ကျစရိတ်သည် ဝန်ထုပ် ဝန်ပိုး ဖြစ်နေပါကြောင်း၊ ၁၄-၅-၂၀၂၆ ရက်တွင် အုပ်ရေတစ်သိန်းသယ်ယူခဲ့ရာတွင် လေယာဉ် ပေါင်အလေးချိန် 3900 KG ရှိပြီး ပေါင်ပိုခအနေဖြင့် လေကြောင်းလိုင်းကို 1 KG ကို ၃၃ ယွမ်ပေးချေရပါကြောင်း၊ စုစုပေါင်း လေယာဉ်ပေါင်ပိုခ ယွမ် ၁၃၀,၀၀၀လောက်ပေးချေခဲ့ရပြီး နေပြည်တော်မှမူဆယ် ရောက်သည် အထိ သယ်ယူသည့်ကုန်ကျစရိတ်စုစုပေါင်းသည် စာအုပ် တစ်သိန်းကိုကျပ်သိန်း၁,၀၀၀ လောက် ကုန်ကျခဲ့ပါကြောင်း၊ BP စာအုပ်များကို ယခုလို လွယ်ကူ စွာ ထုတ်ပေးနိုင်ခြင်းသည် ဝန်ကြီးဌာနမှ တောင်းခံသမျှစာအုပ်များကို ထုတ်ပေးသည့် အတွက် အဆင်ပြေသော်လည်း သယ်ယူမှုကုန်ကျစရိတ်အတွက် ဒေသအစီအစဉ်ဖြင့် အလှူခံ၍ ဆောင်ရွက်ခြင်း သည် တစ်ခါတရံ သာသင့်တော်ပါကြောင်း၊ ယခု BP စာအုပ်လက်ကျန် ၈၇,၀၀၀ခန့်ကျန်သည်ဟုသိရပါကြောင်း၊ တစ်လကျော်အတွင်းတွင် စာအုပ်တစ်သောင်းခွဲလောက် ထုတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုနှုန်းအတိုင်း ထုတ်ပေးမည်ဆိုလျှင် နောက် လေးလ၊ ငါးလ လောက်ဆိုလျှင် စာအုပ်လက်ကျန် နည်းပါးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီး ဌာန၏အစီအစဉ်နှင့် BP စာအုပ်များ လားရှိုးမြို့ကို မည်သည့်လတွင် စတင်ပေးဆောင်နိုင်မည်ကို သိရှိလိုပါကြောင်း ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးမြင့်ကြိုင်
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့်အတွက် မိမိတို့၏ အခက်အခဲကြားက လုပ်ဆောင်ချက်များကို တင်ပြနိုင်ခွင့်ရှိတာဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ Boder Pass (BP)စာအုပ်များ ပို့ဆောင်မှု၊ စာအုပ်များထုတ်ပေးမှုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ စိုးရိမ်ပူပန်စွာမေးမြန်းမှုအတွက် လွန်စွာ ကျေးဇူး တင်ရှိကြောင်းဦးစွာပထမ ဖြေကြားလိုပါကြောင်း၊ BP စာအုပ်များကို နေပြည်တော်မှ လားရှိုး၊ လားရှိုးမှ မူဆယ်အထိ ပို့ဆောင်မှုများကို ဝန်ကြီးဌာနကွပ်ကဲမှုအောက်တွင်ရှိသည့် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ယူပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် BP စာအုပ်များကို နေပြည်တော်မှ လားရှိုး၊ လားရှိုးမှ တစ်ဆင့် မူဆယ် သို့ ပို့ဆောင်ရာတွင် လုံခြုံရေးယာဉ်တန်းအစီအစဉ်၊ ရဟတ်ယာဉ်အစီအစဉ်များဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်(တိုင်းစစ်ဌာနချုပ်)အစီအစဉ်ဖြင့်သာ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သော ကြောင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် မူဆယ်ခရိုင်၌ BP စာအုပ် ၈၇,၅၆၉အုပ် လက်ကျန် ရှိပြီး BP စာအုပ် ၉၀,၀၀၀ကို ယာဉ်တန်းကြုံဖြင့် ပို့ဆောင်ရန်စီစဉ်လျက်ရှိကြောင်း ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ဝန်ကြီးဌာနအတွက် စိုးရိမ်ပူပန်မှုများစွာနှင့် အကြိမ်ကြိမ် မေးမြန်းသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။